News

POST TYPE

INTERVIEW

သက်မွန်မြင့်နဲ့ တွေ့ဆုံခြင်း
05-Feb-2018
“သူချစ်တဲ့သူကို တစ်ယောက်ယောက်က ဖက်တာတို့ ဘာတို့ဆို သူခံစားရတယ်လို့ 
ပြောဖူးတော့ စိတ်တော့မကောင်းဘူးပေါ့” 

နာမည်ကျော် သရုပ်ဆောင် သက်မွန်မြင့်နဲ့တွေ့ဆုံပြီး လက်ရှိ ရုံတင်ပြသနေတဲ့ “ဥပါယ်တံမျဉ်” ဇာတ်ကားရဲ့ အောင်မြင်မှုအပေါ် ခံစားမှု၊ ဇာတ်ကားမှာ Love Scene ရိုက်ဖြစ်ခဲ့တဲ့အကြောင်းနဲ့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင် ဦးစီးပြီးလုပ်နေတဲ့ “Zayat” အစီအစဉ်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဥပါယ်တံမျဉ် ရုပ်ရှင်က ဒါရိုက်တာအသစ်၊ သရုပ်ဆောင်အသစ်တွေနဲ့ သက်မွန်ရိုက်ခဲ့တဲ့ ဇာတ်ကားနော်။ ဒီဇာတ်ကားကို စလက်ခံခဲ့တုန်းက ဒီလောက်အထိ အောင်မြင်မှုရလိမ့်မယ်လို့ ထင်ခဲ့လား။
TMM : ဒီကားရိုက်ဖို့ ကိုယ့်ကို လာပြောတုန်းက အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာတော့ အများကြီးတော့ မှန်းလို့မရဘူးပေါ့လေ။ သက်မွန်တို့ အနုပညာလောကမှာက ကံနဲ့စန်းနဲ့ကလည်း အရမ်းကို အရေးကြီးပါတယ်။ ဒါကတော့ ကိုယ်လည်း ကြိုမြင်လို့မရတဲ့ အရာတွေပေါ့လေ။ ဒါပေမဲ့ ဒါရိုက်တာ ခရစ်တီးနားခီရိုက်တဲ့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကိုတော့ သက်မွန် ကြည့်ဖူးတယ်။ သူ ရိုက်ထားတာလေးတွေကို အရမ်းသဘောကျတဲ့အတွက် သူနဲ့လက်တွဲချင်တယ်။ ဇာတ်လမ်းကို သိရတဲ့အချိန်မှာလည်း သက်မွန်မရိုက်ဖူးသေးတဲ့ ကာရိုက်တာဖြစ်နေတဲ့အတွက် ရိုက်ချင်တာကြောင့် လက်ခံဖြစ်သွားတာပါ။

Voice : ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရခဲ့ပေမယ့် အနုပညာလောကထဲက အနုပညာရှင်တချို့ကတော့ ဝေဖန်ခဲ့ကြတာလည်း ရှိတယ်။ ဒီအပေါ်မှာရော သက်မွန်ဘယ်လိုခံစားရလဲ။
TMM : ဒါကတော့ စိတ်အခန့်မသင့်လို့၊ အထင်လွဲစရာလေးတွေဖြစ်လို့ နားလည်မှုလေးတွေ လွဲသွားကြတယ်လို့ပဲ သက်မွန်ယူဆပါတယ်။ ကိုယ့်အနေနဲ့ကတော့ ကိုယ့်အနုပညာ လောကသားအချင်းချင်း အကုန်လုံးကို ချစ်ချစ်ခင်ခင်နဲ့ လက်တွဲစေချင်ပါတယ်။ ကိုယ်တော်တဲ့အပိုင်း၊ ကိုယ်တတ်နိုင်တဲ့ကဏ္ဍကနေပြီး သက်မွန်တို့ အားလုံးချစ်တဲ့ ရုပ်ရှင်လောကကြီးကို ပိုပြီးတော့ တိုးတက်အောင် ကြိုးစားကြရင်တော့ ကောင်းတာပေါ့။ သက်မွန်ကတော့ အဲ့ဒီလိုပဲ မြင်ပါတယ်။

Voice : ဒီရုပ်ရှင်ဇာတ်ကားမှာ မင်းသားနဲ့ Love Scene ရိုက်ခဲ့တဲ့ အတွေ့အကြုံကိုလည်း ပြောပေးပါဦး။ ဒါမျိုးက သက်မွန်လည်း ပထမဆုံးရိုက်ဖူးတာဆိုတော့ အခက်အခဲတွေ ရှိမယ်ထင်ပါတယ်။
TMM : ကိုယ်က ဇာတ်လမ်းနဲ့ ကာရိုက်တာကိုကြိုက်လို့ ဒီကားကို ရိုက်ဖို့လက်ခံခဲ့တာပေါ့နော်။ ဒါပေမဲ့ ဇာတ်သိမ်းက သက်မွန်ကို စပြီး ပြောတဲ့အချိန်တုန်းက အဲ့ဒီလိုမဟုတ်ဘူး။ ကိုယ်ကတော့ ကိုယ့်ကာရိုက်တာအတွက် တစ်ဆုံးကိုတွေးပြီး လက်ခံထားတာပေါ့နော်။ ဒါပေမဲ့ သူတို့က သက်မွန်ကို သနားလို့ဖြစ်လိမ့်မယ်။ ဇာတ်သိမ်းကို အပြောင်းအလဲလေး လုပ်ပေးထားပါတယ်။ Love Scene ကကျတော့ ကိုယ်လည်း မရိုက်ဖူးတဲ့အတွက် စိတ်ထဲမှာတော့ မကောင်းဘူးပေါ့နော်။ ဒါပေမဲ့ ဒါက အလုပ်လုပ်တာပဲ။ သူတို့က ကိုယ့်ကို အခွင့်အရေးယူပြီး အနိုင်ကျင့်တာလည်း မဟုတ်ဘူးလေ။ ဘာစိတ်မှလည်း မရှိဘူးဆိုတော့ အနုပညာအတွက်ဆိုတဲ့ စိတ်တစ်ခုနဲ့ ကျော်လွားနိုင်ခဲ့ပါတယ်။ ကိုယ့်ကို ဘာမှလည်း မထိခိုက်လောက်ပါဘူးဆိုပြီး ရိုက်ခဲ့ပါတယ်။

Voice : ဒီဇာတ်ကားကို ခင်ပွန်းဖြစ်တဲ့ ကိုစစ်နိုင်နဲ့ အထူးပွဲမှာ နှစ်ယောက်အတူကြည့်တုန်းကရော Love Scene နဲ့ပတ်သက်ပြီး သူက ဘာပြောသေးလဲ။
TMM : သူ့ကို အားတော့အားနာရပါတယ်။ တကယ်တမ်းပြောရရင် သူက သက်မွန်ထက်ပိုပြီး သဝန်တိုတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် သဝန်တိုလှပြီ ထင်နေတာ။ သူက ပိုပြီးတော့ တိုတတ်တယ်။ ကိုယ့်ယောက်ျားကို ဘေးမှာထားပြီးတော့ ဥပါယ်တံမျဉ်ဇာတ်ကားကို ကြည့်ရတော့ စိတ်ထဲတော့မကောင်းဘူးပေါ့နော်။ သူ ဖီလင်ဖြစ်မှာလည်း စိုးတယ်။ သူက နဂိုကတည်းက ပြောဖူးတယ်။ သူချစ်တဲ့သူကို တစ်ယောက်ယောက်က ဖက်တာတို့ ဘာတို့ဆို သူ ခံစားရတယ်လို့ ပြောဖူးတော့ စိတ်တော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ သူက လူကြီးတစ်ယောက်လိုဖြစ်နေတော့ နားလည်ပေးနိုင်တယ်။ ကိုယ် ဒီအနုပညာအလုပ်ကို လုပ်ချင်တယ်ဆိုတော့လည်း ကိုယ်စိတ်ချမ်းသာဖို့ သူပေးလုပ်တယ်။ ကိုယ့်ကိုလည်း ယုံကြည်မှုရှိတယ်၊ နားလည်မှုရှိတယ်ဆိုတော့ ဒီအလုပ်နဲ့ပတ်သက်ပြီး စကားများတာမျိုးတော့ မရှိပါဘူး။ သူ နေတတ်ပါတယ်။ ကိုယ်လည်း သိပ်မချော့ရပါဘူး။

Voice : သက်မွန်ရဲ့ခင်ပွန်းဖြစ်တဲ့ ကိုစစ်နိုင်က လူငယ်တွေအတွက် “ဇရပ်” ဆိုတဲ့ အစီအစဉ်လေးတစ်ခု လုပ်နေတယ်လို့ သိရတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။
TMM : အဲ့ဒါကတော့ နယ်ပယ်အသီးသီးက လူငယ်တွေ ချိတ်ဆက်လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “ဇရပ်” ဆိုတာလေးကို လုပ်ဖြစ်တာပါ။ ဒါလေးက လူငယ်တွေအတွက် အများကြီးအကျိုးရှိမယ်လို့ သက်မွန်ထင်ပါတယ်။ တချို့လူငယ်တွေကျတော့ တော်ရဲ့သားနဲ့ အရည်အချင်းရှိရဲ့သားနဲ့ အဆက်အသွယ်ကောင်းမရှိလို့ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်မဖော်နိုင်ကြတာမျိုး ရှိတယ်။ ဒီဇရပ်အစီအစဉ်လေးကို လာပူးပေါင်းလိုက်ရင် လူငယ်တွေအချင်းချင်း ချိတ်ဆက်မိသွားမယ်။ သူတို့အတွက် လမ်းစလေးတွေ ရှာတွေ့သွားမယ်လို့ သက်မွန်ထင်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာလည်း “Zayat”ဆိုပြီး Page လေးတစ်ခု ဖွင့်ထားပါတယ်။ အဲ့ဒီမှာ စိတ်ဝင်စားတဲ့လူငယ်တွေအားလုံး လာရောက်ချိတ်ဆက်လို့ရပါတယ်။

သန့်ဇင်ဦး