News

POST TYPE

INTERVIEW

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်ကို Carnegie Council က မြန်မာ့အရေး တွေ့ဆုံမေးမြန်းမှု
04-Feb-2018



“ကျွန်တော်တို့က မြန်မာပြည်ကို ကယ်တင်ဖို့မဟုတ်ဘူး။ ကယ်တင်ဖို့ဆိုတာလည်း အမေရိကန်ပြည်ထောင်စု အလုပ်မဟုတ်ဘူး”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆင် မနုတ်ထွက်မီ ဤအင်တာဗျူးကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Carnegie Council က ဖော်ပြထားပါသည်။ မေးခွန်းအချို့မှာ လမ်းကြောင်းမေးခွန်းဟု ဆိုနိုင်သော်လည်း ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတာဝန် ထမ်းဆောင်ခဲ့သော ဒဲရစ်မစ်ချယ်သည် မျှမျှတတ ပြန်လည်ဖြေကြားသွားသည်ကို တွေ့နိုင်မည်ဖြစ်ပါသည်။ မူရင်းအင်တာဗျူးခေါင်းစဉ်ကိုပင် Moral Leadership Missing in Burma ဟု တပ်ထားသော်လည်း မစ်ချယ်၏ ဖြေကြားချက်တွင် ယင်းသဘောမျိုးမပါဝင်ဘဲ မေးမြန်းသူက လမ်းကြောင်းပြောဆိုသည့် စကားလုံးသာဖြစ်သည်ကို တွေ့ရပါသည်။ မစ်ချယ်၏ အမြင်တိုင်းကို လက်ခံနိုင်ကြမည်မဟုတ်သော်လည်း မြန်မာ့အရေးကို ထဲထဲဝင်ဝင် ပတ်သက်ခဲ့သော အမေရိကန်သားတစ်ဦး၏ အမြင်မှာ တွေးချင့်ချိန်စရာဖြစ်သည်ဟု ယူဆသောကြောင့် ဒေါ်နယ်ထရမ့်အပေါ် အမြင်မှအပ ကျန်အပိုင်းများကို အပြည့်အစုံ ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။ ရိုဟင်ဂျာဆိုသော အသုံးအနှုန်းအများစုကို ဘင်္ဂါလီဟု ပြောင်းလဲဖော်ပြထားသော်လည်း စကားစပ်အရ ပေါ်လွင်စေရန် လိုအပ်သည့်နေရာအချို့တွင်သာ ရိုဟင်ဂျာအသုံးအနှုန်းအတိုင်း ဖော်ပြထားပါသည်။

မေး ။ ။ အိုဘားမားအစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ပြန်လည်ချဉ်းကပ်မှုမှာ ခင်ဗျားက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်နော်။ ခင်ဗျားနဲ့ မိတ်ဆွေဟောင်းကြီး ကာ့ဒ်ကင်းဘဲလ်တို့ပေါ့။ အိုဘားမားခေတ်မှာ မျှော်လင့်အားတက်မှုတွေ အများကြီးရှိခဲ့တယ်နော်။ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုကြီးတွေထဲက တစ်ခုတောင် ဖြစ်လာနိုင်ခဲ့တာ၊ မြန်မာနဲ့ ကျူးဘားအရေးတွေမှာပေါ့။ အမေရိကန်ရဲ့ မြန်မာ့အရေးမူဝါဒနဲ့ ပတ်သက်လို့ ခင်ဗျားလုပ်ကိုင်ခဲ့တဲ့အချိန်ကို ပြန်ကြည့်ပြီး ကိစ္စတွေကို ပြန်ဆင်ခြင်ကြည့်နိုင်မလား။ ကျွန်တော်တို့ မြန်မာပြည်အရေးမှာ အရမ်းများ မြန်သွားလေသလား၊ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ဝေဖန်စရာ အမှားထောက်စရာများ ရှိခဲ့လေသလားဆိုတာ။
ဖြေ။ ။ ဟုတ်တယ်။ ဒီလိုမေးခွန်းတွေက အမြဲပေါ်လာနေတယ်။ သေချာတာကတော့ ကျွန်တော်အပါအဝင် သံရုံးကလူတွေ၊ ကျွန်တော်နဲ့ လက်တွဲလုပ်ခဲ့ကြသူတွေကလည်း ဒီအကြောင်းကို တွေးမိကြတာပဲ။ ရခိုင်အရေးမှာ ငါတို့ ဒီထက်ပိုပြီး မလုပ်ပေးနိုင်ခဲ့ဘူးလားဆိုတာမျိုးပေါ့။ ဒီအတွက် နေရာတစ်ခုတော့ရှိပါတယ်။ ကျွန်တော့် ဘာသာပြန်ပြောတဲ့ မှတ်တမ်းပုံစံမျိုးရေးနေတာ တစ်ခုတော့ရှိတယ်။ အဲဒီစာအုပ် ရေးနေပါတယ်။

မေး ။ ။ ခေါင်းစဉ်ရပြီလား။
ဖြေ။ ။ Myanmar Days ပေါ့။ (ဂျော့ခ်ျ) အော်ဝဲလ်ရဲ့ Burmese Days လိုမျိုးလေ။

မေး ။ ။ ကောင်းသားပဲ၊ ပါးနပ်တဲ့နာမည်ပဲ။
ဖြေ။ ။ ဒါမှ တခြားသူတွေ ခိုးလို့မရမှာလေ။

မေး ။ ။ ကျွန်တော်တော့ သဘောကျမယ် ထင်တာဗျ။ ကျိန်းသေပေါက် ဖတ်ဖြစ်မှာပါ။
ဖြေ။ ။ အင်း ကျွန်တော်ရေးဖြစ်အောင် ရေးရမယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြန်ဖတ်ချင်တာ။

မေး ။ ။ နှောင့်ယှက်ရတာ တောင်းပန်ပါတယ်ဗျ၊ ရှေ့ဆက်လက်ကြရအောင်။
ဖြေ။ ။ ဒါပေမဲ့ (လုပ်ခဲ့တာတွေကို) ပြန်သုံးသပ်ရင်ဆိုတဲ့ အိုင်ဒီယာပေါ့ဗျာ။ ဒါကို အကျယ် ပြန်ပြောပါရစေ။ ကျွန်တော့်မှာ နောင်တရစရာမရှိဘူး။ ရခိုင်ပြဿနာ၊ ရခိုင်ပြဿနာဟာ ကျွန်တော်ရှိတဲ့အချိန်ကတည်းက အမည်းစက်တစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်အမြဲပြောတယ်၊ ဒါပေမဲ့ ကျွန်တော့်မျှော်လင့်ချက်တွေနဲ့ ကျွန်တော်တို့မူဝါဒအပေါ် ကျွန်တော့်အမြင်ကတော့ ခိုင်ခိုင်မာမာရှိခဲ့တယ်။

ဒီအတွက် ကျွန်တော့်အမြင်က လုံးဝ လက်တွေ့ဆန်တယ်။ ကျွန်တော်တို့က မြန်မာပြည်ကို ကယ်တင်ဖို့မဟုတ်ဘူး။ ကယ်တင်ဖို့ဆိုတာလည်း အမေရိကန်ပြည်ထောင်စု အလုပ်မဟုတ်ဘူး။ ဒီတိုင်းပြည်ရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုအတွက် ကျွန်တော်တို့မှာ တာဝန်မရှိဘူး။ ကျွန်တော်ရှိစဉ်တုန်းက အောင်မြင်တိုးတက်တယ်ဆိုတဲ့ ကာလအတွင်းမှာလည်း အောင်မြင်မှုအတွက် ကျွန်တော်တို့မှာ တာဝန်မရှိခဲ့ဘူး။ မြန်မာပြည်သူတွေ လုပ်ခဲ့ကြတာပဲ။ သူတို့ အတိဒုက္ခရောက်ခဲ့တယ်။ သူတို့ ရုန်းကန်ခဲ့တယ်။ ဒီအတွက် ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုက တိုင်းတာလို့ရတဲ့ သက်ရောက်မှုမျိုးတော့ ရှိခဲ့တာပေါ့။ ဒီနေရာမှာ ဒီလိုဖြစ်ဖို့ အခွင့်အရေးတစ်ခုရအောင် ကျွန်တော်တို့ လုပ်ပေးနိုင်ခဲ့တာအတွက် ကျွန်တော် အရမ်းဂုဏ်ယူတယ်။ ဒါကို ကျွန်တော်တို့တွေ ရွေးကောက်ပွဲမှာ မြင်ခဲ့ရတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမှုမှာ မြင်ခဲ့ရတယ်။ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတာဗျ။ ကျွန်တော် နောင်တမရဘူး။

တခြားနေရာတွေထက်စာရင် ကျွန်တော် ရခိုင်မှာ အချိန်အကြာကြီး ကုန်ဆုံးစေခဲ့တယ်။ နေပြည်တော်ကလွဲလို့ပေါ့၊ ရန်ကုန်ကတော့ ကျွန်တော်နေတာဆိုတော့ ထားတော့။ အဲဒီကို တစ်ခေါက်ပြီးတစ်ခေါက် သွားတယ်၊ ဒီကိစ္စကို အကြီးအကျယ်အာရုံစိုက်ခဲ့တယ်၊ ဒီအတွက် မဟာဗျူဟာကျကျ တွေးကြည့်ခဲ့တယ်၊ ရန်ကုန်မှာ ကော်မရှင်ထူထောင်တဲ့အထိ ဖြစ်လာတယ်။ သူတို့ကို သတိပေးခဲ့တာက “အချိန်က ခင်ဗျားတို့ဘက်မှာမရှိဘူး။ ခင်ဗျားတို့ အကျိုးစီးပွားအတွက် ဒီရှေ့က ခင်ဗျားတို့ ရုန်းမထွက်နိုင်ရင် ဒါက ခင်ဗျားတို့အတွက် အလုပ်ဖြစ်မှာမဟုတ်ဘူးနော်”လို့ သတိပေးခဲ့တယ်။

တကယ်လည်း သူတို့မနိုင်ဘူးဗျ။ အခုဖြစ်နေတာကနေ ရခိုင်ပြည်သူတွေလည်း မနိုင်ဘူး။ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေတွေကနေ ဗမာတွေလည်း အနိုင်ရနေတာ မဟုတ်ဘူး။

မေး ။ ။ ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ။
ဖြေ။ ။ အဲဒီအတွေးအကြောင်း ကျွန်တော် အရင်နိဂုံးချုပ်ပါရစေဦး။ ကျွန်တော်တို့ အရမ်းမြန်မြန် လှုပ်ရှားလိုက်မိတယ်လို့ ကျွန်တော်မထင်ဘူး၊ ကျွန်တော် မယုံကြည်ဘူး။ ကျွန်တော်တို့ ခြေလှမ်းမှန်မှန်လျှောက်ခဲ့တယ်၊ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ရှိခဲ့တယ်လို့ထင်တယ်။ မှန်မှန်ကန်ကန် ဖြစ်မလာခဲ့ရင်လည်း ကျွန်တော်တို့က တစ်နည်းနည်းနဲ့ တာဝန်ရှိတယ်ရယ်လို့တော့ မခံစားရဘူး။ အကယ်၍ အရေးယူပိတ်ဆို့မှုတွေသာ ရှိသေးရင် သူတို့တွေ အခုဘင်္ဂါလီတွေကို ဆက်ဆံသလိုမျိုး ဆက်ဆံကြမှာမဟုတ်ဘူးဆိုတာကလည်း ကျိုးကြောင်းဆီလျော်တဲ့ ရှုမြင်သုံးသပ်မှုမျိုး မဟုတ်ဘူး။ ကျုပ်တို့မှာ လူတွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ထင်တာမျိုးက ပွင့်ပွင့်လင်းလင်းပြောရရင် နည်းနည်း စိတ်ကြီးဝင်ရာရောက်တယ်လို့ ထင်တယ်။

မေး ။ ။ ခင်ဗျားဆိုလိုချင်တာက ဘင်္ဂါလီတွေလည်း မနိုင်ဘူးပေါ့ ဟုတ်လား။
ဖြေ။ ။ ကျွန်တော်ပြောတာက ရခိုင်လည်း မနိုင်ဘူးလို့ပါ။ ဒီကိစ္စမှာ သူတို့က အနိုင်ရသူတွေမဟုတ်ဘူး။ ဒီလူတွေကို နှင်ထုတ်လိုက်ရုံနဲ့ သူတို့နိုင်တယ်၊ တစ်ယောက်ယောက်နိုင်တယ်၊ မြန်မာနိုင်တယ်ဆိုတာမျိုး မဟုတ်ဘူး။ သူတို့ အထီးကျန်ဖြစ်သွားတယ်။ သူတို့ရဲ့ဂုဏ်သိက္ခာ ချေဖျက်ခံလိုက်ရတယ်။ တချို့နိုင်ငံတွေကလွဲရင် ရင်းနှီးမြှုပ်နှံမှုတွေ ရတာမဟုတ်ဘူး။ ပြီးတော့ တရုတ် ဒါမှဟုတ် တခြားနိုင်ငံတချို့ပဲ ဝင်လာတာမျိုးကို သူတို့လိုချင်မယ်လို့လည်း ကျွန်တော်မထင်ဘူး။သူတို့က အနောက်ကမ္ဘာ ဝင်လာစေချင်တာ။ ရခိုင်တွေကိုယ်တိုင်လည်း အတိ ဒုက္ခရောက်နေတာပဲ။ အဲဒါက ဒီကိစ္စကို စစဉ်းစားကတည်းက ကျွန်တော်တို့ နားလည်ထားဖို့ လိုတဲ့အချက်လို့ ကျွန်တော်ထင်တယ်။ သူတို့ကိုယ်သူတို့ ထိခိုက်နစ်နာသူတွေလို့ ခံစားနေရတယ်၊ မဖွံ့ဖြိုး မတိုးတက်ဘူးလို့ ခံစားနေရတယ်။ ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရတယ်၊ သူတို့ကို နားလည်မှုလွဲနေကြတယ်။ ဒါတွေအကုန်လုံးက အမှန်တွေပဲ။ ဒါက တခြားသူအပေါ် ရန်လိုတာအတွက် ခုခံချေပစရာ အကြောင်းရင်းခံတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်ပြောချင်တာလည်း အဲဒီသဘောမဟုတ်ဘူးလေ၊ ဒါပေမဲ့ ရခိုင်တွေဟာ သူတို့လိုချင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုမျိုး ရမနေဘူး၊ သူတို့လိုချင်တဲ့ လေးစားသမှုမျိုး မရဘူး၊ ကျိန်းသေတာကတော့ လုံခြုံစိတ်ချရမှုမျိုး ရမနေဘူး။ စစ်ဘက်က ဒီလိုလုပ်လိုက်လို့ သူတို့ ပိုပြီး လုံခြုံစိတ်ချရတယ်ထင်ရတော့ တကယ်တမ်းမှာ အရင်ကလောက်ကို မလုံခြုံတော့ပါဘူး၊ ဘာလို့လဲဆိုတော့ ကမ္ဘာမှာ အဆိုးဆုံးလှုပ်ရှားသူအချို့ရဲ့ အာရုံစိုက်မှုကို ရသွားလို့ပါ။ ဒါကြောင့် ဒီကိစ္စကနေ ဘယ်သူမှမနိုင်ပါဘူး။

မေး ။ ။ အဆိုးဆုံးလှုပ်ရှားသူတွေရဲ့ အာရုံစိုက်မှုရသွားတယ်ဆိုတာ ရခိုင်က အခု အကြမ်းဖက်ဝါဒရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ ခင်ဗျားထင်တာလား။
ဖြေ။ ။ တချို့ကတော့ ဩဂုတ်လအတွင်းက တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ Arakan Rohingya Salvation Army (ARSA) ကို အကြမ်းဖက်ဝါဒလို့ ပြောချင်ပြောမယ်။ ကျွန်တော် ဒီကိစ္စကို မငြင်းခုံချင်ဘူး။ ဒီလိုနည်းလမ်းနဲ့ အကြမ်းဖက်ဝါဒကို ခင်ဗျားဘယ်လိုဖွင့်ဆိုမလဲဆိုတာ ကျွန်တော်လည်းမသိဘူး။

ဆိုပါတော့ လူတိုင်းက ဒီကိစ္စနဲ့ ရင်ဆိုင်နေရတာပဲ။ ဘယ်နိုင်ငံမှာမှ လွတ်တယ်ရယ်တော့ မရှိဘူး။ ကျွန်တော် (မြန်မာပြည်မှာ) ရှိတုန်းက ညဘက် အိပ်မပျော်ရတဲ့ကိစ္စပါ။ ဒီအတိုင်း ရှည်ကြာလေလေ၊ အစွန်းရောက်အကြမ်းဖက် မွတ်ဆလင်ဆိုတာ ပိုများလာလေလေ ဖြစ်မယ်၊ အယ်လ်ကေဒါပဲဖြစ်ဖြစ် Islamic State of Iraq and Syria (ISIS) လည်း ဖြစ်ချင်ဖြစ်မယ်၊ သူတို့က ဒီလိုကိစ္စတွေကို အာရုံစိုက်တာ။ ဒီလူတွေအတွက် ပြင်းထန်တဲ့ ဆောင်ရွက်ချက်တွေလုပ်ဖို့ ဒါက မက်လုံးတစ်ခုဖြစ်လာလိမ့်မယ်။ ဒါကြောင့် ဟုတ်တယ်ပဲ ပြောရမှာပါ၊ ဆိုပါတော့ ကျွန်တော် နှစ်နဲ့ချီပြီး ပူပန်ခဲ့တာလည်း အဲဒါပဲ။

မေး ။ ။ ဒဲရစ်ရေ၊ ခင်ဗျားအတွက် နောက်ထပ် ခက်ခဲတဲ့မေးခွန်းတစ်ခုပေါ့။ ဒီမေးခွန်းတွေက တစ်ခုမှ မလွယ်ပါဘူး။
ဖြေ။ ။ မလွယ်ပါဘူး။ ကျွန်တော်လည်း မျှော်လင့်ထားပြီးသားပါ။

မေး ။ ။ ကျေးဇူးပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရအောင်။ သူက အခု ကမ္ဘာ့မီဒီယာအလယ်မှာ ဆိုးဆိုးရွာရွား ပုတ်ခတ်ခံနေရတယ်ပေါ့။ ဒါက တကယ်လည်း ပိုပိုဆိုးလာပါတယ်။ သူ့အနေနဲ့ ဒီလိုဂုဏ်သတင်းထိခိုက်ဖို့ ထိုက်တန်ရဲ့လား။ တခြားနည်းပြောရရင် သူ ဘယ်လိုလုပ်နေသလဲဆိုတာကို အကဲဖြတ်ရုံတင်မကဘဲ သူကိစ္စတွေကို ကိုင်တွယ်နေတာဟာ နည်းမှန်လမ်းမှန် ဖြစ်လား၊ ဦးစားပေးမှုတွေ မှန်ကန်ရဲ့လားဆိုတာပါ။ ဘယ်လို ထင်ပါသလဲ။
ဖြေ။ ။ ပထမဆုံးပြောရမှာက ကျွန်တော်ထင်တာကတော့ ဒါအသရေဖျက်နေတာပါ။ တခြားစကားလုံးလည်း ရှာမရပါဘူး။ သူ့အပေါ်မှာ အာရုံစိုက်မှုက လွန်လွန်ကျူးကျူး ဖြစ်လွန်းတယ်လို့ ထင်တယ်။ သူ့ ခေါင်းဆောင်မှုအပေါ်မှာ၊ သူ ဒါကို ကိုင်တွယ်တဲ့အပေါ်မှာ တရားဝင်တဲ့ ဝေဖန်စရာမျိုးမရှိဘူးလို့ ကျွန်တော်ပြောတာမဟုတ်ဘူး။ ကျွန်တော် ဒါကို လူသိရှင်ကြား ပြောခဲ့ပြီးပါပြီ။ ဩဂုတ်လမှာ ဖြစ်ခဲ့တာတွေမတိုင်မီကတည်းက ကျွန်တော် ဒီကိစ္စကို စိန်ခေါ်ခဲ့ဖူးပါတယ်။ သူကြိုက်လောက်မှာမဟုတ်တဲ့ ဆောင်းပါးတစ်စောင် ရေးခဲ့ဖူးတယ်။ တစ်နှစ်ကြာပြီးတဲ့နောက်မှာ NLD အပေါ်မှာ အားမရတာတွေ ရှိနေတဲ့အကြောင်းနဲ့ သူ့အနေနဲ့ ပွဲကို အရှိန်တင်ဖို့လိုတဲ့အကြောင်းပေါ့။ အခု ဩဂုတ်လမှာ ဖြစ်သွားတာတွေနဲ့ကျ ပိုဆိုးသွားတော့တာပေါ့။
ဒီကိစ္စမှာ သူတို့အနေနဲ့ ရှေ့ကရောက်နေဖို့လိုတယ်။ သူ့အနေနဲ့က တိုင်းပြည်ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အခြေခံကျကျ ဦးဆောင်ဖို့လိုတယ်။ သူ ရှေ့ထွက်မလာဘူး၊ အုပ်ချုပ်တော့ အုပ်ချုပ်နေတယ်၊ ဒါပေမဲ့ မအုပ်ချုပ်နိုင်ဘူး။ အခုက တိုင်းပြည်သစ်ကို ထူထောင်တဲ့အခိုက်အတန့်ဗျ။ နိုင်ငံသစ်။ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဒုတိယမြောက်လှုပ်ရှားမှုပဲလို့ သူပြောခဲ့ဖူးတယ်။ သူ့ဖခင်က ပထမ လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့တာ၊ သူက ဒုတိယမြောက်ပေါ့။
သူ ရွေးကောက်ပွဲနိုင်တယ်။ ဒါကြောင့် နိုင်ငံသစ်ထူထောင်နိုင်ပြီပေါ့။ ဘယ်အပေါ်မှာ အခြေခံတာလဲ၊ ဒီတိုင်းပြည်ရဲ့ မူဝါဒတွေက ဘာလဲ။ ဒီတိုင်းပြည်ရဲ့ မျှော်မှန်းချက်က ဘာလဲ။ သူ့အနေနဲ့ တိုင်းပြည်မှာ နှစ်ယောက်မရှိတဲ့ ပုဂ္ဂိုလ်အဖြစ် လူတိုင်းက မျှော်ကြည့်ရတဲ့သူတစ်ယောက်အနေနဲ့ ဒီမူဝါဒတွေကို သူချပြဖို့ လိုတယ်ဗျ။ ဒါပေမဲ့ ချမပြနိုင်ဘူး။

မေး ။ ။ ကိုယ်ကျင့်တရားခေါင်းဆောင် (Moral Leader) တစ်ယောက်လိုလား။
ဖြေ။ ။ ကိုယ်ကျင့်တရားခေါင်းဆောင်။ အင်း ပြောရရင် ဂျက်ဖာဆင်လည်း တစ်နည်းနည်းနဲ့တော့ ပြည့်စုံတဲ့သူမဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ တိုင်းပြည်ထူထောင်တဲ့ ဖခင်ကြီးတွေလည်း ဘယ်သူမှ ပြီးပြည့်စုံကြတာမဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့တွေက ကျွန်တော်တို့ ပြန်ပြောလောက်စရာ မူဝါဒတွေ ချသွားခဲ့တယ်။ “ဒါတွေဟာ ငါတို့ရဲ့ လမ်းပြကြယ်တွေပဲ၊ ဒါတွေဟာ ငါတို့ ကြိုးပမ်းအားထုတ်တဲ့ အရာတွေပဲ။ ဒီကနေ့ အမေရိကဟာ နောက်ပြန်ရောက်နေတယ်၊ ဒီအရာတွေကို ကျွန်တော်တို့ ဘယ်တုံးကမှလည်း မအောင်မြင်ခဲ့ဘူးဆိုရင်တောင်မှပေါ့။ လူတိုင်းဟာ သာတူညီမျှဖြစ်တယ်၊ လူတိုင်းဟာ ဥပဒေရှေ့မှောက်မှာ သာတူညီမျှ တရားစီရင်ပိုင်ခွင့် ရှိရမယ်ဆိုတာတွေပေါ့”။ ဒါတွေကို ကျွန်တော်တို့ တစ်ဆင့်ချင်း ကိုင်တွယ်ရမှာပေါ့။

ဒါကြောင့် လူတွေက သူ့ကိုကြည့်တဲ့အခါ၊ ကျွန်တော် သူ့ကိုကြည့်တဲ့အခါ အရာရာတိုင်းကို လုပ်တာပြည့်စုံတယ်၊ မပြည့်စုံဘူးဆိုတာကို ကြည့်တာမဟုတ်ဘူး။ သူတို့စောင့်ကြည့်တာက သူဟာ လိုအပ်တယ်လို့ ယူဆတဲ့ ခေါင်းဆောင်မှုမျိုး မပေးနိုင်ဘူးလား ဆိုတာကိုပဲ ကြည့်တာ။ ဘင်္ဂါလီကိစ္စပဲဖြစ်ဖြစ်၊ ရိုက်တာက ဂျာနယ်လစ်တွေ အဖမ်းခံရတာမှာပဲဖြစ်ဖြစ် အဲဒီလိုဟာမျိုးမှာ အရမ်းအာရုံစိုက်ခံရတာက အကြောင်းပြချက်ကောင်းရှိတယ်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်တဲ့မီဒီယာဟာ အရမ်းအရေးကြီးတယ်ဆိုတာမျိုး သူပြောတာကို ကျွန်တော်တို့ မကြားရဘူး။ သူ့အနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်အပေါ် မထိန်းချုပ်နိုင်တာလည်း ရှိကောင်းရှိမယ်၊ ဒါမှမဟုတ် ဒီလူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းလိုက်တာလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဆိုလိုတာက စစ်ဘက်ကပေါ့ဗျာ။ အဲဒီအခါ “တရားဥပဒေစိုးမိုးမှုပဲ။ ငါသွားထိလို့မရဘူး၊ ပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးကာမှ ပေးရောပေါ့”ဆိုတာမျိုး သူယူဆကောင်း ယူဆနေနိုင်တယ်။ ဒါက အရင်အစိုးရတုန်းကလည်း ဖြစ်ခဲ့တာမျိုးပဲ။ ဒါပေမဲ့ သူ ထုတ်ဖော်ပြောနိုင်တယ်။ သူ့မှာ ဒီလိုပြောနိုင်တဲ့အသံရှိတယ်၊ သူဦးဆောင်နိုင်စွမ်းရှိတယ်၊ အဲဒါကို လုံလောက်တဲ့အထိ မလုပ်တာပဲ။

ဒါပေမဲ့ ကျွန်တော်ထင်တာက ခင်ဗျား ဒီမေးခွန်းကိုမေးတာလည်း ဝမ်းသာတယ်၊ အရမ်းအရေးကြီးတဲ့ကိစ္စက သူ့အပေါ်မှာပဲ တစ်ဖက်သတ်အာရုံစိုက်တာပဲ၊ ကျွန်တော့်အမြင်ပြောရရင် ရခိုင်ပြည်နယ်မှာဖြစ်ပြီးတဲ့နောက် ပထမလမှာတင် သူ့အပေါ် အလွန်အကျွံ အာရုံစိုက်ကြတယ်။ ဒါဟာ သူ့အပေါ်ကို ထိခိုက်ရုံတင်မကဘဲ ဘင်္ဂါလီတွေအပေါ်လည်း ထိခိုက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီကိစ္စကို တော်တော်ဒေါသထွက်တယ်၊ ပြစ်တင်ဝေဖန်မှုအများစုက သူ့အပေါ်ပဲ ပုံချနေကြတယ်။ ထပ်ပြောရရင် သူလည်းပဲ တချို့ဝေဖန်မှုအချို့တော့ ခံသင့်ပါတယ်၊ ဒါပေမဲ့ အခုဟာက များလွန်းတယ်၊ စစ်ဘက်အပေါ်မှာကျတော့ လုံလောက်အောင်မရှိဘူး၊ ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာတွေ (Context) ကိုကျတော့ သေသေချာချာ နားမလည်ကြဘူး။ ဒါကြောင့် သူ နောက်ဆုတ်သွားတာပဲ။
အခု ကျွန်တော်ခံစားရတာက သူ့လက်ရှိအခြေအနေ ပြောပါတယ်။ သူက ထပ်ပြီးတော့ကို နားမထောင်တော့ဘူး။ ဒါကတော့ ခင်ဗျားလူတစ်ယောက်ကို တောက်လျှောက်တိုက်ခိုက်နေရင်၊ တွေးကြည့်လိုက်ပါ၊ လူပဲဗျာ၊ အခုဆိုရင် သူက အနောက်ကမ္ဘာကို မယုံတော့ဘူး၊ မီဒီယာကို မယုံတော့ဘူး၊ ကျွန်တော်ထင်တာတော့ သူ နားမထောင်တော့ဘူး၊ ပိုပြီးအထီးကျန်ဆန်လာတယ်၊ ဒါဟာ သူ့ကို၊ ဒီမိုကရေစီအတွက်ကို၊ ကူညီနိုင်တဲ့၊ ဒီတိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးကို ကူညီနိုင်တဲ့၊ လူ့အခွင့်အရေးကို ဂရုစိုက်တဲ့သူတွေအတွက် ပိုအရေးပါတဲ့ ဘင်္ဂါလီတွေကို ကူညီနိုင်တဲ့နည်းလမ်းနဲ့ ဒီအခြေအနေကနေ ဆွဲထုတ်ဖို့လိုအပ်တဲ့ ကျွန်တော်တို့ သူနဲ့ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း အထောက်အကူမဖြစ်တော့ဘူး။

မေး ။ ။ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့အခြေအနေကို အတိအကျ ပုံဖော်ဖို့ဆိုတာ စိန်ခေါ်မှုပေါ့။ အနောက်ကမ္ဘာတွေမှာ မြန်မာနိုင်ငံကို ပုံဖော်နေကြတာနဲ့ပတ်သက်လို့ ခင်ဗျားဘယ်လိုမြင်လဲ။
ဖြေ။ ။ မှန်ပါတယ်။ မျက်မြင်သက်သေခံမှုဆိုတာ လုံးဝလိုအပ်ပါတယ်။ ခင်ဗျားတို့လူတွေလွှတ်ပြီး ဘာဖြစ်နေလဲဆိုတာ ကြည့်ဖို့လိုမယ်။ ဒါကို မီးမောင်းထိုးပြထားနိုင်တာ၊ ဒုက္ခသည်စခန်းတွေက လူ ၇ သိန်းရဲ့ ဇာတ်လမ်းကို ပြောပြနိုင်တာ ကျွန်တော် တကယ် ချီးကျူးပါတယ်။ ဒီလိုဆက်ပြီး မီးမောင်းထိုးပြနိုင်ဖို့လိုပါတယ်။

ကျွန်တော်စိတ်ပူတာက အမြဲတမ်း ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ (Context) မပါတဲ့ကိစ္စပဲ။ ကျွန်တော်သံရုံးမှာတုန်းက အမြဲပြောလေ့ရှိတယ်၊ ဆက်စပ်စဉ်းစားရမယ့်အကြောင်းအရာ (Context) မပါတဲ့အချက်အလက် (Facts) ဆိုတာ အမှန်တရား မဟုတ်ဘူးဆိုတာ။ အချက်အလက် (Facts) တွေက မှန်ဦးတော့ ဆက်စပ်စဉ်းစားရမယ့်အကြောင်းအရာ (Context) မရှိရင် အမှန်တရားကို ပြည့်ပြည့်ဝဝ မရနိုင်ဘူး။ အမှန်တရားကို ပြည့်ပြည့်ဝဝ မသိရရင် ဖြေရှင်းနည်းအမှန်ကို ရှာနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ရှာဖွေနေတာက အဖြေတွေပဲ၊ ပြစ်တင်ရှုတ်ချတာတွေနဲ့ လွယ်ကူတဲ့ ကိုယ်ကျင့်သီလစံနှုန်းတွေကို မဟုတ်ဘူး။ ကျွန်တော်တို့က ဒီလူတွေကို ကူညီချင်တာ၊ ဘင်္ဂါလီတွေကို၊ မြန်မာပြည်ကိုလည်း ကူညီချင်တယ်၊ ရခိုင်ကိုလည်း ကူညီချင်တယ်။

ကျွန်တော် တော်တော်စိတ်ပျက်ရတာက ဥပမာ ပြောရရင်၊ နယူးယောက်တိုင်းမ်က နစ်ခ်ခရစ္စတော့ဖ်ပေါ့ဗျာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဆက်စပ်စဉ်းစားရမယ့် အကြောင်းတွေကို ကျွန်တော် တစ်နေရာမှာ ထည့်ပြောလိုက်သေးတယ်။ ဒါပေမဲ့ အဲဒါကို သူသိပ်ဂရုမစိုက်ဘူး။ ပြီးတော့ ဆောင်းပါးတွေရေးတယ်၊ ထပ်ပြောရရင် ဘင်္ဂါလီတွေရဲ့ အတိဒုက္ခတွေအကြောင်း သူပြောတဲ့ အချက်အလက်တွေ မှားနေတယ်ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ ဥပမာပြောရရင် စက်တင်ဘာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အသားလွတ်ကြီး တိုက်ခိုက်တာမျိုး၊ ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာတွေနဲ့ အကုန်လုံးခြုံမကြည့်ဘဲ “shame on you Daw Suu” တို့ ဘာတို့ လုပ်တယ်။ ဒါက တော်တော်ကြီးကို အကူအညီမဖြစ်တဲ့အပြင် တကယ်ကို လက်ခုပ်သံချူတာပဲ။

ဒါက ဘင်္ဂါလီတွေကိုလည်း အကူအညီမရပါဘူး။ သူ (ဒေါ်စု) နောက်ဆုတ်သွားတယ်၊ ဒီလူ (ခရစ္စတော့ဖ်) ကြောင့်ရယ် မဟုတ်ဘူး၊ ဒါပေမဲ့ လူတွေက ဒါတွေဖတ်နေရတာကိုး။ နယူးယောက်တိုင်းမ်သတင်းစာဆိုတာက အရေးပါတာကိုး။ ဒါက အချက်ပြလိုက်တာက လူတွေ့ ဒီကိစ္စရဲ့ ရှုပ်ထွေးနက်နဲမှုကို ပြည့်ပြည့်ဝဝနားလည်ဖို့ ဂရုမစိုက်ဘူးဆိုတာကိုပဲ။ ဒီတော့ ကျွန်တော်တို့ဘက်ကို နားထောင်တာလည်း နည်းသွားတာပေါ့။ ဒီလိုမျိုးက တော်တော်အကူအညီမရတာ၊ အထက်စီးကကြည့်တာမျိုးဗျ။ အချိန်ကြာလာတာနဲ့အမျှ ဒီမှာဘာတွေဖြစ်နေလဲဆိုတာ လူတွေပိုပြီး နားလည်လာကြလိမ့်မယ်လို့ ကျွန်တော် တကယ်မျှော်လင့်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ အဖြေတချို့ရနိုင်မှာပေါ့။

မေး ။ ။ နယူးယောက်တိုင်းမ်က ဒီလိုမျိုး သူတော်ကောင်းကြီးလို ဟိတ်ဟန်ထုတ်တဲ့ဆောင်းပါးမျိုး တင်ဆက်နေတော့ကာ ဘယ်လိုဟာမျိုး ဖတ်သင့်တယ်လို့ ခင်ဗျားအကြံပြုမလဲ။
ဖြေ။ ။ အင်း၊ ကျွန်တော်လည်း ဒါကိုပြောသင့်ပါတယ်။ ပြောလည်းပြောချင်ပါတယ်။ သူတို့ (နယူးယောက် တိုင်းမ်) မှာပဲ ရော်ဂျာကိုဟင်ရဲ့ ဆောင်းပါးတွေလည်း ပါတယ်ဗျ။ ရော်ဂျာကိုဟင်ကတော့ ဂျာနယ်လစ်ဇင်မှာ တွေ့ရသမျှထဲမှာ (ဒီကိစ္စနဲ့ပတ်သက်လို့)အကောင်းဆုံးဆိုတဲ့ ဆောင်းပါးလို့ ဆိုနိုင်တာမျိုး ရေးထားတာရှိပါတယ်။ (Myanmar Is Not a Simple Moral Tale by Roger Cohen, NYTimes ဆောင်းပါးကို ဆိုလိုသည်)

မေး ။ ။ ကျွန်တော် ဒီဆောင်းပါးကိုသိတယ်။
ဖြေ။ ။ ဒါက Sunday Times (နယူးယောက် တိုင်းမ်သတင်းစာ တနင်္ဂနွေအထူးထုတ်) မျက်နှာဖုံးမှာ ပါတာလေ။ ဒီအတွက် နယူးယောက်တိုင်းမ်ကို ချီးကျူးပါတယ်။ သူ့ကို နေရာပေးတာကို။ ပုံမှန်နေရာ အကန့်အသတ်ရှိတဲ့ သူ့စာမျက်နှာ ကော်လံမှာထည့်တာ မဟုတ်ဘူးလေ။ ဘာလို့လဲဆိုတော့ နေရာအကန့်အသတ်နဲ့ဆိုရင် ဒါမျိုးကို ရေးလို့မပြည့်စုံဘူး။ အဲဒီတုန်းက ကျွန်တော် ပြည်ပရောက်နေတာ။ ထွက်လာတော့ အွန်လိုင်းကပဲဖတ်ရတာ၊ သတင်းစာနဲ့မဟုတ်ဘူး။ ဒါပေမဲ့ သူက ပြည့်ပြည့်စုံစုံ၊ မျှမျှတတ၊ ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာတွေနဲ့ ရှုပ်ထွေးတဲ့ဇာတ်လမ်းကို ဘယ်သူမှ အမိဖမ်းဖို့မဟုတ်ဘဲ ရေးထားတာ၊ ဇာတ်လမ်းကို ကောင်းကောင်းပြောထားတာ။

မေး ။ ။ ဟာသဆန်တဲ့ ကံကြမ္မာလှည့်ကွက်တွေ အများကြီးရှိတယ်လို့ ခင်ဗျားပြောခဲ့တယ်နော်။ ဒီအထဲက တစ်ခုက အခုအခါမှာ အနောက်ကမ္ဘာဟာ မြန်မာပြည်မှာ သံသယရှိစရာ ဇာတ်ကောင်တစ်ယောက် ဖြစ်လာတယ်ဆိုတဲ့အချက်ပါ၊ အဲဒီတော့ ဒါကို ဘယ်သူက အခွင့်ကောင်းယူမလဲ၊ တရုတ်လား။
ဖြေ။ ။ သူတို့ ဒါကို အလွတ်သဘောလည်း ပြောနေခဲ့ကြတာဗျ။ “အိုး၊ ဒီကိစ္စနောက်ကွယ်မှာ အမေရိကန်တွေရှိတယ်” ဆိုတာမျိုးလေ။ ကျွန်တော် မြန်မာပြည်မှာ ရှိစဉ်အခါကတည်းက ဒါမျိုးပြောကြတာ။ အမေရိကန်တွေက ဒီကိစ္စနောက်ကွယ်မှာ ရှိတယ်ပေါ့။ ဘာလို့လဲဆိုရင် ရခိုင်မှာ ကျုပ်တို့ အကျိုးစီးပွားတွေရှိတယ်။ တရုတ်က ထူထောင်နေတဲ့ ရခိုင်ပြည်နယ်က ဒီပိုက်လိုင်းနဲ့ လမ်းကွန်ရက်၊ ဒီအထူးစီးပွားရေးဇုန်က ကျုပ်တို့ အကျိုးစီးပွားတွေကို ထိခိုက်အောင် အမေရိကန်တွေက ကြိုးစားနေတယ်၊ ဒါတွေအားလုံးနောက်ကွယ်မှာ အမေရိကန်တွေ ရှိနေတယ်ပေါ့။

အဲဒီနောက်ပိုင်း စကြားလာရတာက မြန်မာပြည်က အခြေခံလူတန်းစားမိတ်ဆွေတွေဆီက ကြားရတယ်။ “ဟုတ်တယ်၊ ဒါတွေအားလုံးနောက်ကွယ်မှာ စီအိုင်အေရှိနေတာ။ ဘင်္ဂါလီတွေကို ဒီကောင်တွေ လက်နက်တွေပေးနေတာ” ဆိုတာမျိုးပေါ့။ ဒီတော့ မဟုတ်ပါဘူးပေါ့ဗျာ ပြန်ပြောတော့။

“အင်း၊ ခင်ဗျားမသိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အဲဒီလိုပဲဖြစ်နေတာ” ဆိုတာမျိုး ပြန်တုံ့ပြန်ကြတယ်။

ဒီလို လျှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီမျိုး ကောလာဟလမျိုးက မြန်မာနိုင်ငံမှာ ဖြစ်နေတာ။ပြီးတော့ တရုတ်က ဒါကို ကစားနေတာ။ သူတို့တွေက အကုန်လုံး သူတို့ဖို့ချည်းဖို့လည်း ခံယူထားပုံရတယ်။ ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်ရင်တော့ ကျုပ်တို့ရဲ့ လက်မည်းကြီးကြောင့်ပေါ့ဗျာ။

မေး ။ ။ ဒါဆို တရုတ်က ဒီလိုသံသယတွေကို မီးထိုးပေးနေတာပေါ့။
ဖြေ။ ။ ဟုတ်တယ်၊ တခြားသူတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။

မေး ။ ။ အမေရိကန်အကြောင်းလား။
ဖြေ။ ။ အရှေ့တောင်အာရှတစ်လွှားမှာ သူတို့ ဒါပဲလုပ်နေတာ။

မေး ။ ။ အင်ဒိုနီးရှားမှာလည်း ဟိုတစ်လောတုန်းက ဒါမျိုးပုံစံတူ ကြားဖူးတယ်။ ဂျာဗားကျွန်းအလယ်ပိုင်းပါ့။ အင်ဒိုနီးရှားသားတစ်ယောက်စီက အလားတူ သီအိုရီပေါ့။ ကျွန်တော်တို့ကိုပြောပြတာ။ တရုတ်ရဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအနာဂတ်ကို ဘယ်လိုထင်သလဲ၊ အခုလို အနောက်ကမ္ဘာကို သံသယရှိလာကြတဲ့အချိန်မှာ၊ ဝရုန်းသုန်းကားဖြစ်နေချိန်မှာပေါ့။ ဒီမိုကရေစီနဲ့က ရာနှုန်းပြည့်ကောင်းမွန်တဲ့ အတွေ့အကြုံမျိုး မရှိသေးဘူးလေ။ တရုတ်နဲ့မြန်မာ ဆက်ဆံရေးက ကြာပြီမဟုတ်လား။
ဖြေ။ ။ သူတို့အကြားမှာ ဆက်ရှိနေမှာပဲဗျ။ သူတို့က နယ်စပ်အရှည်ကြီး ကီလိုမီတာ ၂၀၀၀ လောက် ထိစပ်နေတာ။

မေး ။ ။ အနိုင်ရတယ်ဆိုတဲ့ စကားလုံးကို ပြန်ပြောရရင် ဒီမှာ တရုတ်အနိုင်ရလားပေါ့ဗျာ။
ဖြေ။ ။ သူတို့ကတော့ အဲဒီလို ထင်ချင်ထင်မှာပေါ့။ သူတို့ကစားပွဲထဲ ပြန်ရောက်ပြီလို့ ခံစားမိမယ်လို့ ကျွန်တော်ထင်တယ်။ သူတို့ ပထမက ရှုံးနေပြီထင်ကြတာဗျ။ ကျွန်တော်ကြားရတာတော့ ကောလာဟလပေါ့။ ရှီကျင့်ဖျင်က “မြန်မာကို ဘယ်သူဆုံးရှုံးလိုက်ရပြီလဲ”လို့ မေးဖူးတယ်တဲ့။ ၂၀၁၂၊ ၂၀၁၃ လောက်ကပေါ့။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက အနောက်ကမ္ဘာနဲ့ အမေရိကန်ဘက်ကို ယိမ်းနေပြီလို့ သူတို့ထင်တာကိုး။

သံသယရှိကြမယ်တော့ ထင်ပါတယ်။ “အိုး၊ ပြောလိုက်ရင် တရုတ်ကြီးပဲ။ ဒါကြောင့် အမေရိကန်က ဒီလိုလုပ်လုပ်တာ ဘာညာပေါ့”။ ကျွန်တော်တို့ ဘာကြောင့်လုပ်တာဆိုတဲ့အပေါ်မှာ ကျွန်တော်တို့သိတယ်။ ကျွန်တော့်အမြင်အရဆိုရင် ဒါတွေအားလုံးရဲ့ ဗဟိုချက်မှာ ကျွန်တော်ရှိနေခဲ့ဖူးတော့ အမြဲတမ်း တစ်သမတ်တည်းမူဝါဒနဲ့ သွားခဲ့တာလို့ ကျွန်တော်ထင်တယ်။

မြန်မာ့အရေး ကျွန်တော်တို့ မူဝါဒပြောင်းလဲလာတယ်ဆိုတာက မြန်မာပြည်လည်း ပြောင်းလဲလာလို့ပဲ။ ကျွန်တော်တို့ရဲ့ မိတ်ဖက်ဖြစ်မှုဟာ သူတို့တွေ ဆက်လက်ပြောင်းလဲဖြစ်ပေါ်ဖို့အတွက်ပဲလို့ ကျွန်တော်ထင်တယ်။ ပြီးတော့ အဲဒါက ကျွန်တော်တို့နဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျိန်းသေပေါက် ကူညီပေးခဲ့သလို ဆက်ဆံရေးအတွက်လည်း အထောက်အကူဖြစ်ခဲ့တယ်။ တရုတ်ကကျတော့ အားလုံးကို နိုင်=ရှုံး (Zero-Sum) ကစားပွဲလို့မြင်တာ။ သူတို့မှာ ဒီလို ကိုယ်နိုင် သူရှုံးစိတ်ဓာတ်မျိုး မရှိပါဘူးလို့တော့ အမြဲပြောနေတာပဲ။ သူတို့က နိုင်-နိုင် ပြောနေပေမယ့် နိုင်=ရှုံး ပဲ တွေးတာ။

မေး ။ ။ တရုတ်ပြည်အကြောင်းချည်းပဲလို့ ပြောတဲ့အခါ ၂၀၁၂ တုန်းက သီအိုရီတစ်ခုကို ခင်ဗျား ရည်ညွှန်းတယ်လို့ ကျွန်တော်ထင်တယ်။၂၀၁၂ လောက်တုန်းက မြန်မာပြည်သူတွေနဲ့ အစိုးရတံခါးဖွင့်လိုက်တာ၊ အမေရိကန်နဲ့ဆက်ဆံရေး ကောင်းမွန်စေချင်တာက မြန်မာပြည်မှာ တရုတ်ဩဇာလွှမ်းမိုးမှုကို ဟန့်တားချင်လို့ဆိုတဲ့ အယူအဆလေ။
ဖြေ။ ။ ဒါလည်း မှန်ကောင်းမှန်ပါတယ်။ အဲဒီကနေ မေးစရာရှိလာတာက မြန်မာက တရုတ်နဲ့ တရုတ်ဩဇာလွှမ်းမိုးမှုကို ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းပဲ။ မြန်မာဆိုတာက အရှေ့တောင်အာရှနိုင်ငံတစ်ခုပဲ။ ဒီတော့ကာ တရုတ်နဲ့ ဆက်ဆံရေးကောင်းဖို့တော့လိုတယ်။ နယ်စပ်ထိစပ်နေတယ်၊ စီးပွားရေးဆက်စပ်နေတယ်၊ မြန်မာပြည်မှာဆိုရင် တိုင်းရင်းသားလူမျိုးစုတွေ ဆက်စပ်မှုပါရှိတယ်။ ကချင်တွေဆိုရင် တရုတ်ဘက်ခြမ်းမှာလည်း အလားတူ လူဦးရေလောက်ရှိတယ်။ သူတို့ကို ချိတ်ဆက်ထားတဲ့အကြောင်းတွေ အများကြီးရှိတယ်။ ဒါကြောင့် ဆက်စပ်မှုတစ်ခုရှိနေတာ အဓိပ္ပာယ်ရှိပါတယ်။ အချင်းချင်းဖေးမနိုင်တယ်။

ဒါပေမဲ့ သိပ်ချစ်ကြတာတော့ မဟုတ်ဘူးဗျ၊ အထူးသဖြင့် မြန်မာဘက်ကပေါ့ဗျာ။ လက်ရှိ မြန်မာနိုင်ငံမှာ တရုတ်အပေါ် ကျေးဇူးတင်တယ်ဆိုတာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက စစ်အုပ်ချုပ်ရေးအောက်မှာ အထီးကျန်နေတုန်းကလိုမျိုး ဟာသဆန်တဲ့ ကံကြမ္မာလှည့်ကွက်ပေါ့ဗျာ။ အဲဒီတုန်းက ကုလသမဂ္ဂမှာ တရုတ်က (မြန်မာ) စစ်ဘက်က ရပ်တည်ပေးပြီး ကာကွယ်ပေးတယ်၊ အခြေအနေဆိုးတွေမဖြစ်အောင် ဟန့်တားပေးတယ်၊ အရေးယူပိတ်ဆို့မှုတွေက ကာကွယ်ပေးတယ်၊ သူတို့ (စစ်ဘက်) ကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တွေ အတည်မပြုနိုင်အောင် ဟန့်တားပေးတယ်ပေါ့။ ဒါကြောင့် အခု တရုတ်က သူတို့ဘက်ကနေပေးတော့ အခုပြည်သူတွေက လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက စစ်အစိုးရလိုပဲ တရုတ်က သူတို့ကို ကာကွယ်ပေးနေတယ်လို့ မြင်လာကြတာဟာ ဟာသဆန်တဲ့ ကံကြမ္မာလှည့်ကွက်ပဲပေါ့ဗျာ။

ဒါပေမဲ့ တရုတ်က မြန်မာပြည်ရဲ့အကျိုးစီးပွားကို တကယ်ထည့်မတွက်တဲ့ နည်းလမ်းနဲ့ လုပ်နေတာတွေ ရှိတယ်ဆိုတာကိုလည်း သူတို့ (မြန်မာပြည်သူတွေ) လက်ခံထားကြပါတယ်။ လူဦးရေအရ တရုတ်တွေ မြန်မာပြည်ကို လွှမ်းမိုးသွားမှာလည်း စိုးရိမ်ကြတာရှိတယ်၊ ဘာလို့လဲဆိုတော့ တရုတ်တွေဝင်လာတယ်၊ နည်းလမ်းအမျိုးမျိုးနဲ့ နိုင်ငံသားရသွားတယ်၊ မြေတွေဝယ်တယ်၊ တာဝန်ယူမှုမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တယ်ပေါ့။ သူတို့ (မြန်မာပြည်သူတွေ) က မျှခြေလိုချင်တာ။ ဒါပေမဲ့ အခုကျတော့ ကျုပ်တို့ကို ဒေါသထွက်နေကြတယ်၊ အနောက်ကမ္ဘာအပေါ် မကျေမနပ် ဖြစ်လာကြတာ။

မေး ။ ။ မြန်မာပြည်မှာ တည်ဆောက်တဲ့ အကြောင်းပြောတော့ ဒါက ရပ်ဝန်းတစ်ခုလမ်းတစ်ခု (One Belt One Road) ရဲ့ တစ်စိတ်တစ်ဒေသမလား။ ယူရေးရှား (ဥရောပ - အာရှ) တစ်ဝိုက် တော်တော်ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံတဲ့ တရုတ်ရဲ့ ဧရာမအခြေခံအဆောက်အအုံ စီမံကိန်းလေ။ ဒေါ်လာ တစ်ထရီလီယံလောက် တန်မယ်။ 
ဖြေ။ ။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် အစီအစဉ်ပေါ့။

မေး ။ ။ အစီအစဉ်ဆိုရင် ရပ်ဝန်းတစ်ခု လမ်းတစ်ခုဟာ မြန်မာပြည်မှာ ဘယ်လိုဖြစ်လာမလဲ၊ ခင်ဗျားဘယ်လိုထင်လဲ၊ အဆင်ပြေမယ်ထင်လား။
ဖြေ။ ။ သူတို့က စတောင်စနေပြီ။ ရပ်ဝန်းတစ်ခု လမ်းတစ်ခုဆိုတဲ့ ဝေါဟာရစမသုံးခင်ကတည်းက ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုရှိတယ်၊ လမ်းနဲ့ရထားလမ်း ကွန်ရက်ရှိတယ်၊ ကျွန်တော်ပြောခဲ့သလိုပဲ ရခိုင်ပြည်နယ်ကနေ တရုတ်အနောက်တောင်ပိုင်း ယူနန်အထိပေါက်တာ။ ဒါမှသာ သူတို့ပြောတဲ့ “မလက္ကာ ဆုပ်လည်းဆူး စားလည်းရူး အခြေအနေ (Malacca Dilemma) ကို ရှောင်နိုင်မှာလေ။ သူတို့တင်သွင်းတဲ့ ရေနံ ၇၀ ရာခိုင်နှုန်းက မလက္ကာရေလက်ကြားက ဖြတ်ရတာ၊ အဲဒီကတစ်ဆင့် တောင်တရုတ်ပင်လယ် ရေလမ်းကြောင်းကမှ တရုတ်ပြည်ကိုပေါ့။ အဲဒီပင်လယ်ရေလမ်းကြောင်းတွေကို ဘယ်သူထိန်းချုပ်ထားလဲ။ အမေရိကန်ဗျ။ ဒါကြောင့် ကျုပ်တို့ရဲ့ ပိတ်ပစ်နိုင်စွမ်းကို သူတို့စိုးရိမ်နေတာ။ ဒီလိုပိတ်လိုက်ရင် တရုတ်က ချောင်ပိတ်မိသွားမှာ။

ဒါကြောင့် ဒီအခြေအနေကို ရှောင်လွှဲချင်ရင် ပါရှန်းပင်လယ်ကွေ့ကနေမှ အိန္ဒိယသမုဒ္ဒရာကနေ ဖြတ်သယ်ရမယ်။ မလက္ကာရေလက်ကြားကိုမရောက်ခင် မြန်မာပြည်ထဲက ဖြတ်သယ်ရမယ်။ ကုန်းတွင်းပိုင်းကနေ တရုတ်ပြည်ထဲကို ပို့မယ်ပေါ့။ ဒါမှသာ အမေရိကန်က မထိန်းချုပ်နိုင်တဲ့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ခက်တဲ့ အခြားရွေးချယ်စရာလမ်းကြောင်း ရမှာပေါ့။ တခြားရေနံကိုလည်း ရုရှားကနေ ကုန်းတွင်းပိုင်းက ဒါမှမဟုတ် အခြားနည်းနဲ့ ရနိုင်တာတော့ ရှိပ