News

POST TYPE

INTERVIEW

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်ကို Carnegie Council က မြန်မာ့အရေး တွေ့ဆုံမေးမြန်းမှု
02-Feb-2018



“အချက်အလက် (Facts) တွေက မှန်ဦးတော့ ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ (Context) မရှိရင် အမှန်တရားကို ပြည့်ပြည့်ဝဝမရနိုင်ဘူး။ အမှန်တရားကို ပြည့်ပြည့်ဝဝမသိရရင် ဖြေရှင်းနည်းအမှန်ကို ရှာနိုင်မှာမဟုတ်ဘူး”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီမှ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆင် မနုတ်ထွက်မီ ဤအင်တာဗျူးကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Carnegie Council က ဖော်ပြထားပါသည်။ မေးခွန်းအချို့မှာ လမ်းကြောင်းမေးခွန်းဟု ဆိုနိုင်သော်လည်း ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတာဝန် ထမ်းဆောင်ခဲ့သော ဒဲရစ်မစ်ချယ်သည် မျှမျှတတ ပြန်လည်ဖြေကြားသွားသည်ကို တွေ့နိုင်မည်ဖြစ်ပါသည်။ မူရင်းအင်တာဗျူးခေါင်းစဉ်ကိုပင် Moral Leadership Missing in Burma ဟု တပ်ထားသော်လည်း မစ်ချယ်၏ ဖြေကြားချက်တွင် ယင်းသဘောမျိုးမပါဝင်ဘဲ မေးမြန်းသူက လမ်းကြောင်းပြောဆိုသည့် စကားလုံးသာဖြစ်သည်ကို တွေ့ရပါသည်။ မစ်ချယ်၏အမြင်တိုင်းကို လက်ခံနိုင်ကြမည်မဟုတ်သော်လည်း မြန်မာ့အရေးကို ထဲထဲဝင်ဝင်ပတ်သက်ခဲ့သော အမေရိကန်သားတစ်ဦး၏အမြင်မှာ တွေးချင့်ချိန်စရာဖြစ်သည်ဟု ယူဆသောကြောင့် ဒေါ်နယ်ထရမ့်အပေါ် အမြင်မှအပ ကျန်အပိုင်းများကို အပြည့်အစုံ ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။ ရိုဟင်ဂျာဆိုသော အသုံးအနှုန်းအများစုကို ဘင်္ဂါလီဟု ပြောင်းလဲဖော်ပြထားသော်လည်း စကားစပ်အရ ပေါ်လွင်စေရန် လိုအပ်သည့်နေရာအချို့တွင်သာ ရိုဟင်ဂျာအသုံးအနှုန်းအတိုင်း ဖော်ပြထားပါသည်။

မေး : ဟိုင်း၊ ကျွန်တော်က နယူးယောက်စီးတီးကာနက်ဂီကောင်စီက ဒီဗင်စတီးဝါ့ဒ်ပါ၊ ဒီနေ့မြန်မာလို့လည်း ထင်ရှားတဲ့ ဘားမားရဲ့ အမေရိကန်သံအမတ်ကြီး ဟောင်းဒါးရက်မစ်ချယ်နဲ့ တွေ့ဆုံမေးမြန်းဖို့ စီစဉ်ထားပါတယ်။
ကာနက်ဂီကောင်စီကိုလာလို့ ကျေးဇူးတင်ပါတယ် ဒါးရက်ရေ။ ထပ်တွေ့ရတာ ဝမ်းသာပါတယ်။
ဖြေ : ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။

မေး : ဒါးရက်ရေ၊ ခင်ဗျားက ၂၀၁၂ ကနေ ၂၀၁၆ အထိ ဘားမားရဲ့ အမေရိကန်သံအမတ်ကြီး ဖြစ်ခဲ့တယ်နော်။ ခင်ဗျား အနားယူတဲ့ ၂၀၁၆ အကုန်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အရပ်ရပ်အခြေအနေကို ဘယ်လိုသုံးသပ်မလဲ။ မြန်မာလို သုံးချင်သလား၊ ဘားမားလို့ သုံးချင်သလား။
ဖြေ : ဘယ်လိုပြောပြောပါ။ ကျွန်တော်ကတော့ ဘားမားလို့ပဲ သုံးမယ်လေ။ ကျွန်တော်က ခေတ်ဟောင်းသမားဗျ။

မေး : ကဲ ဘားမားနဲ့ပဲ ပြောကြတာပေါ့။ ၂၀၁၆ နောက်ပိုင်းအရ ရပ်အခြေအနေကို ခင်ဗျားဘယ်လို သုံးသပ်မလဲ။ တိုင်းပြည်က လမ်းကြောင်းမှန်ပေါ်သွားနေသလား။ (အစောပိုင်းဘားမားနှင့် မြန်မာအသုံးအနှုန်းကို ပေါ်လွင်စေရန် ယခုကဲ့သို့ သုံးစွဲထားခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ဖတ်ရှုရလွယ်ကူစေရန် မြန်မာဟုသာ ပြန်ဆိုထားပါသည်)
ဖြေ : အဲဒီလိုမထင်ပါဘူး။ ဘယ်လိုတိုင်းတာတိုင်းတာ ခြေလှမ်းအချို့ နောက်ပြန်ဆုတ်သွားတယ်လို့ ထင်တယ်။ သတင်းခေါင်းကြီးပိုင်းတွေကို မျက်ကွယ်ပြုလို့မရဘူးဗျ၊ ဘင်္ဂါလီတွေဘာဖြစ်သွားသလဲဆိုတာ ကိစ္စကြီးဗျ၊ ပြီးခဲ့တဲ့ ဩဂုတ်လကမှစတာမဟုတ်ဘူး၊ ဟိုးရှေ့နှစ် အောက်တိုဘာ၊ ပြောရရင် ကျွန်တော်ရှိစဉ် ၂၀၁၂ လောက်ကတည်းက စတာ။ အဲဒီအချိန်ကတည်းက မူလရုန်းရင်းဆန်ခတ်မှုတွေကြောင့် သူတို့အများစုက နိုင်ငံတွင်း ရွှေ့ပြောင်းစခန်းတွေကို ရောက်ကုန်ပြီး အခြေအနေတွေ တဖြည်းဖြည်းချင်း ဆိုးရွားလာတာ။ ၂၀၁၅ ရွေးကောက်ပွဲနဲ့အတူ (ဒေါ်) အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ခံရပြီးတဲ့ နောက်ကျရင် သိသိသာသာပြောင်းလဲသွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တချို့ဟာလေးတွေကို သိထားတယ်။ ပထမတစ်ချက်က ဒီရွေးကောက်ပွဲဟာ တစ်တိုင်းပြည်လုံးရဲ့ ခေါင်းဆောင်မှုအတွက်လုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ခဲ့ဘူး။ စစ်ဘက်က အထူးလုပ်ပိုင်ခွင့်အာဏာရှိနေသေးတယ်၊ အာဏာဆက်ရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့သိထားခဲ့တယ်။ ဒါကြောင့်ဟာ အပြည့်အဝဖြစ်ပေါ်လာတဲ့ ဒါမှမဟုတ် လုံးဝပြည့်စုံတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမဟုတ်ခဲ့ဘူး။ အတိတ်က ကျန်ခဲ့တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာအများအပြား ရှိတယ်ဆိုတာလည်း ကျွန်တော်တို့သိထားပါတယ်၊ စီပွားရေးပြဿနာတွေ၊ ငြိမ်းချမ်းရေး၊ စသဖြင့်ပေါ့ဗျာ။

မေး : အင်း ပညာရေးလည်းပါတာပေါ့။
ဖြေ : ပညာရေးလည်း ပြောလို့ရပါတယ်။ တိုင်းပြည်အတွက် အဆုံးအဖြတ်ဖြစ်တဲ့ စိန်ခေါ်မှုက ငြိမ်းချမ်းရေးဗျ၊ နေရာဒီဒေသကို တစ်ပေါင်းတည်းရှိအောင် ဘယ်လိုများလုပ်ထားကြသလဲ။ သူတို့တွေက အနှစ် ၇၀ လောက် ပြည်တွင်းစစ်ဖြစ်နေကြဗျ။

မေး : တိုင်းရင်းသား လူမျိုးစုတွေကလည်း အများကြီး။
ဖြေ : ပြီးတော့ ဘင်္ဂါလီက နောက်ကိစ္စတစ်ခုပေါ့။ အဆင့်မျိုးစုံမှာ အခြေအနေတွေ တဖြည်းဖြည်းချင်း ကျဆင်းလာတာကို ခင်ဗျားကျိန်းသေတွေ့မှာပါ၊ ဒါပေမဲ့ ဒါခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်။

မေး : တိုင်းပြည်ကို ငြိမ်းချမ်းအောင်လုပ်တဲ့ အားထုတ်မှုမှာ၊ ငြိမ်းချမ်းရေးဆီကို သွားတဲ့နေရာမှာ၊ ဘင်္ဂါလီတွေရဲ့ အတိဒုက္ခကို လျစ်လျူရှုလိုက်သလို ဖြစ်သွားတာလား။ ကျွန်တော်တို့ သိရသလောက်ဆို ဒီတစ်ပတ် တချို့တွေကို ပြန်ပို့ဖို့ စီစဉ်ထားတာ။ အကြမ်းဖျင်း ၈ သိန်းလောက်ရှိမယ်ထင်တယ်။
ဖြေ : ၇၆၀,၀၀၀ လောက်ပါ။

မေး : ၇ သိန်းနဲ့ ၈ သိန်းကြားရှိတဲ့ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေကို သူတို့ထွက်ပြေးခဲ့တဲ့ မြန်မာနိုင်ငံကို ပြန်ပို့မယ်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကတော့ သူတို့မြန်မာပြည်ကို ပြန်လာရင်ထားမဲ့ စခန်းတွေက ဟင်းလင်းပွင့် အကျဉ်းထောင်တွေ (open-air prison) လို့ ပြောတယ်ဗျ။ ဘင်္ဂါလီတွေ အခြေအနေကို ခင်ဗျားဘယ်လိုထင်သလဲ။ အစိုးရက မှန်မှန်ကန်ကန် ကိုင်တွယ်ရဲ့လား။ ခြုံပြီးတော့ ထင်မြင်ချက်ကလေး ပေးစမ်းပါ။ ခင်ဗျားမြေပြင်အခြေအနေ မြင်ခဲ့ရတာနဲ့ အခုတွေ့နေရတဲ့ သတင်းတွေနဲ့ပတ်သက်ပြီးလို့ပေါ့။
ဖြေ : ပြန်ပို့ဖို့ကိစ္စကိုပဲပြောရရင် အဲဒီမှာ စံသတ်မှတ်ချက်တွေရှိတယ်ဗျ။ ဘေးကင်းလုံခြုံမှု ရှိရမယ်၊ ဂုဏ်သိက္ခာရှိရှိ ဖြစ်ရမယ်။ မိမိသဘောဆန္ဒအလျောက် ဖြစ်ရမယ်ပေါ့။ ဒီကိစ္စကို (ပြန်ပို့မဲ့) ဘင်္ဂါလီတွေနဲ့ သူတို့မတိုင်ပင်တာတော့ သေချာပါတယ်။ ဒါက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရအကြား သဘောတူညီချက်သက်သက်ပါပဲ။ မြန်မာအစိုးရဟာ နိုင်ငံတကာရဲ့ဖိအားကို တုံ့ပြန်တယ်လို့တော့ ပြောလို့ရတယ်။ “ဒီလူတွေအားလုံး တိုင်းပြည်ကထွက်သွားတယ်၊ ခင်ဗျားတို့ပြန်လက်ခံရမယ်။ ဒါကလက်မခံနိုင်စရာကိစ္စပဲ”လို့ ပြောတယ် ဆိုကြပါဆို့။ သူတို့က “အိုကေ၊ သူတို့ကိုပြန်ခေါ်မယ်”လို့ တုံ့ပြန်တဲ့သဘောပေါ့။
ဒါပေမဲ့ လုပ်ငန်းစဉ်က အရမ်းအရေးကြီးတယ်ဗျ။ ဒီလူတွေဟာ ကြောက်လန့်ပြီး ထွက်သွားတာ သူတို့မိသားစုဝင်တွေ အဓမ္မကျင့်ခံရတယ်။ သတ်ဖြတ်ခံရတာတွေရှိတယ်။ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။ ဒါကြောင့် အကြောက်တရားကြီးမားတာပေါ့။

မေး : ဘယ်သူက အကြမ်းဖက်နေသလဲဆိုတာ ခင်ဗျားဘယ်လိုပြောမလဲ။ စစ်ဘက်ကလူတွေလို့လည်း မကြာခဏပြောကြတယ်ပေါ့။ ပြည်သူ့စစ်လိုဟာမျိုးတွေရော ဖြစ်နိုင်သလား၊ ပြည်ထောင်စုအစိုးရက အမိန့်ပေးတာရော မဖြစ်နိုင်ဘူးလား။ ဒီလူတွေက ဘယ်သူတွေလဲ။
ဖြေ : ကျွန်တော်တို့လည်း ဝင်ကြည့်လို့မရတော့ အတိအကျတော့ ပြောဖို့ခက်တယ်။ ဒါကလည်း ပြဿနာတွေထဲက တစ်ခုပဲ။ ဘာဖြစ်နေတယ်ဆိုတာကို ခိုင်ခိုင်မာမာ နားလည်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်သူတွေနဲ့ တခြားသူတွေ ဝင်ရောက်ခွင့်မရဘူး။ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သွားတဲ့ ဘင်္ဂါလီတွေကိုတော့ မီဒီယာတွေနဲ့ တခြားလူတွေက အင်တာဗျူးရတယ်ပေါ့။ အဲဒီတော့ မခိုင်မာတဲ့ ပုံပြင်ဆန်တဲ့ အချက်အလက်တွေပဲရှိတယ်။ ရွာတွေမီးရှို့ခံရတဲ့ ဂြိုဟ်တုဓာတ်ပုံတွေတော့ ရှိတယ်ပေါ့။
ပုံဖော်ကြည့်ရင်တော့ အနည်းဆုံး စစချင်းမှာတော့ စစ်ဘက်က (ရဲကင်းစခန်းတွေကို) တိုက်ခိုက်သူတွေကို ရှာမယ်ပေါ့ဗျာ။ ဒါကလည်း ရိုဟင်ဂျာအမည်အောက်မှာ စစ်သွေးကြွတွေက နယ်ခြားစောင့် ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တာက စတာဗျ။ ဒီတော့ကာ ရိုဟင်ဂျာအမည်အောက်မှာ ရိုဟင်ဂျာ ဒါမှမဟုတ် ရိုဟင်ဂျာအဖြစ် အသွင်ယူထားတဲ့သူတွေရဲ့ ကနဦးတိုက်ခိုက်မှုကို သူတို့က ပြန်တုံ့ပြန်တာဗျ။ ဒီလူတွေကို သူတို့ကရှာမယ်ဗျာ၊ နဂိုကတည်းက သူတို့သဘောမကျတဲ့သူတွေအပေါ်မှာ ဒေါသပုန်ထ၊ အမျက်ထွက်မယ်ပေါ့။ ဒါကြောင့် အနည်းဆုံး တစ်ပတ် နှစ်ပတ်လောက်တော့ စစ်ဘက်က လွန်လွန်ကျူးကျူး တုံ့ပြန်ဖြေရှင်းတာမျိုးရှိဖို့ သေချာတယ်။ ဒီထက်လည်း ကြာကောင်းကြာနိုင်တယ်ပေါ့။ ပြီးတော့ ပြောနေကြတာက စစ်သွေးကြွတွေ၊ ဒေသခံစစ်သွေးကြွတွေ၊ ဒေသခံ ရခိုင်တွေလည်းနယ် မြေခံရဲတပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြတာ ရှိတယ်ဆိုပြီးတော့ပေါ့။ ဘာဖြစ်ခဲ့သလဲဆိုတာအတွက် စိစစ်ဖို့လိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင်၊ အခု ကျွန်တော်အာရုံစိုက်တာက အဦးဆုံးလုပ်ရမှာက ဒီလူတွေ၊ ဒီဘင်္ဂါလီတွေပဲ။ အမျိုးမျိုးစွပ်စွဲနေကြတာတွေရဲ့ နယ်ရုပ်ကလေးတွေအဖြစ် သူတို့ကို အသုံးချနေမယ့်အစား ကျွန်တော်တို့ ကျိန်းသေပေါက် နားလည်ဖို့လိုအပ်တာက ဘာဖြစ်ခဲ့သလဲ၊ ဒီလူတွေမှာ အချိန်အတန်ကြာမရှိခဲ့တဲ့ ဂုဏ်သိက္ခာရှိတဲ့ဘဝမျိုး ရှိလာအောင် ဘယ်လိုကူညီမလဲဆိုတာ အဖြေထုတ်ဖို့ပဲ။

မေး : ကျွန်တော်သိချင်တာက၊ ဘင်္ဂါလီတွေ ထွက်ပြေးတယ်ဆိုတဲ့ ရခိုင်ကို ခင်ဗျားရောက်ဖူးသလား။
ဖြေ : ဟုတ်ကဲ့၊ အကြိမ်ကြိမ်ပါပဲ။

မေး : အဲဒီဒေသမှာ ဘယ်လိုအခြေအနေမျိုးလဲဆိုတာ နားထောင်သူတွေသိအောင် ပြောပြပေးလို့ရမလား။ တော်တော်ဆင်းရဲကြတယ်ဆို။ သူတို့တွေဟာ ဘယ်လိုဘဝမျိုးကနေ ထွက်ပြေးခဲ့တာလည်းဆိုတာ ပြောပြပေးလို့ရမလား။
ဖြေ : အဲဒီမှာက မတူညီတဲ့ ဘဝအစိတ်အပိုင်းတွေ ရှိတယ်ဗျ။ အများစုက လယ်သမားတွေ၊ ငါးဖမ်းသမားတွေပေါ့။ တကယ်တော့ အင်မတန်လှပတဲ့ နေရာပါ။ ဘင်္ဂလားပင်လယ်အော်ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ရှိတယ်။ ခရီးသွားလုပ်ငန်းအတွက်လည်း အင်မတန်အလားအလာကောင်းတဲ့နေရာပေါ့။ အင်မတန်ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ကမ်းရိုးတန်းရှိတယ်၊ ပြီးတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေ သွားကြတဲ့ ငပလီကမ်းခြေဆိုတဲ့နေရာလည်း ရှိတယ်၊ တောင်ကုန်းတွေ၊ လယ်မြေတွေ၊ မြေပြန်နဲ့ တောင်ကုန်းလေးတွေနဲ့ အင်မတန် သာယာတဲ့နေရာပေါ့။ ဒါပေမဲ့ လူတွေက မငတ်ရုံတမယ်ဘဝမျိုးကနေ ပြေးကြတာ။ လူမျိုးရေးအရ ခွဲခြားထားတဲ့ရွာတွေရှိတယ်။ ရခိုင်နဲ့ဘင်္ဂါလီတွေ တစ်ဖက်စီပေါ့။ သူတို့တွေက မှန်မှန်ကန်ကန် အပြန်အလှန်ဆက်ဆံမှုမျိုး ရှိခဲ့ပါတယ်။ ချစ်လှတယ်တော့ မဟုတ်ပေမယ့် ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံခဲ့ကြတာပါ။ မိတ်ဆွေတွေလို ဆက်ဆံရေးမျိုးတောင် ရှိကြပါတယ်။
ဘင်္ဂါလီတွေက လယ်တွေမှာ သူရင်းငှားလုပ်သူတွေ၊ ဆိုင်တွေမှာ အကူလုပ်သူတွေပေါ့၊ ရခိုင်တွေက လယ်ပိုင်တွေ၊ ဆိုင်ရှင်တွေပေါ့။ ဆိုတော့ကာ ဒါက ပေါင်းစပ်ပါဝင်နေကြတဲ့ စီးပွားရေးမျိုး ထူထောင်ထားတာဗျ၊ ဒါက ရုန်းရင်းဆန်ခက်မှုတွေကြောင့် ပျက်သွားတာ။ ဘင်္ဂါလီတွေအပေါ် ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ရခိုင်အများအပြားလည်း အသက်မွေးဝမ်းကြောင်းတွေ ဆုံးရှုံးခဲ့ရတယ်။ သူတို့မှာ အများကြီးမရှိပေမယ့် လုံလောက်တယ်ဗျ၊ တချို့တွေမှာ အနည်းဆုံး အိမ်လေးတစ်လုံးတော့ရှိတယ်၊ ကျောင်းလေးဘာလေး တက်ရတယ်၊ အင်မတန် မငတ်ရုံတမယ် အခြေအနေပေါ့ဗျာ၊ ပြီးတော့ ဒီရေတက်ရင် လှေတွေအားလုံးကို ဆွဲတင်သွားမှာပဲလို့ မျှော်လင့်ကြတာရှိတယ်၊ ဖွံ့ဖြိုးလာရင် ဒီအပေါ်မှာ အခြေခံထားတဲ့လူတိုင်း အောင်မြင်တိုးတက်ကြမယ်ပေါ့ဗျာ။

မေး : ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်စေတဲ့အကြောင်းရင်းတွေက ဘာတွေလို့ပြောနိုင်မလဲ။ သမိုင်းနဲ့ဆိုင်လား။ ဘာတွေက စနက်မီးပျိုးပေးလိုက်တာလဲ။ ဘယ်အရာက အဓိက ကစားသွားတာလဲ။
ဖြေ : ဒါကတော်တော်ကြီးကို အရိုးစွဲနေတဲ့ကိစ္စဗျ။ တစ်ဖက်စီက အခြားတစ်ဖက်က ဘယ်လိုရန်လိုပါတယ်ဆိုတဲ့ ဇာတ်ကြောင်းပြန်မှုမျိုးရှိတယ်။ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည်ကိုမရှိကြတာ။ ရခိုင်တွေရဲ့ စိတ်ထဲမှာလည်း ဒီလိုပဲ၊ ဒါကအင်မတန် ရှုပ်ထွေးတာ၊ ဒါပေမဲ့ရခိုင်ကလည်း တိုင်းပြည်ရဲ့ဌာနေ တိုင်းရင်းသားလူနည်းစုတွေထဲက တစ်ခုဗျ။ သူတို့တွေက လူများစုဗမာတွေအပေါ်မှာလည်း အာဃာတလေးတွေရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လေးစားမှုနဲ့ သူတို့ရဲ့ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းဖို့အတွက် အနှစ် ၇၀ လောက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အခြားသော တိုင်းရင်းသားမျိုးနွယ်စုတွေလိုပဲပေါ့။ သူတို့တွေက ဗမာတွေနဲ့လည်း တိုက်နေကြတာလေ။
ဒါကြောင့် သူတို့ခံစားရတာက ဗမာတွေက ဒီကိစ္စကို သူတို့အပေါ် ပုံချတယ်လို့ပေါ့။ ဘင်္ဂါလီတွေကို အတင်းလက်ခံခိုင်းထားတာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီကဘင်္ဂါလီတွေက နိုင်ငံသားမဟုတ်တော့ ဘယ်မှ သွားလို့မရတော့ ရခိုင်ရဲ့ ပြဿနာဖြစ်လာတယ်။ ဒါကြောင့် သူတို့တွေက ဘင်္ဂါလီတွေကိုလည်း သဘောမကျဘူး။ ဗမာလည်းသဘောမကျဘူး။ ပြင်ပကမ္ဘာကလည်း ဘင်္ဂါလီတွေကိုပဲ အာရုံစိုက်နေတဲ့အတွက် သဘောမကျဘူး။ တစ်ချိန်တည်းမှာပဲ ရခိုင်တွေကလည်း သူတို့လည်း ပြည်သူတွေအနေနဲ့ ခံစားနေရတယ်လို့ ခံယူထားကြတယ်။
ဘင်္ဂါလီတွေကျတော့လည်း ရခိုင်တွေက သူတို့ကို ဒုတိယတန်းစားလူတွေလို ဆက်ဆံတယ်ပေါ့ဗျ၊ တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေလို့ လက်ခံထားကြတယ်လို့ ခံစားရတယ်ပေါ့။ ရခိုင်တွေကလည်း အဲဒီလိုပဲယုံကြည်ကြတာကိုး။ ဒါကြောင့် ရခိုင်တွေ့သူတို့ကို ဖိနှိပ်တယ်ပေါ့ဗျာ၊ နှစ်ပေါင်းများစွာ အင်အားသုံးဖိနှိပ်ခဲ့တယ်ပေါ့။
ဒါက အင်မတန်ကို အရိုးစွဲကြာမြင့်နေပြီဖြစ်တဲ့ ပွတ်တိုက်မှုမျိုးဗျ။ ဒုတိယကမ္ဘာစစ်ကတည်းက ဒီအတိုင်းအဝိုင်းနှစ်ခုက ချလာတာ။ တစ်ဖက်ကဂျပန်ဘက်က တစ်ဖက်က ဗြိတိသျှဘက်ကပေါ့။ ဘာသာရေးအရကျတော့လည်း မွတ်စလင်နဲ့ ဗုဒ္ဓဘာသာပေါ့။ ဒါကြောင့် ဘယ်လိုမှ သဟဇာတမဖြစ်နိုင်ဘူးဆိုတဲ့ စိတ်အခံက ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေဆီမှာရော၊ ရခိုင်တွေမှာပါ ရှိနေတယ်၊ ဒါကြောင့် အကြမ်းဖက်ဝါဒရဲ့ အနားစွန်းကို ဦးတည်လာတယ်။ ပြီးတဲ့ ဒီလို အပြော အဟောကလည်း ရှိတယ်၊ အစ္စလာမ်ဝါဒဟာဒေသတွင်း ထိုးဖောက်ဝင်ရောက်လာပြီ၊ ဘင်္ဂါလီတွေဟာ ဒီဟာရဲ့ တစ်စိတ်တစ်ဒေသပဲ၊ သူတို့အနေနဲ့ ဗုဒ္ဓဘာသာအမွေအနှစ်ကို ထိန်းသိမ်းရမပေါ့။ ဒါကဘယ်သူဘယ်ဝါဆိုတဲ့ ကိုယ်ပိုင်ဝိသေသလက္ခဏာထဲမှာကို ရှိနေတာ၊ နှစ်ဖက်စလုံးက ခံစားနေရတဲ့ အခြေခံအားဖြင့် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုပေါ့။

မေး : ဖြည်းဖြည်းချင်း တစ်ဆင့်ချင်း ဒီမိုကရေစီအသွင် ကူးပြောင်းတာနဲ့ စစ်အစိုးရစနစ်ကနေ ဝေးရာကို ပြောင်းလဲတာဟာ မြန်မာပြည်မှာ အခုလိုမျိုးဝရုန်းသုန်းကားဖြစ်စေဖို့ ပံ့ပိုးတဲ့အကြောင်းကဏ္ဍ တစ်ရပ်ဖြစ်နေတယ်လို့ ခံစားမိသလား။
ဖြေ : ခင်ဗျားဒီလိုမေးလိုက်တာ စိတ်ဝင်စားဖို့ကောင်းတယ်။ ထူးဆန်းတဲ့ ဟာသဆန်တဲ့ ကံကြမ္မာလှည့်ကွက်တစ်ခုက ဒီမိုကရေစီဟာ ဒီအခြေအနေကို ကူညီမပေးနိုင်တာပဲ။ ဒီမိုကရေစီရလို့ဖြစ်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်ကျိန်းသေပေါက်တွေးမိတာက ကျွန်တော်တို့ဟာ မြန်မာနိုင်ငံအတွင်းကနေ ဒီမိုကရေစီကို ပံ့ပိုးနိုင်တဲ့ ရပ်တည်ချက်မျိုးမှာ ရှိသင့်တယ်ဆိုတဲ့အချက်ပဲ။
ဒါပေမဲ့ လူများစုက ဒီလူတွေ၊ ဘင်္ဂါလီတွေကို လက်မခံကြတဲ့အခါ၊ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲနီးလာတော့၊ သူတို့ဘက်က ရပ်ပေးမဲ့သူ ဘယ်သူရှိလဲ။ ဘယ်သူကမှ သူတို့ဘက်က ရပ်ပေးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါက နိုင်ငံရေးအရ ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုဖြစ်သွားမှာကို၊ တရားမဝင်လို့ အမြင်ခံထားရတဲ့၊ တိုင်းပြည်အတွက် ခြိမ်းခြောက်နိုင်ခြေရှိတယ်လို့ သတ်မှတ်ခံထားရတဲ့လူတွေအတွက် ဘယ်သူမှ ရပ်ပေးချင်မှာမဟုတ်ဘူး။
ဒါကြောင့် ရွေးကောက်ပွဲနီးလာလေလေ ဒီကိစ္စအတွက် ခိုင်မာတဲ့ ဆောင်ရွက်မှုမျိုးလုပ်ပေးနိုင်တဲ့ အစိုးရရဖို့ ခက်လာလေလေပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အတွက် လုပ်ပေးချင်တဲ့ဆန္ဒ ရှိမယ်ဆိုရင်တောင်ပေါ့၊ အကယ်၍များဆိုတာကြီးပေါ့၊ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အတိုင်းအတာတစ်ခုအထိ ဖိအားကြီးကြီးမားမား ရှိတယ်ဗျ၊ ပြည်သူ ၉၀ ရာခိုင်နှုန်းလောက်က ဒီလူတွေ (ဘင်္ဂါလီ) တွေကို ရန်လိုသူတွေအဖြစ် သတ်မှတ်ထားကြတဲ့အခါ၊ ဘင်္ဂါလီတွေကို တိုင်းပြည်ရဲ့ အစိတ်အပိုင်းအဖြစ် လက်မခံနိုင်တဲ့ အခြေအနေကို ဘယ်အတိုင်းအတာအထိ ရင်ဆိုင်ပြီး ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိစီးနေတုန်းပဲလို့ထင်တယ်၊ သူ ဒီမေးခွန်းကို ကိုင်တွယ်ရပါလိမ့်မယ်။ စစ်ဘက်ကလည်း အင်အားကောင်းတုန်းပဲ။ သူတို့က လုံခြုံရေးတပ်ဖွဲ့တွေကို ထိန်းချုပ်ထားတုန်းပဲ။ တိုင်းပြည်ကို ကာကွယ်ဖို့ဆိုရင် သူတို့လုပ်ချင်တာ လုပ်လို့ရတယ်၊ ပြီးတော့ အဲဒီအပေါ်မှာ လူတွေကလည်း သူတို့ကို ထောက်ခံကြဦးမှာ။ စစ်ဘက်ဟာ မြန်မာပြည်ထဲမှာ တစ်ခါမှ အခုလောက် ရေပန်းမစားခဲ့ဖူးဘူး၊ ဘင်္ဂါလီကိစ္စကြောင့်မို့ ဒီလိုရေပန်းစားလာရတာကလည်း ဟာသဆန်တဲ့ ကံကြမ္မာလှည့်ကွက်တစ်ခုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စကို အရမ်းသတိထားပြီးလုပ်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စက တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ကာကွယ်နေတာဖြစ်သလို တိုင်းပြည်ရဲ့လုံခြုံရေးကို ကာကွယ်နေတာလည်းဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုရဲ့ ဂုဏ်သရေကို ကာကွယ်နေတာလည်းဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သူ့ကို လုံးဝခွင့်လွှတ်ပေးရမယ်လို့တော့ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူက တိုင်းပြည်ရဲ့ခေါင်းဆောင်ပါ၊ သူဟာ တိုင်းပြည်ရဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာခေါင်းဆောင် (Moral Leader) လည်း ဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီပတ်ဝန်းကျင်အခြေအနေက ဘယ်လောက်ရှုပ်ထွေးပြီး ဘယ်လောက်ခက်ခဲသလဲဆိုတာ ကျွန်တော်တို့ နားလည်ဖို့လိုပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာကိစ္စက ရိုးရှင်းတယ်လို့ ကျွန်တော်တို့ လက်ခံအသိအမှတ်ပြုထားရင်တောင် ဆက်စပ်စဉ်းစားရမဲ့ အကြောင်းအရာ (Context) နဲ့ အဖြေ (Solution) က ပိုရှုပ်ထွေးပါတယ်။

မေး : တစ်ကမ္ဘာလုံးက လူတွေကတော့ လုံခြုံစိတ်ချရမှုကို လိုလားတာ ကျိန်းသေပါတယ်။ အနိမ့်ဆုံးအားဖြင့်တော့ အခြေခံသက်မွေးမှု လိုချင်ကြတာပဲလေ။ ဒီခေတ်အခြေအနေမှာ ဒီမိုကရေစီက ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်လာပုံရတယ်နော်။ မြန်မာနိုင်ငံသားအများစုက ဒီမိုကရေစီလိုချင်ကြတယ်လို့ရော ထင်ပါသလား။
ဖြေ : သေချာတာပေါ့။ သူတို့ တစ်ကယ်လိုချင်ကြတာပါ။ သူတို့တစ်ကယ်လိုချင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ ဒီမိုကရေစီလှိုင်းကြီးကို တစ်ကမ္ဘာလုံးက တစ်ခြားနေရာတွေမှာလည်း မြင်ခဲ့ကြရတယ်လို့ ထင်တယ်လေ၊ အဲဒီလို ပြည်သူတွေက တစ်ခါတလေကျတော့ ဒီမိုကရေစီကနေ အများကြီးရဖို့လည်း မျှော်လင့်ထားတတ်ကြတယ်။ ဆိုကြပါစို့၊ သူတို့ထင်တာက ငါတို့ဒီမိုကရေစီရရင် အမေရိကန်လို၊ ဂျပန်လို အင်အားကောင်းလာမယ်၊ ချမ်းသာလာမယ်လို့ ထင်ကြာတာမျိုးပေါ့။ ဒီလမ်းကြောင်းအတိုင်း ဖြစ်ချင်မှဖြစ်တာကိုး၊ တစ်ခါတလေကျတော့ ဒီလိုနိုင်ငံတွေမှာ လူတွေက အနှစ် ၅၀ လောက် ပြောခွင့်ဆိုခွင့် မရတာမျိုးရှိခဲ့တယ်၊ အခု သူတို့ပြောခွင့်ရလာကြပြီ၊ သူတို့ရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ကျွန်တော်တို့မြှင့်တင်ပေးရမယ်လေ။ သူတို့ပြောတာကို ကျွန်တော်တို့ကြိုက်ချင်မှ ကြိုက်မှာပေါ့။ ကျွန်တော် အရပ်ဘက်လွတ်လပ်ခွင့်ဆိုတာကို ယုံကြည်တယ်၊ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်တော်တို့ မကြိုက်တာတွေ သူတို့ ပြောကောင်းပြောလာမယ်၊ အဲဒါကို ဘယ်လိုရင်ဆိုင်မလဲ၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်နဲ့ လူတိုင်းကို သာတူ ညီမျှ တရားစီရင်မှုနဲ့ ကာကွယ်ပေးဖို့ တာဝန်ဝတ္တရားအကြား မျှရအောင် ဘယ်လိုကိုင်တွယ်မလဲ။

မေး : သူတို့ပြောတာကို ခင်ဗျားမကြိုက်ဘူးဆိုတာကို ပြောတဲ့နေရာမှာ နာမည်ကျော်ဘုန်းတော်ကြီး ဝီရသူကို ရည်ညွှန်းတာလားဗျ။
ဖြေ : သူ့မှရယ်မဟုတ်ပါဘူး။ ဒါပေမဲ့သူလည်း အဲဒီသဘောပါပဲ။ ဒါပေမဲ့လူတွေက ဘင်္ဂါလီတွေကို တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ၊ ခြိမ်းခြောက်မှုတစ်ခုရယ်လို့ ပြောဆိုကြမယ်။ အစ္စလာမ်ဟာ ခြိမ်းခြောက်နေတဲ့ ဘာသာတစ်ခုအဖြစ် ပြောဆိုကြမယ်။ ဒါက လူမျိုးရေးခွဲခြားတာကလည်း ဖြစ်ကောင်းဖြစ်မယ်။ တစ်ခြားနည်းပြောရရင် ဒါမျိုးက ခုရှိနေတယ်၊ လူ့အဖွဲ့အစည်းတိုင်းမှာ ရှိသလိုမျိုးပေါ့။

မေး : ကျုပ်တို့က အဲဒါကို ရင်ဆိုင်နေရတာပေါ့။
ဖြေ : ကျွန်တော်တို့ဒီမှာ အဲဒါမျိုး ရင်ဆိုင်နေရတာပါ။ ဒီအပေါ်မှာ ဘယ်သူဘယ်ဝါရယ်လို့ အမည်တပ်တိုက်ခိုက်တာမျိုးတော့ မလုပ်လိုပါဘူး။ လူသားတိုင်းရဲ့ ပင်ကိုယ်ဗီဇမှာကိုက လူမျိုးရေးခွဲခြားတဲ့သဘောမျိုး ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မေးစရာရှိတာက အဲဒါကို ဘယ်လိုရင်ဆိုင်မလဲ၊ သူတို့တွေက ဒါကို အနှစ် ၅၀ လောက် ရင်ဆိုင်ဖြေရှင်းခဲ့ရတာမဟုတ်ဘူးလေ။ စစ်အာဏာရှင်စနစ်ကြောင့် အဲဒါက ကျောက်ဖြစ်ရုပ်ကြွင်းလို အေးခဲနေခဲ့တာ။ အခု သူတို့တွေ ဆယ်စုနှစ်ပေါင်းများစွာ ကိုင်တွယ်မဖြေရှင်းဘဲ ထားခဲ့တဲ့ကိစ္စတွေကို အခုဖြေရှင်းနေရတာ။

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် The Voice Sunday တွင် ဆက်လက်ဖော်ပြပါမည်။

ဇေဝင်းနောင် ဘာသာပြန်သည်