News

POST TYPE

INTERVIEW

ပြေတီဦးနဲ့ တွေ့ဆုံခြင်း
02-Feb-2018



“ကမ္မဖလ” ဝတ္ထုက ရိုက်ရတာ စိန်ခေါ်မှုတွေ ရှိတယ်ဆိုပေမယ့်လည်း ဒီလိုဇာတ်လမ်းမျိုးကို ကြိုးစားပြီး ရိုက်ကြည့်ချင်ပါတယ်”

နာမည်ကျော် သရုပ်ဆောင် ပြေတီဦးနဲ့ တွေ့ဆုံပြီး စာရေးဆရာကြီးတင့်တယ်ရဲ့ ဂန္ထဝင်ဝတ္ထုဖြစ်တဲ့ “ကမ္မဖလ”ကို ရုပ်ရှင်ပြန်ရိုက်ရတဲ့အပေါ် ခံစားမှု၊ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်အတွက် ပြင်ဆင်မှုအပိုင်းများ၊ တစ်ခေတ်က အောင်မြင်ခဲ့တဲ့ “ငယ်ကျွမ်းဆွေ” ပြဇာတ်ကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာ ပါဝင်ခွင့်ရမယ့်အပေါ် ခံစားမှုတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : စာရေးဆရာကြီး တင့်တယ်ရဲ့ ဂန္ထဝင်ဝတ္ထု တစ်ပုဒ်ဖြစ်တဲ့ “ကမ္မဖလ” ကို ရုပ်ရှင်ပြန်ရိုက်နေတယ်လို့ သိရတယ်။ အဲ့ဒီအကြောင်းကနေစပြီး ပြောပြပေးပါဦး။
PTO : ကမ္မဖလ ရုပ်ရှင်ဇာတ်ကားက ကျွန်တော်တို့ စတော့ရိုက်ထားကြပြီ။ ဒါပေမဲ့ ကျွန်တော် သရုပ်ဆောင်ရတဲ့ဇာတ်ရုပ်က မုတ်ဆိတ်မွေးတွေ၊ နှုတ်ခမ်းမွေးတွေ၊ ဆံပင်ပုံစံတွေရှိတဲ့အတွက် တစ်ဆက်တည်း ရိုက်လို့မရဘူး။ ထောင်ထဲက ဇာတ်ဝင်ခန်းတွေ ရိုက်ဖို့အတွက်တော့ ဆံပင်အတိုထားပြီး ရိုက်ခဲ့တယ်။ ဆံပင်အရှည် ပြန်ထားပြီးတော့ လိုအပ်တဲ့အခြေအနေရောက်တော့မှ ပြန်ရိုက်ကြမယ်။ ဒီဇာတ်ကားအတွက် ဆက်တင်တွေကလည်း တစ်ပိုင်းပြီး တစ်ပိုင်း ဆောက်ရမှာဆိုတော့ တစ်ဆက်တည်း ရိုက်လို့တော့ မရဘူး။ အဲ့ဒါကြောင့် ကမ္မဖလ ရုပ်ရှင်ကတော့ ရိုက်တာ ခဏနားထားတယ်။ ဒီလထဲမှာတော့ ဒါရိုက်တာ ဩရသနဲ့ “ဇီးရိုးနှင့် ဟီးရိုး” ရုပ်ရှင်ရိုက်မယ်။ မင်းသမီးကတော့ ဝတ်မှုံရွှေရည်ပါ။

Voice : ဒီဝတ္ထုက ဇာတ်အိမ်လည်းကြီးသလို ရိုက်ရတာလည်း ခက်တယ်၊ အံဝင်ခွင်ကျဖြစ်မယ့် သရုပ်ဆောင် ရွေးချယ်ရတာလည်းခက်တယ်လို့ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောဖူးတယ်နော်။
PTO : ဒီဝတ္ထုကြီးက ဆရာကြီးတင့်တယ် ရေးခဲ့တဲ့ ဂန္ထဝင်ဝတ္ထုကြီးပါ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ကတော့ ဒီလို ဇာတ်လမ်းကောင်းတစ်ခုကိုရိုက်ဖို့ အရမ်းစိတ်ဝင်စားပါတယ်။ “ကမ္မဖလ” ဝတ္ထုက ရိုက်ရတာ စိန်ခေါ်မှုတွေ ရှိတယ်ဆိုပေမယ့်လည်း ဒီလိုဇာတ်လမ်းမျိုးကို ကြိုးစားပြီး ရိုက်ကြည့်ချင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့အခါမှာ ဝမ်းပန်းတသာနဲ့ လက်ခံဖြစ်တာပါ။ ကျွန်တော် သရုပ်ဆောင်ရတဲ့ ကာရိုက်တာကိုလည်း အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားမှာပါ။

Voice : ကိုယ့်အတွက် သရုပ်ဆောင်မှုအပိုင်းမှာရော ဘယ်လိုအခက်အခဲလေးတွေ ရှိနိုင်မလဲ။
PTO : ဒီကားထဲမှာ ကျွန်တော် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်ကို ၁၉၁၀ ခုနှစ်လောက်မှာ မွေးတာပေါ့နော်။ အဲ့ဒီခေတ်က အဝတ်အစား အပြင်အဆင်နဲ့ ဆက်တင်တွေကိုတော့ အများကြီး လုပ်ထားပါတယ်။ အက်တင်ပိုင်းမှာတော့ နည်းနည်းစဉ်းစားပြီး လုပ်ရတဲ့အပိုင်းလေးတွေတော့ ရှိတာပေါ့။ ဒီဇာတ်ကောင်က ဘယ်လောက်ပဲဆိုးနေနေ သူ့မှာ အမှန်တရားတစ်ခုတော့ ရှိထားပြီးသားလေ။ ကာရိုက်တာတစ်ခုမှာ ဆိုးပြဖို့ လုံလောက်တဲ့ အကြောင်းတရားတစ်ခု ရှိနေရင်တော့ ကျွန်တော့်ဘက်က ရိုက်ဖို့မကြောက်ပါဘူး။ ရင်ဘတ်ထဲကဓား ရုပ်ရှင်ကိုတောင် ကျွန်တော် ရိုက်ခဲ့သေးတာပဲလေ။

Voice : ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာတဲ့ ဂန္ထဝင်ဝတ္ထုကောင်းတစ်ပုဒ်ကို ရိုက်ရတာက သမားရိုးကျဇာတ်လမ်းတွေကို ရိုက်ရတာနဲ့ ဘယ်လိုကွာခြားလဲ။
PTO : ဒီကားကို ရိုက်ရတာ ကျွန်တော်တို့ ပုံမှန်ရိုက်နေကျ ဇာတ်တွေနဲ့တော့ ဖီလင်ချင်းက အရမ်းကွာပါတယ်။ ရိုက်ရတဲ့ အနေအထားရော၊ ပြင်ဆင်မှုအပိုင်းတွေရော၊ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေရော အရမ်းကို ကွာပါတယ်။ ဆက်တင်တွေဆိုလည်း သေချာဆောက်ပြီး ရိုက်ကြတယ်။ အစစအရာရာကို သေချာပြင်ဆင်ကြတယ်။ ဒါရိုက်တာဖြစ်တဲ့ ဦးပန်းချီစိုးမိုးကလည်း တော်တော်လေးကို သေချာပြင်ဆင်ထားတာဖြစ်တဲ့အတွက် ရိုက်ရတဲ့ဖီလင်က အရမ်းကောင်းပါတယ်။

Voice : ဒီဝတ္ထုက စာပေလောကမှာလည်း အရမ်းကို အောင်မြင်ခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ပါ။ ဒီဝတ္ထုကို နှစ်သက်ခဲ့ကြတဲ့ စာဖတ်ပရိသတ်တွေကိုရော ရုပ်ရှင်ပြန်ရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။
PTO : ကျွန်တော် ကြိုပြောထားချင်တာကတော့ ဒီဝတ္ထုကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ ကျွန်တော့်ဘက်က ကိုယ် သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ။ ကျွန်တော် သရုပ်ဆောင်တာက ပီပြင်မှု ရှိ မရှိ၊ ကောင်း မကောင်းဆိုတာတော့ ဇာတ်ကားထွက်လာတော့မှပဲ သိရမှာပါ။ ကျွန်တော့်ဘက်ကတော့ ကိုယ့်ကို ကမ်းလှမ်းလာတဲ့ ဇာတ်ရုပ်တိုင်းကို အမြဲတမ်းကြိုးစားပြီးတော့ သရုပ်ဆောင်ပါတယ်။ 

Voice : ဘဘဘိုကလေးတင့်အောင်က သူ့ရဲ့ “ငယ်ကျွမ်းဆွေ” ဇာတ်လမ်းကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာ မင်းသားနေရာမှာကို ပြေတီဦးကိုထားဖို့ ဒါရိုက်တာ မောင်မျိုးမင်းကို ပြောခဲ့တယ်လို့ သိရတယ်။ ကိုယ်တိုင်ရော ဘယ်လိုခံစားမှုရှိလဲ။
PTO : ဘဘက ဒီလိုပြောတဲ့အတွက် အရမ်းဝမ်းသာတယ်။ ပြောမပြနိုင်လောက်အောင်လည်း ပီတိဖြစ်ရပါတယ်။ ဘဘကသာ တာဝန်ပေးမယ်ဆိုရင် ကျွန်တော်တို့ဘက်က စဉ်းစားစရာတောင်မလိုဘဲ လက်ခံမှာပါ။ ဇာတ်လမ်းက ဘယ်လိုလဲ၊ ဘာလဲ ညာလဲတောင် မေးစရာမလိုပါဘူး။ ဘဘလိုလူမျိုးက တာဝန်ပေးလာရင် ကျွန်တော်တို့ဘက်က လုပ်ကိုလုပ်ရမှာပါ။ အဲ့ဒီလိုလုပ်ပေးခွင့်ရတာ၊ သူ့မျက်စိထဲမှာ ကိုယ့်ကိုမြင်တာကိုပဲ ပြောမပြနိုင်လောက်အောင် ပီတိဖြစ်ရပါတယ်။ ဝမ်းလည်းသာရပါတယ်။ ရိုက်ဖြစ်ရင်တော့ ဘဘနဲ့တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ။

သန့်ဇင်ဦး