News

POST TYPE

INTERVIEW

အာဇာနည်နေ့ ဘာတွေမျှော်လင့်နေလဲ
18-Jul-2016 tagged as

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကိုးဦးတို့ လုပ်ကြံခံရမှုမှာ လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ၆၉ နှစ် ပြည့်မည် ဖြစ်သည်။ ၆၉ နှစ်မြောက် အာဇာနည်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်ခွင့် ရရှိသည့် အစိုးရသစ် လက်ထက်တွင် ပထမဆုံး ပြုလုပ်ခြင်းဖြစ်ရာ ယခင်နှစ်များနှင့်မတူ ထူးခြားနေသည်။ အာဇာနည်နေ့ အခမ်းအနားများတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥသြဆွဲခွင့် ရရှိခြင်း အပါအဝင် အာဇာနည်နေ့ကို ခမ်းခမ်းနားနား ကျင်းပရန် စီစဉ်လျက်ရှိသည်။ သို့ကြောင့်လည်း ၆၉ နှစ်မြောက် အာဇာနည်နေ့ကို ပြည်သူလူထုက စိတ်ဝင်စားမှု မြင့်တက်နေသည်။ ယင်းကြောင့် နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် အခြေခံလူထု၏ သဘောထားအမြင်များကို The Voice က မေးမြန်းဖော်ပြလိုက်ရပါသည်။

“သွေးအသစ်နဲ့ ဒီစိတ်တွေကို ပြန်မွေးပေးရမှာ”
ဖိုးသောကြာ(ခေတ်+မိုး)

အာဇာနည်နေ့ရဲ့ အင်္ဂလိပ်လိုနာမည်က Martyrs’ Day ပေါ့။ အာဇာနည်ဆိုတာက သူက ကျမ်းအလာ ပါဠိစကား။ အာဇာနည်ကို အဓိပ္ပာယ် ဖွင့်တာက ပါဠိမှာ ဒုကင်္ဂုတ္တရကျမ်း၊ စတုကင်္ဂုတ္တရကျမ်း အဲဒီကျမ်းနှစ်ကျမ်း ရှိတယ်။ အဲဒီကျမ်းမှာ (စတုကင်္ဂုတ္တရကျမ်းလာ အာဇာနည် အမျိုးအစား ခြောက်မျိုးရှိသည်။ ၁။ သီဟ-ခြင်္သေ့ အာဇာနည်မျိုး၊ ၂။ ဟတ္ထာဇာနေယျ- ဆင် အာဇာနည်မျိုး။ ၃။ အဿာဇာနေယျ- မြင်း အာဇာနည်မျိုး။  ၄။ ဥသဘာဇာနေယျ- နွားလား အာဇာနည်မျိုး။ ၅။ ပုရိသာ ဇာနေယျ- ယောက်ျားအာဇာနည်မျိုး၊ ၆။ ခီဏာသဝ- ရဟန္တာပုဂ္ဂိုလ်) အာဇာနည်ဆိုတာ ဟုတ်တိုင်းမှန်ရာကို မကြောက်မရွံ့၊ မတုန်မလှုပ်၊ ဝေဖန်ထောက်ပြ၊ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ မှန်မှန်ကန်ကန် တိုင်းပြည်အတွက် ပြောဆိုတယ်။ ဆိုတော့ အဲဒါအာဇာနည်နော်။ ဒါက မြန်မာလိုပေါ့။ 

အင်္ဂလိပ်လို Martyrs’ ကျတော့ မိမိယုံကြည်မှုအတွက် အသက်ကို စွန့်လွှတ်တာ။ သေမယ်မှန်း သိတယ်။ ဒီဟာကို ယုံကြည်တဲ့အတွက် သတ်မယ်။ သတ်ပါစေဆိုတာမျိုး ယုံကြည်တာ။ အဲဒီတော့ မြန်မာလိုကျတော့ အာဇာနည်နေ့။ အင်္ဂလိပ်လိုကျတော့ Martyrs’ Day ပေါ့။ မွေးအောင်လို့ စတုတ္ထမဏ္ဍိုင် သတင်းစာကလည်း တိုင်းပြည်က လူငယ်တွေကို ပေးရမယ်။ ဗိုလ်ချုပ်အောင်ဆန်းကို အချိန်တန် အလေးသွားပြုတယ်။ ဒီအတွက် အလေးပြုတာတင် မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တာတွေကို အလေးပြုတာ အပြင်မှာ ဗိုလ်ချုပ်အောင်ဆန်းလို ဖြစ်အောင် လုပ်ရမှာ။ ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုး ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ရမယ် ဆိုတာ အဓိဋ္ဌာန်နဲ့ လုပ်ရမှာ။ သွေးအသစ်နဲ့ ဒီစိတ်တွေကို ပြန်မွေးပေးရမှာ။

“ဥသြဆွဲမယ်ဆိုရင် ယာဉ်တိုက်မှု အန္တရာယ်ရှိတယ် ဆိုပြီးတော့ အကြောင်းပြချက်နဲ့ ကျွန်တော်တင်ခဲ့တာကို ငြင်းပယ်ခဲ့တာပေါ့”
ဦးသိန်းညွန့်  (အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဋ္ဌ)

အဓိက ကျွန်တော်ပြောချင်တာက အခုအခင်းအကျင်းတွေကတော့ အရင်အခင်းအကျင်းတွေနဲ့ ကွာခြားချက်က မျက်နှာသစ်တွေ ဦးဆောင်ကျင်းပလာတာပေါ့။ ဒါက တစ်ချက်ပေါ့။ ဒီထက်အရေးကြီးတဲ့ အချက်ကတော့ (ဦးသိန်းစိန် အစိုးရလက်ထက်) ဒုတိယအကြိမ် လွှတ်တော်မှာ အာဇာနည်ကြီးများရဲ့ အစဉ်အလာကို လေးစားသောအားဖြင့် ဖဆပလအစိုးရ၊ ပထစအစိုးရ၊ လမ်းစဉ်ပါတီအစိုးရ၊ တပ်မတော်အစိုးရ လက်ထက် အဆက်ဆက်က အာဇာနည်ကြီးများ ကျဆုံးချိန် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲသံအဖြစ် အလေးပြုဖို့ပေါ့။ အဲဒါက ကျွန်တော် (ဦးသိန်းစိန်အစိုးရ လက်ထက်) ပထမအကြိမ် ဒုတိယလွှတ်တော်မှာ မေးခွန်းမေးတဲ့ အခါမှာ အဲဒီတုန်းက ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီးကနေ ဟိုခေတ်က ယာဉ်တိုက်မှု အန္တရာယ် နည်းတယ်ပေါ့။ မော်တော်ယာဉ်တို့ နည်းတဲ့အတွက် ဥသြဆွဲတာ ပြဿနာ မရှိပေမယ့် ခုခေတ်မှာတော့ မော်တော်ယာဉ်များ အထူးသဖြင့် ဆိုင်ကယ်များ များတဲ့အတွက် ဥသြဆွဲမယ်ဆိုရင် ယာဉ်တိုက်မှု အန္တရာယ်ရှိတယ် ဆိုပြီးတော့ အကြောင်းပြချက်နဲ့ ကျွန်တော် တင်ခဲ့တာကို ငြင်းပယ်ခဲ့တာပေါ့။
အဲဒါကြောင့် ကျွန်တော်က ၆၇ နှစ်မြောက် အာဇာနည်နေ့ အခါသမယမှာ ထပ်မံဥသြဆွဲဖို့ အစီအစဉ်ရှိ၊ မရှိ အရင်ပြည်ထောင်စုဝန်ကြီး ပြန်လည်ဖြေကြားချက်က ဝန်ကြီး ပြောင်းသွားပြီ။ အစိုးရအဖွဲ့ သဘောထား ဟုတ်၊ မဟုတ် မေးခဲ့ပါတယ်။ မေးခဲ့တဲ့အခါ ဒုတိယ ပြည်ထဲရေး ဝန်ကြီးကနေ ထပ်မံပြီးတော့ သူတို့ သဲသဲကွဲကွဲ ရပ်တည်ချက် မပေးနိုင်ဘဲနဲ့ အစီအစဉ် မရှိသေးဘူးဆိုတာ ဖြေခဲ့တာပေါ့။ အဲဒီတော့ ကျွန်တော်က ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒက အာဇာနည်နေ့မှာ ဥသြဆွဲတာ အင်မတန် လိုလားနေပြီ။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုသင့်ဘူးလို့ လွှတ်တော်မှာ ကျွန်တော် ထပ်ဆင့်ထောက်ပြတဲ့ အခါမှာ လွှတ်တော် ဒုဥက္ကဋ္ဌက အဲဒီသဘောထားကို လက်ခံပြီးတော့ အခြေအနေအရ ပြုပြင်ပြောင်းလဲရေး ဖြေလျှော့ပေးတဲ့ အဆင့်တွေ လုပ်တဲ့နေရာမှာ အာဇာနည်နေ့ ဥသြဆွဲဖို့ အစီအစဉ်ကိုလည်း လွှတ်တော်က အစိုးရကို...သွားမယ်ဆိုတာလည်း လွှတ်တော်ထဲမှာ မှတ်တမ်းတွေ ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ခုလိုညွှန်ကြားချက် မထုတ်ပေမယ့် အာဇာနည်နေ့မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အစီအစဉ်ကနေ ဥသြသံလား၊ စစ်ခရာ သံလားတော့ မသိဘူး။ အဲဒီအသံမျိုးတွေ ဆွဲလာတာကို ကျွန်တော်တို့ ကြားလာရတယ်။ တစ်ကြိမ်တည်းမှာပဲ လူထုဘက်ကလည်း... ဥသြဆွဲတာတွေကို အဲဒီလွှတ်တော်မှာ ကျွန်တော် မေးခွန်းမေးပြီး ကတည်းက စတင်လာတာပေါ့။ 

ဒါပေမဲ့ အခု ၆၉ နှစ်မှာတော့ သမ္မတရုံးကနေ ညွှန်ကြားချက်ပေးလိုက်တဲ့ အတွက် ဒါက တရားဝင် ဖြစ်သွားပြီ။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားပြီ။ ပြည်သူအားလုံး နှစ်ပေါင်း ၂၀ ကျော် လိုလားတဲ့ ဥသြသံ တရားဝင် ကျယ်ကျယ်လောင်လောင် ကြားရမှာကတော့ ဒီနှစ် အာဇာနည်နေ့ရဲ့ အကြီးမားဆုံး ထူးခြားချက်ပဲလို့ ပြောပါရစေ။                                      

“ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကြီးတွေရဲ့ အခန်းကဏ္ဍက ပြန်မြင့်တက်လာတယ်”
ဦးကိုကိုကြီး (၈၈ မျိုးဆက်ကျောင်းသား) (၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

နှစ်စဉ်ကတော့ ပန်းခွေချပြီး အလေးပြုတဲ့ အစီအစဉ်ပေါ့လေ။ အဲဒါတွေ ကျွန်တော်တို့ လုပ်တယ်၊ နောက် အာဇာနည် မိသားစုတွေက ဆွမ်းသွတ်တာတွေ ဆွမ်းကပ်တာတွေ ရှိရင် ကျွန်တော်တို့ သွားတယ်။ ခါတိုင်းဆိုရင် ဦးဘဦး မိသားစုက ဖိတ်ကြားတာ ရှိတာပေါ့လေ။ အဲဒီလိုမျိုး ဂါရဝပြုတဲ့ အစီအစဉ်တွေ ရှိတာပေါ့နော်။

အာဇာနည်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ငယ်ငယ်က အဲဒီအာဇာနည်နေ့ ပတ်ဝန်းကျင်ဆိုရင် ဗိုလ်ချုပ်မိန့်ခွန်းတွေကို မြန်မာ့အသံကနေ လွှင့်တယ်။ နောက်ပြီး ဥသြဆွဲတယ် အလေးပြုတယ်။ ဒါတွေက ပုံမှန်လုပ်လေ့ရှိတဲ့ အလုပ်တွေပေါ့လေ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီအာဇာနည်နေ့ရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့ မှိန်လာတယ်ပေါ့လေ။ ကျွန်တော်တို့ အဲဒီလိုပဲ ခံစားရတယ်။ အထင်ရှားဆုံး ပြောရရင် ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ထားတဲ့ ပိုက်ဆံတွေ ပျောက်သွားတယ်။ မိန့်ခွန်းတွေ ပျောက်သွားတယ်ပေါ့။ ဒါတွေက တဖြည်းဖြည်းနဲ့ လူငယ်တွေ ကြားထဲမှာလည်း အထိမ်းအမှတ် အခမ်းအနားတွေ တော်တော်လေး နည်းသွားတယ်။ နောက်ပြီး ချီတက်အလေးပြုတဲ့ အခါမှာ တဖြည်းဖြည်းနဲ့ အဆင့်နိမ့်သွားလိုက်တာ နောက်ဆုံး မြို့တော်ဝန် အဆင့်နဲ့ပဲ ပြီးသွားတဲ့ အနေအထားတွေအထိ ရှိလာခဲ့တယ်။ အခု ဒီနှစ်မှာကတော့ မြန်မာအသံကနေ ဥသြဆွဲမယ်။ နိုင်ငံတော်အဆင့်မှာ ဆိုရင် ဒုတိယသမ္မတ တက်မယ်။ ကာကွယ်ရေးဦးစီးချုပ် တက်မယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကြီးတွေရဲ့ အခန်းကဏ္ဍက ပြန်မြင့်တက်လာတယ်။ ထူးခြားလာတယ်လို့ ခံစားရပါတယ်။                                                             

“အစိုးရတစ်ရပ် လုပ်ရမယ့် တာဝန်ကို စပြီး ကျေပွန်တယ်လို့ မြင်ပါတယ်”
ကိုမင်းသွေးသစ် (ဗကသများအဖွဲ့ချုပ်-အာဇာနည်နေ့ လှုပ်ရှားမှု စီစဉ်ကြီးကြပ်သူ)

အာဇာနည်နေ့ ဥသြဆွဲတဲ့အခါ ရောက်ရာအရပ်မှာ ရပ်ပြီးတော့ ကျောင်းသားတွေ အားလုံး ကျွန်တော်တို့ မြို့နယ်တွေ မြို့နယ်တွေရဲ့ လမ်းဆုံတွေမှာ လိုက်ပြီးတော့ ကျောင်းသားတွေနဲ့အတူ အလေးပြုဖို့၊ သွားနေတဲ့ကားတွေ ရပ်ပြီး ဟွန်းတီးကြဖို့ လိုက်ပြီးတော့ ပြောရတယ်။ လှုပ်ရှားမှု လုပ်တဲ့အခါ အမှန်တကယ်တမ်းကတော့ ကျောင်းသားက လုပ်တာထက်စာရင် နိုင်ငံအုပ်ချုပ်တဲ့ အစိုးရက ပိုပြီးတော့ ပြည်သူတွေကို လှုံ့ဆော်မှု လုပ်ရမယ်။ အရင်အစိုးရ လက်ထက်က ကျွန်တော်တို့ ဒါမျိုးလုပ်တာ ပိတ်ပင်ခံရတယ်။ အခုအစိုးရ လက်ထက်မှာတော့ အစိုးရကိုယ်တိုင် လိုက်ပြီး လှုံ့ဆော်တာတွေ လုပ်လာတယ်။ ချီတက်အလေးပြုတာတွေ ခွင့်ပြုလာတယ်။ ကားတွေ ဟွန်းတီးပြီး ဥသြလိုက်ဆွဲဖို့ ဆိုတာလည်း သူတို့က စပြီးတော့ ပြောလာတယ်ဆိုတော့ ဒီနှစ်က အရင်အစိုးရ လက်ထက်ကနဲ့ စာရင်တော့ အများကြီး ကွာခြားသွားတယ်။ ဒါက အစိုးရတစ်ရပ် လုပ်ရမယ့် တာဝန်ကို စပြီး ကျေပွန်တယ်လို့ မြင်ပါတယ်။ 

“အာဇာနည်နေ့မှာ အစိုးရ အနေနဲ့ ဥသြဆွဲလောက်တဲ့ အနေအထားမျိုး ကျွန်တော့်အနေနဲ့ လုံးဝ မကြုံသေးပါဘူး”
ကိုပိုင်ရဲသူ (နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်)

အာဇာနည်နေ့ဆိုရင် ကျွန်တော်တို့ တစ်သက်မှာဆိုရင် အစိုးရအနေနဲ့ ဥသြဆွဲပေးတဲ့ အစဉ်အလာ မရှိခဲ့ဘူး။ ဒါက ကျွန်တော့်တစ်သက်ပါ။ ကျွန်တော့် အသက် ၂၅ နှစ်ပါ။ အဲဒီတော့ ကျွန်တော်တို့တွေ ၂၀၁၃၊ ၂၀၁၄ လောက်မှာ အာဇာနည်နေ့မှာ ဥသြဆွဲဖို့ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေ ကြိုးစားခဲ့ကြတဲ့ အပိုင်းတွေ ရှိတယ်။ ကိုယ့်ဟာကိုယ် ဥသြဆွဲတာပေါ့။ အစိုးရအနေနဲ့ ဥသြဆွဲဖို့ကိုလည်း တိုက်တွန်းတယ်။ အစိုးရမဆွဲခဲ့လို့ ကျွန်တော်တို့ ဆွဲခဲ့ကြတယ်။ 

ဒါပေမဲ့ ဒီနှစ်မှာတော့ အစိုးရအနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပပြီးတော့ ဥသြဆွဲမယ့် အစီအစဉ် သိထားရတော့ အရပ်သားအစိုးရရဲ့ ပြုပြင်ပြောင်းလဲလာတဲ့ အာဇာနည်တွေအပေါ် သဘောထားပါ။ အာဇာနည်နေ့မှာ အစိုးရအနေနဲ့ ဥသြဆွဲလောက်တဲ့ အနေအထားမျိုး ကျွန်တော့်အနေနဲ့ လုံးဝ မကြုံသေးပါဘူး။ ဥသြဆွဲတဲ့ ကိစ္စကို ကျွန်တော် လုံးဝမကြုံဖူးဘူး။ အဲဒီတော့ ဒီအချိန်မှာ အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဥသြဆွဲမယ်၊ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ အတိုင်းမသိ ဝမ်းသာမိမှာပါ။  

“ဦးတို့ငယ်ငယ်ကဆို ဗိုလ်ချုပ် ကျဆုံးသွားတဲ့နေ့ ဆိုပြီး ကားတွေရပ်တယ်။ သင်္ဘောတွေလည်း ဥသြဆွဲရတယ်”
ဦးသန်းနိုင် (အထမ်းဈေးသည်)

အာဇာနည်နေ့က အရင်နှစ်တွေနဲ့ မတူဘူးလေ။ ဒီနှစ်တော့ ဥသြတွေ ဘာတွေဆွဲမယ်လို့ တီဗီက ကြေညာပါတယ်။ ဒီနှစ်တော့ ဟိုးအရင်က အာဇာနည်နေ့တွေလို ပြန်လုပ်မယ် ထင်တာပဲ။ ဦးတို့ငယ်ငယ်ကဆို ဗိုလ်ချုပ် ကျဆုံးသွားတဲ့နေ့ ဆိုပြီး ကားတွေရပ်တယ်။ သင်္ဘောတွေလည်း ဥသြဆွဲရတယ်။ အလေးပြုတယ် အဲ့လိုလုပ်ကြတယ်။ ဒီနှစ်မှာလည်း အဲ့လိုပြန်လုပ်မယ်လို့ ထင်တာပဲ။ အာဇာနည်နေ့ ကျရင်တော့ အာဇာနည်ကုန်းထိ မသွားတော့ပါဘူး။ အသက်တွေလည်းကြီးပြီ ဆိုတော့ အိမ်က သားတွေ သမီးတွေတော့ သွားတယ်ထင်တယ်။ အရင်နှစ်တွေထက်စာရင် ဒီနှစ်မှာတော့ ဦးတို့ ငယ်ငယ်ကလို ပြန်ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။             

“ဦးတို့လက်ထက်မှာ ခုလိုမလုပ်ရတာ ကြာပြီဖြစ်လို့ ခုလိုပြန်လုပ်ခွင့်ရတဲ့ အတွက် တော်တော်လေး ပျော်ပါတယ်”
ဦးဝင်းစိုး (ကြက်ဥ၊ ဘဲဥ ဈေးသည်)

ဒီနှစ်မှာတော့ ဥသြဆွဲမယ်လို့ ပြောပါတယ်။ အဲ့အချိန်ကျရင်တော့ မတ်တတ်ရပ်ပြီးတော့ အလေးပြုပါမယ်။ ကိုယ့်ဗိုလ်ချုပ်ကြီးပဲလေ ကိုယ်လုပ်တဲ့ အလုပ်ကိုရပ်ပြီး ထအလေးပြု ဆယ့်ငါးမိနစ်ဆို ဆယ့်ငါးမိနစ် သူသတ်မှတ်ထားတဲ့ အချိန်ထိပေါ့။ အခမ်းအနားတော့ တက်ဖြစ်မယ် မထင်ဘူး။ ဈေးရောင်းရဦးမှာ ဆိုတော့။ နောက်ပြီး အာဇာနည်ကုန်းပေါ်ကို သတင်းမှာ ကြော်ငြာတာက လက်နှိပ်ဓာတ်မီးတို့၊ ဖုန်းတို့ ယူမလာရဘူး။ ပြီးတော့ ဓာတ်ပုံတို့၊ အလံတို့ မယူသွားရဘူးဆိုတော့ ကိုးလိုးကန့်လန့်နဲ့ ဖြစ်တာပေါ့နော်။ လုံခြုံရေးတွေ တိုးချထားတယ်လို့ ပြောပါတယ်။ ဒီနှစ်မှာတော့ အမေစုကိုယ်တိုင် ဦးဆောင်ပြီး လုပ်မှာဖြစ်တဲ့အတွက် ပိုပြီးဂုဏ်ယူပါတယ်။ ဦးတို့ လက်ထက်မှာ ခုလိုမလုပ်ရတာ ကြာပြီဖြစ်လို့ ခုလိုပြန်လုပ်ခွင့်ရတဲ့ အတွက် တော်တော်လေး ပျော်ပါတယ်။ နောက်နှစ်တွေလည်း ခုလိုမျိုး စည်စည်ကားကား ပြန်လုပ်နိုင်ရင် ပိုကောင်းတာပေါ့။   

“အလုပ်နားမယ်ဗျ။ နားပြီးတော့ အာဇာနည်ဗိမာန်ကို သွားမယ်”
ကိုဒါဝိတ် (အနှေးယာဉ်လုပ်သား)

လျှောက်တော့ကြည့်ရမှာပေါ့။ အာဇာနည်ဗိမာန် သွားမယ်။ အရင်နှစ်နဲ့ ဒီနှစ်ကတော့ ကွာခြားမှု ရှိမယ်လို့တော့ ထင်တာပဲ။ အဲ့ဒါကလည်း လျှောက်သွားကြည့်မှပဲ သိလိမ့်မယ်။ ဒီနှစ်ကတော့ ကားလမ်းကြောတွေ ပိတ်မယ်လို့ ပြောတာပဲ။ သတင်းထဲမှာ အဲ့လိုတော့ ကြားတာပါပဲ။ အဲ့နေ့ (အာဇာနည်နေ့) ကျရင် အလုပ်နားမယ်ဗျ။ နားပြီးတော့ အာဇာနည်ဗိမာန်ကို သွားမယ်။ မျှော်လင့်ချက်ကတော့ ထွေထွေထူးထူးတော့ မထားပါဘူး။ ကောင်းမယ်လို့တော့ ထင်တာပဲ။ အပြောင်းအလဲတော့ ဖြစ်မယ်ထင်ပါတယ်။ ကောင်းမယ်လို့တော့ ထင်တာပေါ့။

“ဒီနှစ်တော့ လွတ်လွတ်လပ်လပ် သွားလို့ရမယ်။ မသွားမဖြစ်ကို သွားမယ်”
ဦးပေစိ (အနှေးယာဉ်လုပ်သား)

ဒီနှစ် အာဇာနည်ကုန်းသွားပြီး အလေးသွားပြုမယ်။ လုပ်ချင်တာတွေ အကုန်လုံးလုပ်မယ်။ အရင်နှစ်တွေတုန်းကလည်း သွားတယ်။ ဒါပေမဲ့ လွတ်လွတ်လပ်လပ် သွားလို့မရခဲ့ဘူး။ ဒီနှစ်တော့ လွတ်လွတ်လပ်လပ် သွားလို့ရမယ်။ မသွားမဖြစ်ကို သွားမယ်။ အတားအဆီးရှိလည်း သွားမယ်။ ရောက်အောင်သွားမယ်။ စည်းလုံးညီညွတ်မှု ပိုရှိလာမယ်။ အမေစုကလည်း ပြောတယ်လေ။ ဘာပဲဖြစ်ဖြစ် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိရမယ်။ အဲ့လိုဖြစ်ဖို့လည်း အရေးကြီးတယ်။ သတ်မှတ်အချိန်အတွင်း သွားရမှာပေါ့။ ဘာမှတော့ ထွေထွေထူးထူး မျှော်လင့်ထားတာတော့ မရှိပါဘူး။ ကိုယ့်ရဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတာ အခုမှ တရားဝင် နိုင်ငံတကာက အသိအမှတ်ပြုရတဲ့ ဒီမိုကရေစီ အာဇာနည်နေ့ကို သွားကိုသွားချင်တယ်။ ထက်သန်တယ်။ ဘာပဲလုပ်ရလုပ်ရ သွားကိုသွားမယ်။ 

အခုလက်ရှိ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြီးအကဲတွေ လုပ်နေတာနဲ့ ပတ်သက်ပြီးတော့ အားလုံး အားပေးပါတယ်။ ကောင်းတာလုပ်တာ ဖြစ်တဲ့အတွက် အားပေးပါတယ်။ အပြောင်းအလဲကို သူတို့ လုပ်နေပါတယ်။ အရာဝတ္ထုတစ်ခုကို ချက်ချင်းလုပ်လို့ မရဘူး။ ကျွန်းပင်စိုက်သလိုပဲ။ နှစ်ရှည်စီမံကိန်းပေါ့လေ။ လူတွေက ပြောကြတယ်။ အာခြောက်ရတော့ ညောင်းသွားမှာပဲ။ စောင့်ကြည့်ရမယ်။ ၁၀ နှစ်အတွင်း ပြောင်းလဲသွားလိမ့်မယ်။ ငတ်နေတဲ့ လူတွေလည်း ရှိမှာပဲ။ ဘာဖြစ်လို့ ငတ်တာလဲဆိုတော့ အပြောင်းအလဲကြောင့် ငတ်တာပဲ။ ငတ်မှာပဲ။ ဒါပေမဲ့လည်း ဒါက သူ့အလိုလို အဆင်ပြေသွားမှာပါ။
                                                                                
အာဇာနည်ဗိမာန် ပြင်ဆင်ထားမှု
ဒေါ်လှိုင်မော်ဦး (အတွင်းရေးမှူး- ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ)

အာဇာနည်ကုန်းက နှစ်စဉ် နှစ်တိုင်းပဲလေ အာဇာနည်နေ့နား နီးလာလို့ရှိရင် ပြင်ဆင်တာ ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အာဇာနည်ကုန်းကို ပုံစံရေးဆွဲခဲ့တဲ့ ဗိသုကာ ဦးဆန်းဦးကို ခေါ်ပြီးတော့ သူရဲ့စိတ်ကူးကို အကောင်အထည်ဖော်နိုင်ဖို့ ကျွန်မတို့ ကြိုးစားခဲ့ပါတယ်။ ဆိုလိုချင်တာက မူလ အာဇာနည်ဗိမာန်မှာ ရှိနေတဲ့ အာဇာနည်ဗိမာန်ကို ဝိညာဉ်သွင်းဖို့ ကျွန်မတို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ပြတိုက်ကတော့ တကယ့်တကယ်တမ်း ယဉ်ကျေးမှုက တာဝန်ယူထားတာပါ။ ဒါပေမဲ့ ယဉ်ကျေးမှုကနေ လိုတဲ့ပံ့ပိုးမှုတွေကို ကျွန်မတို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ ပံ့ပိုးပေးပါတယ်။ ဥပမာ- ဝင်းထဲမှာရှိနေတဲ့ အပင်နဲ့ ပတ်သက်တာရော၊ နောက်ပြီးတော့ စိုက်ခင်းပေါ့နော်။ ဗိုလ်ချုပ်က သူလုပ်ခဲ့တဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းပုံစံကို ပြန်ပြီးတော့ ပေါ်ချင်တဲ့ အတွက်ကြောင့် ကျွန်မတို့ နောက်ဘက်မှာ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ လုပ်ပေးခဲ့ပါတယ်။ နောက်ပြီးတော့ ဒီပြခန်းထဲမှာ ပြသနေတဲ့ ပြကွက်တွေကိုလည်း ယဉ်ကျေးမှုကို ကူပြီးတော့ ကျွန်မတို့ လုပ်ခဲ့ပေးပါတယ်။ 

အတွင်းဝန်ရုံးမှာတော့ ကျွန်မတို့အနေနဲ့က အရင်ပါလီမန် လုပ်ခဲ့တဲ့ အဆောက်အအုံ ရှိပါတယ်။ အဲဒီ သူ့ရှေ့မှာက ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ယူနီယံဂျက်အလံကို ဖြုတ်ချပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံအလံကို လွှင့်ခဲ့တဲ့ အလံတိုင် ရှိပါတယ်။ အဲဒီအလံတိုင် နေရာမှာ အလံတိုင်ဆိုတာ အဲဒီတစ်နေရာတည်း လွှင့်ခဲ့တာတော့ မဟုတ်ဘူး။ အလံနှစ်ခုမှာ လုပ်ခဲ့တဲ့ အထဲမှာ တစ်ခုပါတဲ့ အလံတိုင် ဖြစ်ပါတယ်။ အဲဒီအလံတိုင်မှာ ကျွန်မတို့ ဒီနှစ်အခမ်းအနား လုပ်မှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းပဲ ပါလီမန်ကို အဲဒီခေတ်က ဘယ်လိုကျင်းပခဲ့လဲဆိုတာ အဲဒီကျင်းပခဲ့တဲ့ အဆောက်အအုံကိုလည်း ဖွင့်ပြီးတော့ ပြည်သူများကို ဖွင့်ပြမှာ ဖြစ်ပါတယ်။ အပေါ်မှာ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ အခန်းကိုတော့ ကျွန်မတို့ ကြံ့ခိုင်မှုအတွက်ကို လူအများကို ဒီနှစ်မှာ မပြပါဘူး။ ဒါပေမဲ့ အဲဒီအခန်းရဲ့ ပုံကိုတော့ အပြင်ကနေ ပြသပေးမှာ ဖြစ်ပါတယ်။ ပါလီမန် အဆောက်အအုံကိုတော့ ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေ အတွက်ကို ဒီနှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့မှာ နှစ်စဉ် ဆွမ်းကပ်ခဲ့တာပါ။ ဒီနှစ်လည်း ဆွမ်းကပ်မှာ ဖြစ်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရှိနေတဲ့ မြို့တော်ခန်းမမှာ ကပ်မှာဖြစ်ပါတယ်။    

“ဒီနှစ်တော့ အားစိုက်ထားတယ်။ (တီဗီကနေ) ကြည့်မလို့”
ဒေါ်မေသန်း (ကုမ္ပဏီဝန်ထမ်း)

မနက်မိုးလင်းထဲကစပြီး တီဗီဖွင့်ပြီး ထိုင်ကြည့်မှာလေ။ ကလေးတွေကို ပြရမှာပေါ့။ ၁၀ နာရီ ၃၇ မှာတော့ အလေးပြုမှာပေါ့။ အိမ်မှာပဲပေါ့။ အာဇာနည်ဗိမာန်ကို သွားတော့သွားချင်တယ်။ ဒါပေမဲ့ လူများတော့ လန့်လို့။ ငယ်ငယ်တုန်းက နှစ်တိုင်းသွားတယ်။ ကြီးတော့လည်း မသွားတော့ဘူးပေါ့။ ဒီနှစ်တော့ ထူးထူးခြားခြား ဖြစ်မယ်ထင်တယ်။ ဒီနှစ်က အကြီးအကျယ်လည်း အခမ်းအနားလုပ်မယ် ဆိုတော့လေ။ မြို့တိုင်းလည်း လုပ်မယ်ဆိုတော့လေ။ ဒီနှစ်တော့ အားစိုက်ထားတယ်။ (တီဗီကနေ) ကြည့်မလို့။ (အာဇာနည်ဗိမာန်) မသွားတော့တာတော့ အလုပ်ဝင် ကတည်းကပဲ။ ရုတ်ရုတ်ရုတ်ရုတ်နဲ့ လူတွေကြားထဲ မသွားချင်တော့တာလည်း ပါတာပေါ့။ ဒီနှစ်တော့ ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) တို့ မိသားစုလိုက် တက်မယ်လို့ ထင်တာပဲ။ တက်မယ်လို့ သတင်းထွက်နေလို့လေ။ တက်စေချင်တာပေါ့နော်။                                                                  

“ဥသြဆွဲတဲ့အချိန် အာဇာနည်ကုန်းမှာ ရှိနေရင်တော့ အဲ့နေရာမှာ အလေးပြုပါမယ်”
ဒေါ်မြတ်ကေခိုင် (လက်တွန်းလှည်း ဈေးသည်)

ဒီနှစ် အာဇာနည်နေ့က ပိုပျော်စရာကောင်းမယ် ထင်တာပဲ။ အရင်တုန်းကတော့ အာဇာနည်နေ့ဆို လူတွေက သိပ်စိတ်မဝင်စားဘူး။ အခုတော့ အရမ်းစိတ်ဝင်စားနေကျတယ်။ အဲ့ဒီနေ့ကျရင်တော့ အာဇာနည်ကုန်းကို သွားမယ်လို့တော့ စိတ်ကူးတယ်။ လူတွေ အရမ်းများရင်တော့ သွားချင်မှ သွားမယ်။ ကြည့်လိုက်ဦးမယ် ကလေးတွေရော ပါမှာဆိုတော့ မနှစ်ကတော့ မသွားဘူး။ ဒီနှစ်တော့ သွားမယ်လို့ စိတ်ကူးထားတယ်။ ဒီနှစ်တော့ လူတိုင်းပျော်ပြီး သွားချင်နေကျတယ်။ မနှစ်ကထက် စာရင်တော့ ဒီနှစ်ကွာမယ်လို့ ထင်ပါတယ်။ဘာလို့လဲဆိုတော့ အစိုးရ ပြောင်းသွားတော့ အရင်ထက်စာရင် တစ်ခုခုတော့ ပြောင်းမယ်လို့ ထင်ပါတယ်။ ဒီနှစ်တော့ လူတိုင်းသွားပြီးတော့ အလေးပြုမယ် ထင်တာပဲ။ ဥသြဆွဲတဲ့အချိန် အာဇာနည်ကုန်းမှာ ရှိနေရင်တော့ အဲ့နေရာမှာ အလေးပြုပါမယ်။ တကယ်လို့ မရောက်ဖြစ်ရင်တော့ ရောက်တဲ့နေရာကနေ အလေးပြုသွားမှာပါ။       


  • TAGS