News

POST TYPE

INTERVIEW

အဆိုတော် ထူးအယ်လင်း ထောင်ဒဏ် တစ်လ ချမှတ်၊ ကော်ဘရာကို အမှု အပြီးပြတ်လွှတ်
31-Jan-2018


ရန်ကုန်၊ ဇန်န၀ါရီ ၃၁

ရန်ကုန်ရဲအက်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသော အဆိုတော် ထူးအယ်လင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အလုပ်နှင့် ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ပြီး ကော်ဘရာကို အမှုမှ
အပြီးပြတ်လွှတ်ပေးလိုက်ကြောင်း ဒဂုံမြို့နယ် တရားရုံးထံမှသိရသည်။

ရန်ကုန်ရဲအက် ဥပဒေဖြင့် တရားစွဲဆိုခံရသော အဆိုတော်နှစ်ဦးမှာ ၂၀၁၇ ခုနှစ် ဇွန်လ ၂၂ ရက် ည ၉ နာရီခွဲက ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနှင့် ဦးဝိစာရလမ်းထောင့်တွင် ၎င်းတို့မောင်းလာသည့် ယာဉ်နှင့် အငှားယာဉ်တစ်စီး ကားချင်းငြိရာမှ အဆိုတော်ထူးအယ်လင်းက အငှားယာဉ်၏ကားမှန်ကို ရိုက်ခွဲခြင်း၊ ယာဉ်မောင်း အမျိုးသားကို ထိုးကြိတ်ခြင်းများ ပြုလုပ်နေကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ် စာနှင့်ပုံများ ပျံ့နှံ့ခဲ့သည်။ ယင်းသတင်းနှင့် ပတ်သက်၍ ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အငှားယာဉ်ကို မတွေ့ရဘဲ အရက်သေစာ သောက်စားပြီး ဆူပူရမ်းကားနေသော အဆိုတော် ထူးအယ်လင်းနှင့် ကော်ဘရာတို့ နှစ်ဦးနှင့် ၎င်းတို့မောင်းနှင်လာသည့် SOLUNA VIOS အမျိုးအစား ယာဉ်ပေါ်မှ အရိုး၊ အသွား ၁၉ လက်မခန့်ရှိသည့် ရဲဒင်းတစ်လက်ကို သိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် ၎င်းတို့နှစ်ဦးကို ဒဂုံမြို့မရဲစခန်းမှ (ပ) ၁၀၃/၂၀၁၇၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါအမှုကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဒဂုံမြို့နယ် တရားရုံးတွင် စတင် တရားစွဲဆို စစ်ဆေးခဲ့ပြီးနောက် ၆ လအကြာတွင် အမိန့်ချမှတ်ခဲ့သည်။

J-16