News

POST TYPE

INTERVIEW

ထွန်းထွန်းနဲ့ တွေ့ဆုံခြင်း
31-Jan-2018
““ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်က ဝတ္ထုရဲ့အရသာလည်း မပျက်ဘဲနဲ့ ပရိသတ်တွေ ကြည့်ရတဲ့အခါမှာ အင်မတန်ကောင်းမွန်တဲ့ Romance ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားတယ်”

စာရေးဆရာမဂျူးရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ “ကြာတော့သည်လည်း မောင့်စကား” ဝတ္ထုကို လတ်တလောမှာ ဒါရိုက်တာမီးပွားက သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့နဲ့ ရိုက်ကူးနေပါတယ်။ ယင်းကားအတွက် သရုပ်ဆောင်ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ သောသောညံနေတာကြောင့် ဖြိုးကျော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ထွန်းထွန်းရဲ့ ရင်တွင်းစကားသံများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : စာရေးဆရာမဂျူးရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ “ကြာတော့သည်လည်း မောင့်စကား” ဝတ္ထုကို ဒုတိယအကြိမ်မြောက် ရုပ်ရှင်အဖြစ် ပြန်ရိုက်တဲ့ကားမှာ ပါဝင်ဖြစ်ပုံကနေ စပြောပေးပါဦး။ 
TT : အမှန်အတိုင်းပြောရရင် ကျွန်တော်က ဝတ္ထုကို မဖတ်ဖူးဘူး၊ ရုပ်ရှင်ကားကိုလည်း မကြည့်ဖူးဘူး။ အဓိက ဇာတ်ညွှန်းခွဲထားတဲ့ ဇာတ်လမ်းကို ဖတ်လိုက်တဲ့အချိန်မှာ ဖြိုးကျော်ဇာတ်ရုပ်က ကိုယ့်ရဲ့အသက်အရွယ်နဲ့ တော်တော်လေး လိုက်ဖက်တယ်လို့ မြင်မိတယ်။ နောက်တစ်ခုက ဆရာဦးမီးပွားနဲ့လည်း ကျွန်တော်က အလုပ်မလုပ်ဖြစ်တာ တော်တော်ကြာပြီ။ ဒါပေမဲ့ ဒီကားမှာ သူနဲ့အတူ အလုပ်တွဲလုပ်ခွင့်ရတယ်။ ဒီကားမှာပါတဲ့ သရုပ်ဆောင်တွေကလည်း ဖွေးဖွေးအပြင် ကိုစိုင်းလည်းပါတော့ သူတို့နဲ့ အတူတူတွဲပြီး သရုပ်ဆောင်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီကားမှာ ပါဝင်ဖြစ်ခဲ့တာပါ။

Voice : ဖြိုးကျော်ဖြစ်ဖို့အတွက် ကိုယ့်ဘက်ကနေ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ထားလဲ၊ ဝတ္ထုထဲက ဖြိုးကျော်ပုံစံဖြစ်အောင် သရုပ်ဆောင်မှာလား။
TT : အဓိက ဆရာ ဦးမီးပွား လိုချင်တဲ့ပုံစံ၊ သူ စိတ်ကူးယဉ်ထားတဲ့ ဇာတ်ကောင်အတိုင်း သရုပ်ဆောင်မှာပါ။ ဝတ္ထုထဲကလိုမျိုး အတိအကျဆိုတာထက် ဆရာဦးမီးပွားမျက်စိထဲ မြင်ထားတဲ့ ဇာတ်ကောင်ပုံစံကို ကျွန်တော့်ဘက်ကနေ အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီး သရုပ်ဆောင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက ဖြိုးကျော်ဇာတ်ကောင်အတွက်ကိုလည်း အဝတ်အစားပိုင်းကအစ အားလုံးကို သေချာပြင်ဆင်ထားတယ်၊ ကြိုးစားအားထုတ်ထားပါတယ်။ အဲ့ဒါကြောင့် ပရိသတ်တွေက ဒီကားရုံတင်တဲ့အခါမှာ ဖြိုးကျော်ဇာတ်ရုပ်က ဘယ်လိုမျိုးလဲဆိုတာကို တွေ့ရမှာပါ။ 

Voice : လတ်တလောမှာ ဝတ္ထုနဲ့ပတ်သက်ပြီး ဂယက်တွေက မျိုးစုံရှိနေတာဆိုတော့ ရိုက်ကူးရေးပိုင်းမှာ တခြားကားတွေ ရိုက်ရတာထက် တာဝန်ပိုကြီးလား။ 
TT : ကျွန်တော်ကတော့ သိပ်မတွေးဘူး။ ကျွန်တော် လုပ်စရာရှိတာကိုပဲ ကျွန်တော်လုပ်တယ်။ နောက်ပိုင်းမှာလည်း အွန်လိုင်းကို သိပ်မသုံးဖြစ်ဘူး။ အွန်လိုင်းမှာ ရေးထားတာတွေ၊ ဝေဖန်ထားတာတွေတော့ တွေ့တယ်၊ သိတယ်။ ဒါပေမဲ့ သူတို့က စိုးရိမ်လို့ ဝေဖန်ထောက်ပြတာလို့ပဲ မြင်တယ်။ အဓိကကတော့ ကိုယ်ကြိုးစားအားထုတ်မှု၊ ကိုယ်ဖြစ်ချင်တဲ့ပုံစံ၊ လမ်းကြောင်းတစ်ခုကို သွေမဖည်သွားဖို့ပဲ လိုအပ်တယ်လို့ ထင်တယ်။ ကျွန်တော်လည်း ကျွန်တော်တတ်တဲ့အားနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်၊ ဆရာ ဦးမီးပွားကလည်း သူ့အပိုင်းကနေ အကောင်းဆုံးဖြစ်အောင်ရိုက်ပြီး အကောင်းဆုံး ကားလေးတစ်ကားဖြစ်အောင် ကြိုးစားကြမယ်။ ဝတ္ထုကိုချစ်တဲ့ လူတွေကတော့ သူတို့အမြင်တွေ အများကြီးရှိမှာပေါ့နော်။

Voice : ကိုယ်ကိုယ်က စပြီးလက်ခံကတည်းက ဂယက်တွေရှိလာနိုင်တယ်လို့ ထင်မိလား၊ သိရဲ့သားနဲ့ ရိုက်ကူးဖို့ လက်ခံခဲ့တာလား။ 
TT : ကျွန်တော်က အလုပ်လုပ်ရင် ဇာတ်လမ်းဖတ်ကြည့်တယ်၊ ကျွန်တော် ကြိုက်တယ်၊ ကျွန်တော့်ရဲ့ အသက်အရွယ်နဲ့ သရုပ်ဆောင်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ကြိုးစားနိုင်တယ်လို့ထင်တဲ့ ဇာတ်ရုပ်တိုင်းကို လက်ခံပြီး ရိုက်ကူးဖြစ်တယ်။ ကျွန်တော်က အရမ်းကြီးမတွေးတတ်ဘူး။ နောက်တစ်ခုက ပရိသတ်ဆိုတာက အမျိုးမျိုးရှိတယ်။ အဓိကတော့ ကိုယ်နဲ့ လိုက်လျောညီထွေဖြစ်ပြီးတော့ ဇာတ်ကောင်စရိုက်ပီပြင်ဖို့အတွက် ကိုယ့်ဘက်ကနေ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုတစ်ခုတော့ ရှိဖို့လိုတယ်။ ဒါက သရုပ်ဆောင်လုပ်တဲ့အခါမှာ အရေးကြီးဆုံးလို့ ထင်တယ်။ ကျွန်တော့်ဆရာတွေကလည်း ဒီလိုပဲ သင်ပေးခဲ့ပါတယ်။ စေတနာပါပါနဲ့ တကယ် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ကျန်တဲ့အပိုင်းတွေကျတော့ ကိုယ်နဲ့လက်တွဲဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဆွဲခေါ်မှုတွေ၊ နည်းပညာအကူအညီတွေ၊ ဒါရိုက်တာရဲ့ သင်ကြားမှုတွေ၊ သူ့ရဲ့ပံ့ပိုးမှုတွေက ဇာတ်ကားတစ်ကားကို ကောင်းစေတယ်။ အဲ့ဒါကြောင့် ဝတ္ထုထဲကအတိုင်း အပြင်မှာရိုက်ရင် ကောင်းနိုင်သလို ဝတ္ထုထက်တောင် ပိုကောင်းသွားတဲ့ ကားတွေလည်း အများကြီးရှိတယ်လို့ ကျွန်တော်ကတော့ ထင်တာပဲ။ 

Voice : ဇာတ်ကားနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကြားက ပရိသတ်ကို ဘယ်လိုစကားမျိုးနဲ့ ကြိုနှစ်သိမ့်ထားချင်လဲ။ 
TT : ဝေဖန်သုံးသပ်သူတွေကတော့ အမျိုးမျိုးသုံးသပ်မှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ ကိုယ်လုပ်စရာရှိတာကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်။ သေချာတာကတော့ ကြာတော့သည်လည်း မောင့်စကား ရုပ်ရှင်က ဝတ္ထုရဲ့အရသာလည်း မပျက်ဘဲနဲ့ ပရိသတ်တွေကြည့်ရတဲ့အခါမှာ အင်မတန်ကောင်းမွန်တဲ့ Romance ဇာတ်ကားကောင်းလေး တစ်ကားဖြစ်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ထားတယ်။

Voice : လက်ရှိအသက်အရွယ်မှာ ကိုယ့်ရဲ့ရပ်တည်မှု အနေအထားကို ကိုယ်ကိုယ်တိုင် ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ရလဒ်က ဘယ်လိုထွက်မလဲ။ 
TT : လက်ရှိအသက်အရွယ်မှာ ကျွန်တော့်အနေနဲ့ အရာအာလုံးကို အောင်မြင်အောင် မစွမ်းဆောင်နိုင်သေးပါဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ကိုကိုယ် အဆင်ပြေအောင် စွမ်းဆောင်တာကြောင့် ကျေနပ်ပါတယ်။ နောက်တစ်ခုက ကျွန်တော့်အနေနဲ့ အများကြီး လူကြီးဆန်သွားတယ်။ အရင်တုန်းကတော့ ဟုတ်ကဲ့၊ လာမယ်လာမယ်ဆိုပြီး မရောက်တာတို့၊ ဖုန်းဆက်လိုက်ရင်လည်း ကိုင်မယ်ဆိုပြီးပြောပေမယ့် ဖုန်းက ကိုယ့်အနားမှာမရှိတာတို့ဖြစ်တယ်။ လက်ရှိမှာတော့ အသက်ကြီးလာတာကြောင့် ကိုယ်တာဝန်ယူရမယ့် အပိုင်းတွေလည်း သိလာတယ်၊ အိမ်မှာလည်း မိဘတွေက ကိုယ့်ကိုလူကြီးလို ဆက်ဆံလာတယ်၊ ကိုယ်ကိုယ်တိုင်ကလည်း လုပ်ငန်းခွင်ထဲမှာ လူကြီးတစ်ယောက် ဖြစ်လာတဲ့အတွက် ကိုယ်လုပ်ရမယ့်အလုပ်အပေါ်မှာ တာဝန်ကျေလာပါပြီ။ 

ဝင်းထွန်းနိုင် 



  • VIA