News

POST TYPE

INTERVIEW

ရွှေထူးနဲ့ တွေ့ဆုံခြင်း
25-Jan-2018
“ကိုယ့်ချစ်သူကောင်လေးကို တခြားအမျိုးသမီးတစ်ယောက် နမ်းတာတော့ ဘယ်အမျိုးသမီးမှ ကြိုက်လိမ့်မယ်မထင်ပါဘူး”

လူငယ်ပရိသတ်ကြိုက် တေးသံရှင်တစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့တွေ့ဆုံပြီး သူငယ်ချင်းတွေနဲ့ ပူးပေါင်းထုတ်ထားတဲ့ BTTF အမှတ်တံဆိပ် Fashion  Brand ထုတ်ဖြစ်တဲ့အကြောင်း၊ မတ်လမှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ပွဲတစ်ခုမှာ အားပေးကြမ်းတဲ့ မိန်းကလေးပရိသတ်တစ်ယောက်နဲ့ ဆုံခဲ့ရတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး BTTF တံဆိပ်ဖက်ရှင် Brand ကို စထုတ်ဖြစ်တဲ့ အကြောင်းကနေ စပြောပြပေးပါဦး။
SH : BTTF Brand ကို သူငယ်ချင်းတွေဖြစ်တဲ့ Lil Z ၊ စည်သူချိုကြီး၊ ချမ်းငြိမ်းကိုတို့နဲ့ ပူးပေါင်းထုတ်ခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်ပိုင် Brand လေးတစ်ခုကို ဝတ်ချင်တဲ့ ဆန္ဒရှိတယ်။ ကျန်တဲ့ သူငယ်ချင်းတွေနဲ့လည်း ခံစားချက်ချင်း တိုက်ဆိုင်တယ်။ ရင်ဘတ်ချင်း ထပ်တူကျတဲ့အတွက် ပူးပေါင်းပြီး ထုတ်ဖြစ်ခဲ့တာပါ။ BTTF ဆိုတာကတော့ ဟိုးအရင် ခေတ်တုန်းက ထွက်ခဲ့ဖူးတဲ့ Back To The  Future ဆိုတဲ့ ရုပ်ရှင်ကားရဲ့နာမည်ကို ယူထားတာပါ။ 

Voice : BTTF Brand ရဲ့ ထူးခြားမှုတွေကရော ဘာတွေများဖြစ်မလဲ။
SH : ကျွန်တော်တို့ BTTF မှာတော့ လူငယ်တွေ ဝတ်လေ့ဝတ်ထမရှိတဲ့ အရောင်တွေပါ ထုတ်ထားပေးတယ်။ ပန်းရောင်တို့၊ မော်ဒယ်လ်စိမ်းရောင်တို့၊ နို့သစ်ခွရောင်တို့ဆိုရင် တော်တော်များများက မဝတ်ရဲကြဘူးလေ။ ကျွန်တော်တို့ အဲ့ဒီအရောင်မျိုးတွေပါ ထုတ်ထားပေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသားမည်းတယ်ဆိုပေမယ့် အဲ့ဒီအရောင်တွေကို စမ်းဝတ်ကြည့်တယ်။ ဖက်ရှင်ဆိုတာက အသားမည်းတာ၊ ဖြူတာ၊ အရပ်ပုတာ ရှည်တာ၊ ပုတာ၊ ဝတာနဲ့ မဆိုင်ပါဘူး။ ကိုယ်ဝတ်လိုက်တဲ့ ဖက်ရှင်တစ်ခုက ကိုယ်နဲ့အထာကျနေဖို့ပဲ လိုပါတယ်။ ကျွန်တော် ပြည်ပခရီးတွေသွားရင်လည်း သူတို့ဆီမှာ လူငယ်တွေက ချောတာ၊ မချောတာထက် ဝတ်တာစားတာက ဖက်ရှင်ကို ကျနေတယ်။

Voice : ရုပ်ရှင်ကားကြီးတစ်ကား မတ်လထဲမှာ ရိုက်ဖို့ရှိတယ်လို့ သိထားတယ်။ ဘယ်လို ဇာတ်ကားမျိုးဖြစ်မလဲ။
SH : ဇာတ်ကားကတော့ မတ်လထဲမှာ စရိုက်ပါမယ်။ မင်းသမီးနှစ်လက်၊ မင်းသားနှစ်လက်ပါမယ်။ ဇာတ်လမ်းကတော့ ကျွန်တော်ပေးထားတဲ့ ဇာတ်လမ်းလေးပါ။ သီချင်းတွေ ဘာတွေကအစ စဉ်းစားထားပြီးပါပြီ။ ဇာတ်ညွှန်းတော့ သေချာ အချောမရသေးပါဘူး။ ဇာတ်လမ်းကတော့ ကျွန်တော်ကိုယ်တိုင် ရေးတာမဟုတ်ပါဘူး။ ဒီလိုဇာတ်လမ်းမျိုးလေးရိုက်ရင် ကောင်းမလားလို့ အကြံပေးတာပေါ့နော်။ ထုတ်လုပ်သူက ကြိုက်တော့လည်း ရိုက်ဖြစ်သွားတာပါ။ 

Voice : ဒီဇာတ်ကားမှာ ရွှေထူးရဲ့ကာရိုက်တာကရော ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။
SH : ဇာတ်လမ်းကတော့ သမီးရည်းစား နှစ်စုံတွဲရှိမယ်။ ဒီဘက်အတွဲက ကောင်လေးနဲ့ ဟိုဘက်အတွဲက ကောင်မလေးက စိတ်ကစားမိတာပေါ့။ တကယ်တော့ လောကမှာ စည်းဆိုတာ စောင့်ရတယ်ပေါ့နော်။ ကျွန်တော် သရုပ်ဆောင်ရတဲ့နေရာက ဗီလိန်ဆန်တယ်ဆိုပေမယ့် ပရိသတ် အမုန်းခံပြီးတော့လည်း လုပ်ရဲပါတယ်။ လူပဲ ငါ့မှာလည်း လွတ်လပ်ခွင့်ရှိတယ်၊ နင့်မှာလည်း လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သွားလုပ်လို့မရဘူး။ လူတိုင်းမှာ စောင့်ထိန်းရမယ့် စည်းဆိုတာရှိတယ်။ အဲ့ဒီစည်းကို မစောင့်ထိန်းလို့မရဘူး။ လူမှန်ရင် စည်းစောင့်ရတယ်ဆိုတာကို ပြချင်တာပါ။

Voice : တစ်လောက ဇာတ်ပွဲတစ်ခုမှာ အားပေးကြမ်းတဲ့ မိန်းကလေးပရိသတ်တစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်နော်။ အဲ့ဒီတုန်းက ဘယ်လိုခံစားခဲ့ရလဲ။
SH : ကျွန်တော့်ကို မိန်းကလေးတွေရော၊ ယောကျာ်းလေးတွေရော အားပေးကြတယ်ဆိုတာက ကျွန်တော်က ပွင့်ပွင့်လင်းလင်းပဲ နေတတ်တယ်။ သိပ်ပြီး ကိန်းကြီးခန်းကြီးနဲ့ မနေတတ်ဘူး။ အမြဲတမ်း ပျော်ပျော်ပဲနေတယ်။ လူတိုင်းနဲ့ အဆင်ပြေအောင်နေတယ်။ သဟဇာတ ဖြစ်အောင်နေတယ်။ ပရိသတ်နဲ့မှ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာလည်း အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော့်ရဲ့ Life Style ကို သဘောကျတယ် ထင်ပါတယ်။ အဲ့ဒါကြောင့်လည်း ချစ်ပြီး အားပေးကြတာလို့ပဲ မြင်ပါတယ်။ 

Voice : မိန်းကလေး ပရိသတ်တစ်ယောက်က ရွှေထူးကို နမ်းလိုက်တဲ့ ဗီဒီယိုဖိုင် ဖေ့စ်ဘွတ်ခ်မှာ တက်လာတော့ ရည်းစားကရော ဘာပြောသေးလဲ။
SH : ဇာတ်ပွဲတစ်ခုမှာ ပရိသတ်ကောင်မလေးက ကျွန်တော့်ကို ဆွဲနမ်းလိုက်တော့ ရုတ်တရက်ဆိုတော့ ကျွန်တော်လည်း ကြောင်သွားတယ်။ ဆိုနေရင်းနဲ့ ဟန်ချက်ပျက်သလို ဖြစ်သွားတော့ ဒူးလည်းနာသွားတယ်။ ဒူးတောင်မှ တော်တော် ကုယူလိုက်ရပါတယ်။ သုံးရက်လောက် ကုယူလိုက်ရပါတယ်။ ဒါပေမဲ့ ဒါက သူတို့ကျွန်တော့်ကို ချစ်လို့နမ်းတယ်လို့ပဲ မြင်ပါတယ်။ ကျွန်တော် နားလည်ပေးလို့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကောင်မလေးကလည်း ဘာမှမပြောရှာပါဘူး။ သူ့ရှေ့မှာလည်း အများကြီး ကြုံခဲ့ဖူးပါတယ်။ ကိုယ့်ချစ်သူကောင်လေးကို တခြား အမျိုးသမီးတစ်ယောက် နမ်းတာတော့ ဘယ်အမျိုးသမီးမှ ကြိုက်လိမ့်မယ် မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကောင်မလေးကတော့ အရမ်းစိတ်ထားပြည့်ပါတယ်။ သူ နားလည်ပေးပါတယ်။ 

Voice : နယ်မှာလုပ်တဲ့ ဇာတ်ပွဲတွေမှာ လိုက်ဆိုဖြစ်တဲ့အကြောင်းကိုလည်း သိပါရစေ။ 
SH : ကျွန်တော့်ကို ဇာတ်ပွဲတွေမှာ လာဆိုဖို့ဖိတ်ခေါ်ရင်လည်း ဘယ်သူတွေ ဘယ်လိုပဲပြောပြော ကျွန်တော်က ဆိုပါတယ်။ ဇာတ်ပွဲကို လာကြည့်တဲ့သူတွေမှာလည်း ကျွန်တော်တို့ကို အားပေးတဲ့ ပရိသတ်ဆိုတာ ရှိတယ်လေ။ ကိုယ်က သူတို့ရှိတဲ့နေရာကို သွားမဖျော်ဖြေရင် ကျွန်တော်တို့ကို သူတို့ ဘယ်တော့မှ တွေ့ရမှာမဟုတ်ဘူး။ ကျွန်တော်တို့ သွားဖျော်ဖြေရင် ကိုယ့်ဝမ်းစာ အတွက်လည်း အနုပညာကြေးရတယ်၊ ပရိသတ်လည်း ကိုယ့်ကို မြင်ရတဲ့အတွက် ကျေနပ်ပါတယ်။

သန့်ဇင်ဦး


  • VIA