News

POST TYPE

INTERVIEW

ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
25-Jan-2018
“တချို့က တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး ဒိုင်ယာဆီဗင် ဆေးမတိုးတော့တာ ဖြစ်လာတယ်”

ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရမည့်ဆေးဖြစ်သော ဒိုင်ယာဆီဗင်ဆေးကို လူငယ်အချို့က မူးယစ်ဆေး အနေနှင့် အလွဲသုံးခြင်းများ ပြုလုပ်လျက်ရှိရာ အဆိုပါဆေးနှင့် ပတ်သက်၍ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်အခမဲ့ဆေးကုခန်း တာဝန်ခံ)နှင့် The Voice က မေးမြန်းဖြစ်သည် များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ဒိုင်ယာဆီဗင်ဆေးဆိုတာကို ဘယ်လိုဝေဒနာရှင်တွေ အတွက်လဲဆိုတာ ပထမဆုံး ရှင်းပြပေးပါဦး။
Dr.KSO : ဒိုင်ယာဆီဗင်ဆိုတာ စိတ်နဲ့ပတ်သက်ပြီးတော့ပေးတဲ့ ဆေးတစ်မျိုးပါ။ နားလည်လွယ်အောင် ပြောရရင် စိတ်သောကရောက်တဲ့သူတွေ၊ အိပ်မပျော်တဲ့သူတွေ၊ အရက်ဖြတ်ထားတဲ့ သူတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင်ပေးတဲ့ ဆေးပေါ့။ တစ်ခါတလေကျရင်တော့ အတက်ရောဂါတွေမှာ အသုံးပြုတာလည်း ရှိပါတယ်။ အဓိကက စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်လာရင်တော့ ဆရာဝန်တွေက လက္ခဏာကြည့်ပြီးတော့ သင့်တင့်လျောက်ပတ်အောင် ပေးတာပါ။ နောက်ပြီး အသက်အရွယ်ကြီးရင့်လာပြီးတော့ ညဘက် အိပ်မပျော်တဲ့သူတွေကို အိပ်ဆေး သဘောပေးတာလည်း ရှိတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါ ရှိတဲ့သူတွေကို စိတ်ငြိမ်အောင် အိပ်ပျော်အောင်ဆိုပြီးတော့ပေးတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒီဆေးက ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်တာ အကောင်းဆုံး အသင့်လျော်ဆုံးပါ။ 

Voice : ဟုတ်ကဲ့။ ဒီဆေးမှာ ဘယ်လိုမျိုး ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်တာပါလဲ။ 
Dr.KSO : ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ဆရာဝန်မညွှန်ကြားဘဲ ရေရည်သောက်နေရင် မှတ်ဉာဏ်အားတွေ ထိခိုက်လာနိုင်တယ်။ အမြဲတမ်းငိုက်မည်းနေမယ်။ ကြွက်သား တွေလျော့လာမယ်။ ဝမ်းချုပ်တယ်။ တချို့ဆိုရင် စိတ်ဝင်စားမှု အားနည်းလာတယ်။ လိုအပ်တာထက်ပိုပြီးတော့ အလွန်အကျွံသောက်လိုက်မိရင် သတိရမှုအပိုင်းတွေမှာ ထိခိုက်သွားတာပေါ့။ အသက်ရှူကျပ်တာ၊ အသက်ရှူမြန်တာမျိုးတွေ၊ သတိလစ်တာ၊ ကြွက်သားအရမ်းနာတာတွေ၊ အရမ်းအိပ်တာတွေ၊ မောတာတွေ စသဖြင့်ပေါ့။ ဆေးအရမ်းလွန်သွားတဲ့သူဆိုရင် အသက်ရှူ ထိန်းတဲ့နေရာကို သွားဖိလိုက်တော့ အသက်ရှူရပ်ပြီး သေဆုံးတယ်။ အသက်အန္တရာယ် ရှိတာပေါ့။ ဒိုင်ယာဆီဗင်မှာ နှစ်ပိုင်းရှိတယ်။ သောက်ဆေးနဲ့ ထိုးဆေးဆိုပြီးတော့။ ထိုးဆေးက ပိုဆိုးတယ်။ အန္တရာယ်အရမ်းကြီးပါတယ်။ ဒီဆေးတွေက အရင်ထဲက ထိန်းချုပ်ဆေးဝါးတွေပါ။ ဆရာဝန်လက်မှတ်ပါမှပဲ ရတာမျိုးပါ။ ဆေးက ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ထုတ်ထားတဲ့ဆေး။ ဒါပေမဲ့ တချို့လူငယ်၊ လူလတ်ပိုင်းတွေက အလွဲသုံးလာတာတွေ့ရတယ်။ တချို့ဆိုရင် ကျောင်းသားဘဝမှာတောင် သုံးတာတွေ့ရတယ်။ ဒါတွေက ဂရုတစိုက်နဲ့ဆင်ခြင်ရမယ့် အပိုင်းတွေပဲ ဖြစ်ပါတယ်။ 

Voice : ဆေးအလုံးရေ များများသောက်ပြီး အသက်အန္တရာယ် လွန်မြောက်တဲ့သူတွေကရော ဘယ်လိုအချက်တွေကြောင့် ဖြစ်နိုင်ပါသလဲ။ 
Dr.KSO : ဒါက သူက သိသိချင်း ဆေးရုံရောက်သွားတာလည်း ပါတာပေါ့။ အမြန်ဆုံး ကုသမှုခံယူလို့ရောပေါ့။ နောက်တစ်ခု တချို့လူနာတွေရဲ့ ကိုယ်ခံအားခံနိုင်စွမ်းက သူများထက် ပိုခံနိုင်တာလည်း ပါပါတယ်။ တချို့ကျတော့လည်း ဒီလိုဆေးတွေကို သုံးစွဲနေတဲ့ပမာဏကလည်း နဂိုကတည်းက များနေတာကြောင့်လည်း ပါပါတယ်။ ဒီတော့ သူများထက်စာရင် ဆေးလုံးရေများတာကို ခံနိုင်ရည်ရှိသွားတယ်ဆိုတဲ့ သဘောပေါ့လေ။ ဥပမာအားဖြင့် ကျွန်တော် နယ်တစ်နယ်မှာတွေ့တဲ့ မူးယစ်ဆေးသုံးတဲ့ လူနာတစ်ဦးဆိုရင် ဒိုင်ယာဆီဗင် ၁၀ လုံးတစ်ကတ်ကို ဆက်တိုက်ထိုးတာတောင်မှ သုံး၊ လေးနာရီပဲ ခံစားလိုက်ရတယ်။ ပြောချင်တာက ဆေးတစ်လုံးထိုးဖို့တောင် တော်တော်စဉ်းစားရတဲ့အချိန်မှာ ဒီလို ၁၀ လုံး တစ်ကတ်ကို တစ်ခါတည်း ထိုးလိုက်တာတောင် အချိန်ခဏပဲ အာနိသင်ခံစားရပြီး ပြန်ပြေသွားတယ်ပေါ့။ တချို့က တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး ဒိုင်ယာဆီဗင်ဆေးမတိုးတော့တာ ဖြစ်လာတယ်။ နည်းရင် မတိုးတော့ဘူးပေါ့။ ဒီလိုတော့ ယူဆလို့ရပါတယ်။ 

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
 
သီတာဆွေ


  • VIA