News

POST TYPE

INTERVIEW

ကျော်ကျော်ဗိုနဲ့ တွေ့ဆုံခြင်း
24-Jan-2018
“ကျွန်တော့်ရဲ့ အနုပညာအတ္တအတွက် ကိုယ်ဖန်တီးချင်တာလေးတွေကို စိစစ်ရွေးချယ်ရိုက်ကူးတော့မယ်”

၂၀၁၈ ခုနှစ်မှာ အနုပညာပိုင်းနဲ့ပတ်သက်ပြီး နည်းနည်းနဲ့ကောင်းကောင်း လုပ်ဆောင်တော့မယ်ဆိုတဲ့ သရုပ်ဆောင်ကျော်ကျော်ဗိုနဲ့ တွေ့ဆုံပြီး ရှေ့ဆက်သွားမယ့် အနုပညာအစီအစဉ်များအကြောင်းနဲ့အတူ လတ်တလောရိုက်ကူးနေတဲ့ “ဟောက်စား” ရုပ်ရှင်ကားအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : အခုနောက်ပိုင်းမှာ ဟေးလာမောင်ရို့ဝါး ဇာတ်ကားတွေ မရိုက်ချင်တော့ဘူးလို့ ပြောခဲ့ဖူးတယ်နော်။ အဓိကအကြောင်းရင်းက ဘာများဖြစ်မလဲ။ 
KKB : ၂၀၁၈ ခုနှစ်ထဲမှာတော့ ကျွန်တော်ဖန်တီးမယ့် အနုပညာတွေကို ဆန်ခါ နည်းနည်းလေး စိပ်လိုက်တော့မယ်။ ကျွန်တော့်အနေနဲ့ ဟေးလာလေမောင်ရို့ဝါးတွေ မလုပ်ချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော်လေးလုပ်ခဲ့တာများပြီ ထင်တယ်၊ ပြန်တွေးတိုင်းလည်း ကိုယ့်လိပ်ပြာကိုယ် မလုံဘူး၊ ရှက်သလိုလိုခံစားရတယ်။ အဓိက ကျွန်တော်ဖြတ်သန်းနေတဲ့ အခိုက်အတန့်လေးမှာ နောက်ကျော မလုံစရာလေးဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် ဇာတ်ကားအရေအတွက်ကတော့ နည်းသွားလိမ့်မယ်။ ကျွန်တော့်ရဲ့ အနုပညာအတ္တအတွက် ကိုယ်ဖန်တီးချင်တာလေးတွေကို စိစစ်ရွေးချယ်ရိုက်ကူးတော့မယ်။ တစ်နှစ်လုံးနေမှ သုံး၊ လေး၊ ငါးကားလောက်ပဲ ရိုက်ဖြစ်ဖို့များတယ်၊ ဒီ့ထက်လည်းနည်းချင်းနည်းနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကိုယ့်ကိုလာကမ်းလှမ်းတဲ့ ဇာတ်ကားမှန်သမျှကို ရိုက်ဖြစ်တော့မှာ မဟုတ်လို့ပါ။ 

Voice : ဟေလာလေမောင်ရို့ဝါးကားတွေ မရိုက်ချင်တော့တာက ကိုယ်ကျင်လည်ရတဲ့ အနုပညာရေစီးကြောင်းအပေါ်မှာ ငြီးငွေ့လာတာကြောင့်လား။ 
KKB : ကျွန်တော့်အနေနဲ့ အနုပညာသမားတစ်ယောက်ရဲ့ မာနကို ပြန်ပြီးဖော်ထုတ်လိုက်တဲ့သဘောပါပဲ။ အရင်ကတော့ အဲ့ဒီမာနက ငုပ်လျှိုးနေတာပေါ့နော်။ အဓိက ကျွန်တော်က အနုပညာသမားတစ်ယောက် ဖြစ်ချင်တာပါ။ ၂၀၁၇ ခုနှစ်ထဲမှာက ဟေးလာလေမောင်ရို့ဝါးတွေ အရမ်းများခဲ့တယ်။ အနုပညာဖန်တီးမှုနဲ့မတူဘဲနဲ့ စက်ရုံကထုတ်တဲ့ပစ္စည်းတစ်ခုလို လုပ်ခဲ့မိတာတွေရှိခဲ့တယ်။ အဲ့ဒါကြောင့် ပရိသတ်ကြီးကို ကြိုပြီးတောင်းပန်ပါတယ်။ 

Voice : ဈေးကွက်အခြေအနေအရ အားလုံးက လက်ရှိရေစီးကြောင်းအတိုင်းပဲ သွားနေကြတာဆိုတော့ သက်သက်လမ်းကြောင်းတစ်ခု သွားဖို့က လွယ်ပါ့မလား။ 
KKB : အဓိက မိမိကိုယ်ကိုယ်ကောင်းအောင် ကြိုးစားရမယ်၊ အားလုံးလုပ်လို့ လိုက်လုပ်တာမျိုးလည်း ကျွန်တော်မကြိုက်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်ကြိုက်တာ ကျွန်တော်လုပ်မယ်၊ ကျွန်တော့် အနုပညာအတ္တအတွက် ကျွန်တော်လုပ်မယ်။ အရင်က ကျွန်တော်လုပ်ခဲ့တာတွေက ဈေးကွက်အရ၊ ပရိသတ်တောင်းဆိုမှုအရ လုပ်ခဲ့ရတာပါ။ 

Voice : နောက်ပိုင်း မရိုက်တော့မယ့် ဇာတ်ကားတွေက အများပြောနေကြတဲ့ ပေါကားမျိုးလား၊ ဘယ်လိုကားမျိုးတွေဖြစ်မလဲ။ 
KKB : ပေါကားဆိုတာကတော့ ဗန်းစကားတစ်ခုပါ။ ကျွန်တော်တို့ ရုပ်ရှင်လောကရဲ့ အနေအထားက တကယ်ကို ထဲထဲဝင်ဝင်ကြည့်နိုင်မှ သိနိုင်ကြမယ့် အနေအထားဖြစ်နေတယ်။ အပြင်က ဝေဖန်တာက အရမ်းလွယ်တယ်၊ ဘယ်ကဏ္ဍကိုမဆို အပြင်ကနေ ဘာမှမလုပ်ဘဲနဲ့ ထိုင်ပြောနေတာလွယ်တယ်။ တကယ်လုပ်ကြည့်မှပဲ ဘယ်လို အခက်အခဲတွေ ရှိတယ်ဆိုတာသိတာပါ။ အဲ့ဒါကြောင့် ပေါကားဆိုတဲ့စကားလုံးမျိုးကိုလည်း မသုံးစေချင်ဘူး။ လက်ရှိခေတ်မှာ ကျဉ်းထဲကျပ်ထဲနဲ့ သူ့အိုးနဲ့သူ့ဆန် ဘောင်ဝင်အောင်လုပ်နေရတဲ့ အနေအထားတွေအားလုံးက အပြင်ကလူတွေ မသိနိုင်တာတွေရှိတယ်။ နောက်တစ်ခုက နိုင်ငံသားတွေအားလုံးကလည်း တစ်နိုင်ငံတည်းမှာ အတူတူနေကြပြီး တစ်ယောက်နဲ့တစ်ယောက်က ဖေးမရမယ်။ တစ်ဖက် စောင်းနင်းဖြစ်နေတာတို့၊ အတိုက်အခိုက် ဖြစ်နေတာတို့ကို ကျွန်တော်က မကြိုက်ဘူး။ ပေါချင်လည်း ပေါပါစေ၊ ဒါပေမဲ့ သူဘာလို့ပေါလဲဆိုတာလေးကိုတော့ နည်းနည်းလေးကိုယ်ချင်းစာတဲ့ စိတ်လေးထားစေချင်တယ်။ ဥပမာ-ကျွန်တော်ဆိုရင် ပေါကားလို့ထင်တာနဲ့ သွားမကြည့်ဘူး၊ ဝေလည်းမဝေဖန်ဘူး။ ကိုယ်အားမပေးဘူးလေ၊ ကိုယ်ကြိုက်တဲ့ကား ကိုယ်ကြည့်မယ်။ ဒါကြီးကို အများကြီး Highlight လုပ်ပြီး တစ်ဖက်သားကို မပြောစေချင်ပါဘူး။ 

Voice : လတ်တလော ရိုက်ကူးနေတဲ့ “ဟောက်စား” ရုပ်ရှင်ကားရဲ့ဇာတ်လမ်းပုံစံကိုလည်း ပြောပြပေးပါဦး။ 
KKB : ဒီကားက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ရိုက်ဖို့ တည်ထားကြတာပါ။ ဒါပေမဲ့ ရက်တွေ ဆုတ်ဆုတ်ရင်းကနေ ၂၀၁၈ ခုနှစ်ထဲကို ရောက်လာတာပေါ့နော်။ ဇာတ်လမ်းပုံစံကတော့ လူလည်ကျတဲ့ လူတစ်ယောက်နဲ့ လူတွေရဲ့ မျက်ခုံးမွှေးပေါ်မှာ စြင်္ကံလျှောက်တဲ့ လူတစ်ယောက်ဆိုပြီး လူနှစ်ယောက်ရှိကြတယ်။ တစ်ခုရှိတာက သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်းမတူကြဘူး။ သူတို့နှစ်ယောက်ကနေ ရိုးသားတဲ့လူတွေကို လှည့်ပတ်ဖို့ ကြံစည်ကြတဲ့ပုံစံပါပဲ။ 

Voice : ကိုယ်ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ပုံစံက ဘယ်လိုမျိုးပုံစံလဲ၊ တစ်မူဆန်းပြားနေမလား။ 
KKB : ဒီကားမှာ ကျွန်တော်က လူတွေကိုလိမ်ပြီးတော့ ရောင်းစားတဲ့ဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ရတာပါ။ ဒီကားရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကတော့ ဖျော်ဖြေရေးသက်သက်ပါပဲ။ အဲ့ဒီထဲမှာမှ ကင်မရာအယူအဆတွေ၊ တင်ပြပုံတွေ၊ Plot တွေကို ရုပ်ရှင်ဆန်အောင် ဖန်တီးရမှာပေါ့နော်။ ဒီကားမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော့်အပြင် မြင့်မြတ်နဲ့ အိချောပိုတို့လည်း ပါပါတယ်၊ ဒါရိုက်တာကတော့ ပြည်ဟိန်းသီဟပါ။

ဝင်းထွန်းနိုင်


  • VIA