News

POST TYPE

INTERVIEW

လွှမ်းပိုင်နဲ့ တွေ့ဆုံခြင်း
15-Jan-2018
“ကျွန်တော်တို့က ဦးနှောက်ဖောက်စားပြီး တံဆိပ်တွေ လျှောက်ကပ်တယ်ဆိုပြီး ပြောကြတယ်။ တကယ်တော့ ကျွန်တော်တို့ High Skool ရဲ့ ကိုယ်ပိုင်ဒီဇိုင်းက ဘာမှတောင် မထုတ်ရသေးပါဘူး” 

လူငယ်ပရိသတ်ကြိုက် ဟစ်ပ်ဟော့ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ တွေ့ဆုံပြီး၊ လတ်တလော ဂီတလှုပ်ရှားမှုအကြောင်း၊ High Skool ဖက်ရှင်ဆိုင်ဖွင့်စက ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်မှုတွေအပေါ် သူ့ရဲ့ခံစားချက်နဲ့ ကိုယ်ပိုင်ဖက်ရှင် Brand ထုတ်တော့မယ့်အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လွှမ်းပိုင်ရဲ့ လတ်တလော ဂီတလှုပ်ရှားမှုအကြောင်းကနေစပြီး ပြောပြပေးပါဦး။
HP : အခု လတ်တလောကတော့ ကျွန်တော် သီချင်းသစ်လေးတစ်ပုဒ် ထွက်ဖို့ရှိပါတယ်။ သီချင်းသစ်နာမည်ကိုတော့ “ဘာညာ ဘာညာ”လို့ ပေးထားပါတယ်။ အပျော်လေးပါပဲ။ နောက်ပြီး ဒီနှစ်ထဲမှာ Mini Album လည်း ထွက်ဖို့ ရှိပါတယ်။ အဲ့ဒီအခွေအတွက်လည်း သီချင်းတွေ စစုနေပါတယ်။ သီချင်းသုံးပုဒ်လောက်တော့ လုပ်ပြီးပါပြီ။ ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်တဲ့ “ငါ့ကို နမ်းတဲ့မုန်တိုင်း”ကလည်း ဖေဖော်ဝါရီ (သို့မဟုတ်) မတ်လထဲလောက်မှာ ရုံတင်တော့မှာပါ။

Voice : လွှမ်းပိုင်တို့ ချစ်သူနှစ်ယောက်ပေါင်း ဖွင့်ထားတဲ့ High Skool ဖက်ရှင်ဆိုင် အခြေအနေကရော ဘယ်လိုရှိလဲ။ ဆိုင်ဖွင့်စကာလမှာ ဝေဖန်မှုတွေ ကြုံခဲ့ရတဲ့အပေါ်ရော ဘယ်လိုခံစားရလဲ။
HP : ဆိုင်စဖွင့်တာ တစ်လကျော်လောက်ပဲ ရှိသေးတော့ အခြေတကျတော့ မဖြစ်သေးပါဘူး။ ဒီလိုပဲ လုံးလည်ချာလည်နဲ့ လေ့လာသင်ယူနေရဆဲပါပဲ။ ဆိုင်ဖွင့်စအချိန်မှာ ဝေဖန်မှုတွေ ကြုံရတာကတော့ ကျွန်တော့်ကို ကြည့်မရတဲ့သူတွေက အရင်ကတည်းကလည်း ရှိတယ်။ ကျွန်တော် အနုပညာအလုပ်စလုပ်ကတည်းက ရှိခဲ့တာပါ။ ကျွန်တော် စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်တဲ့အချိန်မှာလည်း အဲ့ဒီလူတွေက တိုက်ခိုက်တယ်လို့ပဲ သတ်မှတ်ပါတယ်။ 

Voice : ဆိုင်မှာ တရုတ်နိုင်ငံထုတ် အဝတ်အထည်တွေကို တင်ရောင်းတဲ့အပေါ် ဝေဖန်ခံရတာနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောချင်လဲ။
HP : ကျွန်တော်တို့ဆိုင် စမဖွင့်ခင်ကတည်းက တစ်နိုင်ငံလုံးမှာရှိတဲ့ ဆိုင်တွေမှာလည်း ဒါမျိုးတွေက ရောင်းနေကျပါ။ ကျွန်တော့်ကျမှ ပြောခံရတာကတော့ ကျွန်တော့်ကို ကြည့်မရတဲ့သူတွေက ထောက်ပြတယ်လို့ပဲ ထင်ပါတယ်။ တချို့တွေကလည်း ပြောကြတယ်။ ကျွန်တော်တို့ဆိုင်မှာ ကျွန်တော်တို့ထုတ်တဲ့ဟာမဟုတ်ဘဲ၊ ကျွန်တော်တို့ idea နဲ့မလုပ်ဘဲ တင်ရောင်းတဲ့ အဝတ်အထည်တွေကို တံဆိပ်ကပ်ရောင်းတယ်လို့ ပြောကြတယ်။ အမှန်တော့ အဲ့ဒါမဟုတ်ပါဘူး။ တံဆိပ်လည်း မကပ်ဘူး။ တရုတ်ကထုတ်တဲ့ ပစ္စည်းတွေကိုပဲ ကျွန်တော်တို့ဆိုင်မှာ တင်ရောင်းတာပါ။ အဲ့ဒါကို ကျွန်တော်တို့က ဦးနှောက်ဖောက်စားပြီး တံဆိပ်တွေ လျှောက်ကပ်တယ်ဆိုပြီး ပြောကြတယ်။ တကယ်တော့ ကျွန်တော်တို့ High Skool ရဲ့ ကိုယ်ပိုင်ဒီဇိုင်းက ဘာမှတောင် မထုတ်ရသေးပါဘူး။

Voice : လွှမ်းပိုင်တို့ရဲ့ High Skool တံဆိပ်နဲ့ Brand ကရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ။
HP : လာမယ့် နွေရာသီကျမှ ကျွန်တော်တို့ High Skool ရဲ့ Brand က စဖြန့်မှာပါ။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ဖက်ရှင်ဆိုင်ဖွင့်ရတဲ့ ရည်မှန်းချက်က လူတစ်ယောက်က ဆိုင်ကို ဝင်လိုက်တာနဲ့ သူလိုချင်တဲ့ အင်္ကျီ၊ ဦးထုပ်၊ ဘောင်းဘီ စသဖြင့် အစုံရတဲ့အထိ ထုတ်သွားချင်တာပါ။ ဒါပေမဲ့ အဲ့ဒီလောက်အထိ ကျွန်တော်တို့ စရင်းဖို့ကျတော့ မလွယ်ဘူးဗျာ။ အစုံထုတ်နိုင်ဖို့ကျတော့ သိန်းပေါင်းနှစ်ထောင်၊ သုံးထောင်လောက် ရင်းနိုင်မှ အဆင်ပြေမှာလေ။ ဒါတောင် မြတ်မမြတ်ဆိုတာ မသိသေးဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့က လုပ်ငန်းသဘောကို နားလည်သွားအောင် ဆိုင်လေး အရင်စဖွင့်တာပါ။ နောက်ပိုင်းမှာတော့ ဆိုင်မှာ ကျွန်တော်တို့ Brand တွေချည်းပဲ တင်မှာပါ။

Voice : ပြည်ပက အနုပညာရှင်တွေရဲ့ ဖက်ရှင်ကို တုပဝတ်ကြတဲ့သူတွေရှိပေမယ့် ကိုယ့်ကျမှ အပြောခံရတဲ့အပေါ်ကိုရော ဘယ်လိုခံစားရလဲ။
HP : အဲ့ဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူးဗျ။ ကျွန်တော်ကပဲ အပြောခံရဖို့ ကံပါလာလို့နဲ့တူပါတယ်။ အရင်ကတည်းက ကျွန်တော်ပြောဖူးပါတယ်။ ကျွန်တော်က ဒီဇိုင်းကြိုက်ရင် ဝတ်ဖြစ်တယ်။ တစ်နေရာတည်းကြီးတော့ လိုက်တုပြီး ဝတ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တူမှာပဲဗျာ။ အခုခေတ်မှာ ဒါမျိုးဖက်ရှင်တွေ နိုင်ငံခြားက ရပ်ပ်ပါတွေလည်း ဝတ်တယ်။ ကျွန်တော်တို့လည်း ဝတ်တယ်။ အဲ့ဒါကိုမှ ပြောရင်တော့ ကျွန်တော်လည်း စိတ်ထဲမထားတော့ဘူး။ ပြောချင်တဲ့သူကတော့ ကိုယ်ဘယ်လိုပဲနေနေ ပြောမှာပါပဲ။

Voice : လွှမ်းပိုင်နဲ့ Bobby Soxer က ဂျက်စတင်ဘီဘာစ်နဲ့ ဆယ်လိနာဂိုးမက်စ်တို့စုံတွဲလို လိုက်ဖက်ညီတယ်လို့ ပရိသတ်တချို့က စကြတဲ့အပေါ်ရော ဘယ်လိုခံစားရလဲ။
HP : အဲ့ဒါကတော့ အစခံရတယ်လို့ မမြင်ပါဘူး။ ကျွန်တော်တို့ကို တမင်အဆဲခံရအောင် ခေါင်းစဉ်တပ်ပေးတယ်လို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့လည်း တစ်ခါမှ အဲ့ဒီလို မပြောဖူးသလို၊ ခံလည်းမခံယူဖူးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အောင်မြင်မှုနဲ့ ကျွန်တော်တို့ရဲ့အောင်မြင်မှုက ဘာမှမဆိုင်ပါဘူး။ အဲ့ဒါကြီးကို ဒီလိုခေါင်းစဉ်တပ်တယ်ဆိုတာ ကျွန်တော့်ကို အဆဲခံရဖို့ တည်ပေးလိုက်တယ်လို့ပဲ မြင်တယ်။ အဲ့ဒီလိုပြောတဲ့သူကိုလည်း ကျွန်တော်မကြိုက်ဘူး။

သန့်ဇင်ဦး