News

POST TYPE

INTERVIEW

“သုံးရောင်ခြယ်”
09-Jan-2018



အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ဇန်နဝါရီလ ၁၂ ရက်နေ့ကနေစပြီး ရုံတင်ပြသတော့မယ့် “သုံးရောင်ခြယ်” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)၊ သရုပ်ဆောင်ခန့်စည်သူ၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ အိချောပိုတို့နဲ့ တွေ့ဆုံပြီး ဇာတ်လမ်းအကြောင်း၊ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်တွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

မင်းမော်ကွန်း

ကျွန်တော်ကတော့ ဒီဇာတ်ကားထဲမှာ ဗီလိန်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါရိုက်တာ ကိုစတီးလ်က ကျွန်တော့်ကို ဒီဇာတ်လမ်းလေး ရိုက်ဖို့လာပြောတဲ့အချိန်မှာ ကျွန်တော့်နေရာက ဗီလိန်ဆိုပေမယ့် အဖြည်လည်း မရှိဘူး၊ ဇာတ်ဝင်ခန်းလည်း အများကြီးမပါတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကိုခန့်စည်သူတို့၊ အိချောပိုတို့ အတွက်ကျတော့ လုပ်ကွက်ရှိတဲ့၊ အင်မတန်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် ကျွန်တော်က ဝင်ပြီးတော့ အားဖြည့်ကူညီတဲ့အနေနဲ့ ပါဝင်ဖြစ်တာပါ။ ကျွန်တော့်ကာရိုက်တာကတော့ မိန်းကလေးတွေကို လူကုန်ကူးတဲ့နေရာက သရုပ်ဆောင်ရတာပါ။ နောက်ဆုံး ရိုင်းရိုင်းပြောရရင် ပြည့်တန်ဆာခေါင်းပုံစံမျိုး သရုပ်ဆောင်ရတာပါ။ ဒီလိုကာရိုက်တာမျိုးက ကျွန်တော်လည်း ပထမဆုံးရိုက်ဖူးတာဆိုတော့ စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ဆိုတာထက် ဇာတ်ကားကောင်းဖို့အတွက်ကိုပဲ တွေးပြီးပီပြင်အောင် ကြိုးစားထားပါတယ်။ ပရိသတ်တွေအတွက်လည်း ဇာတ်ကားကောင်းတစ်ကား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ခန့်စည်သူ

ဒီဇာတ်ကားမှာ ကျွန်တော်က လူငယ်ဘဝမှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်တော့ မိန်းမကို ထားခဲ့တယ်။ အဲ့မိန်းမနဲ့ သမီးလေးတစ်ယောက်ရတယ်။ ကိုယ်က နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ ကြာသွားတော့ မိန်းမနဲ့က ကွဲသလိုဖြစ်သွားတယ်။ မိန်းမက သူ့အစ်ကိုနဲ့ ရွာမှာပြန်နေတယ်။ ရွာမှာ ပြည်တွင်းစစ်ဖြစ်တော့ ထွက်ပြေးရင်းနဲ့ မိသားစုတွေ ကွဲသွားတယ်။ ကိုယ် မြန်မာပြည်ပြန်ရောက်လာတဲ့အချိန်မှာ သမီးကိုလိုက်ရှာတော့ မဲဆောက်ဘက်မှာ ပြည့်တန်ဆာမလေး ဖြစ်နေတာကို တွေ့ရတယ်။ သမီးကိုပြန်ခေါ်ဖို့ သူ့ဆီသွားတဲ့အချိန်မှာ အဖေကို အရမ်းစိတ်နာနေတာကို တွေ့ရတယ်။ အဖေကို သတ်ချင်တဲ့အထိကို မုန်းနေတာပေါ့။ ကိုယ်ကလည်း သားသမီးကံကြီးထိုက်မှာစိုးလို့ ကိုယ်ဟာ အဖေဆိုတာကို မပြောရဲဘူးပေါ့နော်။ ဒီကားမှာ ပြည့်တန်ဆာခေါင်းအဖြစ် သရုပ်ဆောင်တာက မင်းမော်ကွန်းပေါ့။ ကိုယ်က သမီးကို အိမ်ခေါ်ထားချင်တာနဲ့ မင်းမော်ကွန်းဆီမှာ တစ်လသွားငှားတယ်။ နောက်ပိုင်းမှာတော့ အဖေနဲ့သမီးကြားက နေရခက်တဲ့ အနေအထားတွေလည်း ကြုံရတယ်။ သားအဖနှစ်ယောက်ရဲ့ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း နောက်ပိုင်းမှာ မြင်ရမှာပေါ့။ ဒီကားမှာ ပါဝင်တဲ့သရုပ်ဆောင်တွေအားလုံးက တက်ညီလက်ညီနဲ့ ကြိုးစားထားကြတဲ့အတွက် ကားကောင်းတစ်ကားအဖြစ် ကြည့်ကြရမှာပါ။

နေမျိုးအောင် 

ဒီဇာတ်ကားကတော့ အရမ်းကိုကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဒီကားကို ကျွန်တော်တို့ မြဝတီဘက်မှာ သွားရိုက်ထားတာပါ။ သွားရိုက်တဲ့နေရာကလည်း အရမ်းဝေးပါတယ်။ အစ်ကိုကတော့ ဒီကားမှာ မဝါဝါအောင်ရဲ့ မောင်၊ ရွှေသမီးရဲ့ ဦးလေး၊ အရက်သမားကြီးနေရာက သရုပ်ဆောင်ထားပါတယ်။ ရွာမှာလည်း နိုင်ငံရေးအခြေအနေ မငြိမ်မသက်၊ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ မိသားစုတွေ ကွဲသွားကြတယ်ပေါ့။ ဒီကားမှာ ပရိသတ်တွေအတွက် သင်ခန်းစာယူစရာတွေလည်း အများကြီးပါပါတယ်။ သရုပ်ဆောင်တွေအားလုံးလည်း တော်တော်ကို အပင်ပန်းခံပြီး ရိုက်ခဲ့ရတယ်။ ဒီဇာတ်ကားရိုက်တုန်းက အမှတ်တရတစ်ခုကတော့ ရွာကို သူပုန်တွေ ဝင်စီးတော့ မိုင်းကွဲတဲ့အချိန်မှာ အစ်ကို ထွက်ပြေးရင်းနဲ့ ချော်လဲတဲ့အချိန်မှာ တင်ပါးပြဲသွားတယ်။ အဲ့ဒါလေးကလည်း အမှတ်တရတစ်ခုပါပဲ။ ဒရာမာဇာတ်ကားကောင်းကောင်း ကြည့်ချင်ရင်တော့ “သုံးရောင်ခြယ်” ရုပ်ရှင်ဇာတ်ကားကို လာပြီးအားပေးကြဖို့ ပရိသတ်တွေကို ဖိတ်ခေါ်ချင်ပါတယ်။

အိချောပို

ဒီကားမှာ အိချောက မကောင်းတာလုပ်စားတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ သူက ဘဝမပျက်ချင်ဘဲ ပျက်သွားရတယ်။ ကိုယ့်ချစ်သူဆိုပြီး အားကိုးခဲ့တဲ့သူရဲ့ ရောင်းစားခြင်းကို ခံခဲ့ရတယ်ပေါ့။ ကိုယ့်အဖေနဲ့ ပြန်တွေ့တော့လည်း အဖေမှန်းမသိဘူး။ အဖေနဲ့ကလည်း ငယ်ငယ်ကတည်းက ကွဲသွားတာဆိုတော့ မသိဘူးပေါ့နော်။ ဒီကားလေးက ဇာတ်လမ်းလေး အရမ်းကောင်းတဲ့အတွက် ကိုယ်လည်း ရိုက်ချင်ခဲ့တယ်။ ကိုယ်ကျရာ ဇာတ်ရုပ်မှာလည်း အကောင်းဆုံးပီပြင်အောင် ကြိုးစားထားပါတယ်။ ဒီဇာတ်ရုပ်မျိုးက ကိုယ်လည်း လုပ်နေကျဇာတ်ရုပ်မဟုတ်တဲ့အတွက် စိတ်ပူပင်မှုလေးတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ မင်းသမီးဇာတ်ဖြစ်နေတဲ့အတွက် ရိုက်ခဲ့တာပါ။ ဒီဇာတ်ကားလေးကို လာရောက်ကြည့်ရှုအားပေးကြပါဦးလို့ ပရိသတ်တွေကို ဖိတ်ခေါ်ချင်ပါတယ်။

သတင်းနှင့် ဓာတ်ပုံ - သန့်ဇင်ဦး