News

POST TYPE

INTERVIEW

လူမင်းနဲ့ တွေ့ဆုံခြင်း
08-Jan-2018


ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရိုက်ကူးတဲ့ “ညစ်တွန်း” ရုပ်ရှင်ကားမှာ ဒါရိုက်တာအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ပါဝင်ထားတဲ့ သရုပ်ဆောင်လူမင်းနဲ့တွေ့ဆုံပြီး ဇာတ်ကားအကြောင်း အပြည့်အစုံနဲ့အတူ မကြာမီကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီပေးပွဲအပေါ် အမြင်များကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : လက်ရှိ ရိုက်ကူးနေတဲ့ “ညစ်တွန်း” ရုပ်ရှင်ကားအကြောင်းကနေ စပြောပေးပါဦး။ 
LM : ဒီကားရဲ့ ဇာတ်လမ်းပုံစံကတော့ လက်ရှိလူတွေအကြောင်းပါပဲ။ လူတိုင်းမှာ စိတ်ညစ်စရာတွေရှိကြတယ်။ ချမ်းသာတဲ့လူကလည်း ချမ်းသာတဲ့အလျောက် စိတ်ညစ်စရာတွေရှိတယ်၊ မပြေလည်တဲ့လူတွေမှာ ဆိုရင်တော့ စိတ်ညစ်စရာတွေက တပုံတပင်ပေါ့နော်။ အဓိက အဲ့ဒီလိုလူတွေထဲက လူနှစ်ယောက်ဆုံတွေ့ကြတဲ့ ဇာတ်လမ်းပါ။ ဒီကားကို အစ်ကိုတို့ ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးအတွက် အစ်ကိုကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးနေပါတယ်။ ဒီကားမှာ သရုပ်ဆောင်တွေအနေနဲ့ ပြေတီဦး၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ ထက်ထက်ထွန်းနဲ့ အစ်ကိုကိုယ်တိုင် ပါဝင်ထားပါတယ်။ 

Voice : ဇာတ်ညွှန်းပိုင်းနဲ့ပတ်သက်ပြီး ဆင်ဆာရဲ့ ထောက်ညွှန်ချက်တွေကိုလည်း ခံခဲ့ရသေးတယ်နော်။ 
LM : ဒီဇာတ်လမ်းက အစ်ကိုဘောလိဝုဒ်ကနေ တရားဝင်ခွင့်ပြုချက်ရယူပြီးမှ ရိုက်တဲ့ကားပါ။ အဓိက အစ်ကိုက သူတို့ဆီက ဇာတ်ညွှန်းတွေကို ရိုက်ကြည့်ချင်တယ်။ သူတို့ဘောလိဝုဒ်ကရုပ်ရှင်ကားတွေရဲ့ ဇာတ်ညွှန်းတွေက အရမ်းကောင်းတော့ ရိုက်ကြည့်ချင်တယ်။ အဲ့ဒါကြောင့် သူတို့ဆီက တရားဝင်ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံ ဇာတ်လမ်းစိစစ်ရေးကို တင်တယ်။ ဒါပေမဲ့ နှစ်ဆယ့်သုံးချက်ကို ဆင်ဆာထောက်ညွှန်ချက်ကျတော့ ဆင်ဆာအဖွဲ့နဲ့ ဇာတ်ညွှန်းဆရာအပါအဝင် အစ်ကိုကိုယ်တိုင်သွားတွေ့ပြီး ညှိနှိုင်းဖြေရှင်းလိုက်တော့ အားလုံးအဆင်ပြေသွားပါတယ်။ ဒီကားမှာ အစ်ကို့ရဲ့ Creation အများကြီးပါတယ်။ အစ်ကိုက အိန္ဒိယဇာတ်ညွှန်းကို ရိုက်တယ်ဆိုပေမယ့် သူတို့ဆီကအတိုင်း ဒီနေရာမှာ ဒါလုပ်ထားလို့ ကိုယ်လည်း ဒါပဲလိုက်လုပ်မယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Creation ကို အပြည့်အဝပါချင်လို့၊ ဖန်တီးချင်လို့ ကိုယ်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်တာပါ။ 

Voice : ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာကနေ အနားယူပြီးနောက်ပိုင်းမှာ ဒါရိုက်တာအနေနဲ့ ပထမဆုံးပြန်ရိုက်ကားဆိုတော့ အရင်နဲ့မတူ ပြောင်းလဲလာတဲ့ ဒါရိုက်တာဘဝက ဘာများဖြစ်မလဲ။ 
LM : တကယ်တော့ ကိုယ်ဖြတ်သန်းကျင်လည်ချင်တဲ့ဘဝက ဒါမှ အစစ်အမှန်ပါ။ ကိုယ်ဖန်တီးချင်တာ၊ လုပ်ချင်တာကို လုပ်နေရတာလောက် ပျော်စရာကောင်းတဲ့ဘဝ လောကကြီးမှာ ဘယ်ရှိပါ့မလဲ။ ဒီလိုဘဝမျိုးကို ကိုယ်လိုချင်လို့ကို မဖြစ်ဖြစ်အောင် နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီးတော့ ကြိုးစားရုန်းကန်လာခဲ့ရတာပါ။ ကိုယ်နေချင်တဲ့ဘဝမှာ ကိုယ်လုပ်ချင်တဲ့အလုပ်လေးကို လုပ်နေရတာပါပဲ။ နောက်တစ်ခုက အနုပညာဆိုတာ ဖန်တီးတဲ့လူက သူဖန်တီးတဲ့အနုပညာအပေါ်မှာ ယုံကြည်ချက် အပြည့်အဝရှိနေဖို့ပဲလိုတာပါ။ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ ရိုးရိုးသားသား ပရိသတ်အတွက် စေတနာထားပြီး ဖန်တီးရင် ပရိသတ်ကလည်း အားပေးပါတယ်။ အဲ့ဒါကိုတော့ အစ်ကို့အနေနဲ့ အကြွင်းမဲ့ယုံတယ်။

Voice : မြန်မာနိုင်ငံမှာက ဒါရိုက်တာကြေးက သရုပ်ဆောင်လောက်လည်းမရပေမယ့် တာဝန်ခံမှုကျတော့ အရမ်းများနေသလိုပဲ။ 
LM : ဇာတ်ကားတစ်ကားမှာ တာဝန်ယူမှုကတော့ ဒါရိုက်တာက အများကြီးပိုများတာပေါ့။ မြန်မာနိုင်ငံမှာက ဒါရိုက်တာကြေးက သရုပ်ဆောင်လောက်လည်းမရဘူး။ တာဝန်ခံရတာကျတော့လည်း နောက်ဆုံးရုံတင်တဲ့အထိကို တာဝန်ယူရတယ်။ တကယ်လို့ ကားက မကောင်းရင်လည်း ပရိုဂျူဆာက ဒါရိုက်တာကိုပဲ အပြစ်တင်တာဆိုတော့ ဒါရိုက်တာတစ်ယောက်က တာဝန်ခံမှုအရမ်းများတယ်။ ဒါပေမဲ့ ဘာကြောင့် ဒါရိုက်တာလုပ်လဲဆိုတော့ အဖြေက ရိုးရိုးလေးပါပဲ၊ လုပ်ချင်လို့ကို လုပ်နေတာပါ။ ဥပမာ - တောင်တက်သမားတွေကို မေးသလိုပေါ့နော်။  ဒီလောက်တောင်တွေ အမြင့်ကြီးကို ဘာကြောင့်တက်နေတာလဲဆိုရင် တက်ချင်လို့ကို တက်နေတယ်၊ တောင်တွေရှိလို့ တက်နေရတဲ့သဘောပါပဲ။ အနုပညာဆိုတာလည်း အဲ့ဒီလိုပါပဲ၊ ဖန်တီးချင်စိတ်ကြောင့်ပဲ ဖန်တီးနေတာပါ။ အကြောင်းပြချက်က ဘာမှမရှိပါဘူး။ 

Voice : ၂၀၁၇ ခုနှစ်ရဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဆု ဆယ့်တစ်ဆုလုံးကို ပေးမယ်လို့ ကြားသိရတယ်၊ ကိုယ့်ရဲ့အမြင်လေးကိုလည်း သိချင်ပါတယ်။ 
LM : ပွင့်ပွင့်လင်းလင်းပြောရရင် အခြေအနေတွေက တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ ကိုယ့်လက်ထက်မှာတောင်မှ ရှေ့နှစ်နဲ့ နောက်နှစ်က မတူခဲ့တာဆိုတော့ ကိုယ့်လက်ထက်ကနှစ်နဲ့ ဒီနှစ်လည်း တူမှာမဟုတ်ပါဘူး။ ပြောင်းလဲမှုတွေ အများကြီးရှိမှာပေါ့နော်။ နောက်တစ်ခုက ဒီနှစ်မှာ အကယ်ဒမီဆု ဆယ့်တစ်ဆုလုံးကို ပေးမယ်လို့သိရတယ်။ အစ်ကို့ လက်ထက်မှာတုန်းကလည်း ပေးနိုင်အောင် ကြိုးစားပေမယ့် အစ်ကိုက နာယကကြီး၊ သက်ကြီးဝါကြီး ဘဘ ဘိုကလေးတင့်အောင်ကစလို့ ရှေးအစဉ်အဆက် အကယ်ဒမီရွေးချယ်မှု၊ ဖြတ်သန်းမှုအတွေ့အကြုံအရ ဆုံးဖြတ်တဲ့အပေါ်မှာပဲ အစ်ကိုကလိုက်နာခဲ့ရတယ်။ လူကြီးတွေကျတော့လည်း ဦးဝင်းဦးတို့ခေတ်ကတည်းက ဒေါင်ဒေါင်မြည်ကားကြီးတွေ တစ်နှစ်ကို ခုနစ်ဆယ်၊ ရှစ်ဆယ် အပြိုင်အဆိုင်ရှိတာတောင်မှ တစ်နှစ်လုံးကို ဆုသုံးဆုပဲ ပေးခဲ့တာမျိုးတွေရှိတယ်။ အဲ့ဒါကြောင့် လူကြီးတွေကနေ အကယ်ဒမီကို မဖြစ်မနေမပေးရဘူးဆိုပြီး ဆုံးဖြတ်တဲ့အပေါ်မှာ အစ်ကိုက လိုက်နာခဲ့တာပါ။ ဆယ့်တစ်ဆုလုံးပေးစေ၊ ဘယ်နှဆုပဲပေးစေဆိုပြီး အစ်ကိုက စီရင်ချက်ချမှတ်နိုင်ခွင့်လည်းမရှိဘူး။ အဓိကလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ လိုက်နာပြီး ဆောင်ရွက်ခဲ့ရတာပါ။ 

Voice : အကယ်ဒမီရွှေစင် နှစ်ကျပ်သားကနေ ငါးကျပ်သားအဖြစ် တိုးမြှင့်ချီးမြှင့်လိုက်ပြီဆိုတော့ အကယ်ဒမီဆုရတဲ့ အနုပညာရှင်တွေအတွက် အားတက်စရာပဲနော်။ 
LM : ခေတ်ကာလအလိုက် ဆုကြေးပမာဏတွေတိုးပြီး ချီးမြှင့်တာကောင်းပါတယ်။ အကယ်ဒမီကိုရတဲ့ လူတွေအနေနဲ့လည်း ထိုက်ထိုက်တန်တန် ရတာပေါ့။ ဒါပေမဲ့ ဒီနေရာမှာ တကယ့်အနှစ်သာရ တန်ဖိုးဆိုတာကတော့ ဆုပါ။ ရွှေတွေ၊ ငွေတွေ မဟုတ်ပါဘူး။

ဝင်းထွန်းနိုင်