News

POST TYPE

INTERVIEW

နာမည်ကျော် ဟာသသရုပ်ဆောင် ငှက်ပျောကြော်၊ ဇနီးဖြစ်သူ မနေဇာဘုန်းမြင့် (နေခြည်…တားရော့) တို့နှင့် တွေ့ဆုံခြင်း
07-Jan-2018

“ကျွန်တော် နားလည်ပေးတာထက် သူ နားလည်ပေးတာက ပိုများပါတယ်” - ငှက်ပျောကြော် 

“သူက ကိုယ့်ကို တအားချစ်တာကိုတော့ သိတယ်” -  နေဇာဘုန်းမြင့်

နာမည်ကျော် ဟာသသရုပ်ဆောင် ငှက်ပျောကြော်၊ ဇနီးဖြစ်သူ မနေဇာဘုန်းမြင့် (နေခြည်…တားရော့) တို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံပြီး နှစ်ယောက်ဖူးစာဆုံခဲ့ပုံ၊ ချစ်သူဘဝ အမှတ်တရဖြစ်ရပ်များနဲ့ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice: ဦးငှက်နဲ့ မနေခြည်တို့ ဘယ်လိုစပြီး ဖူးစာဆုံခဲ့ကြတာလဲ။
N : ကျွန်တော့်သူငယ်ချင်း ဇာတ်ညွှန်းရေးဆရာ ဇော်သက်ထွေးဆီမှာ သူက ဇာတ်ညွှန်းပညာ လာသင်တယ်။ ကျွန်တော်နဲ့ ဇော်သက်ထွေးကလည်း အတူနေနေတဲ့ အချိန်ပေါ့။ ကျွန်တော်က သူ့ကို မြင်မြင်ချင်းပဲ ရင်ခုန်သွားတာလေ။
NC : အစ်မကတော့ သူ့ကို စစတွေ့ချင်းတုန်းက ရယ်ချင်တာပဲသိတယ်။ သူက ကိုယ့်ကို တအားချစ်တာကိုတော့ သိတယ်။ ကိုယ်က နဂိုကတည်းက ဦးဇာဂနာတို့အဖွဲ့ကို လေးစားတယ်။ အားကျတယ်။ သူတို့အဖွဲ့ထဲက သူတစ်ယောက်ဖြစ်တဲ့ ကိုငှက်က ကိုယ့်ကို ချစ်တယ်ဆိုတော့လည်း ဝမ်းသာတယ်။ လက်ခံခဲ့တယ်ပေါ့နော်။

Voice:  အိမ်ထောင်သက်တမ်းကရော ဘယ်လောက်လောက်ရှိပြီလဲ။
N : ကျွန်တော်တို့ မင်္ဂလာဆောင်ခဲ့တာက နိုဝင်ဘာလ ၂၁ ရက်နေ့၊ ၁၉၉၉ ခုနှစ်ပါ။ မင်းသား ကိုရဲအောင်နဲ့ သူ့အမျိုးသမီးတို့ မင်္ဂလာဆောင်တဲ့နေ့နဲ့ တစ်ရက်တည်းပါပဲ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်းကတော့ ဆယ့်ရှစ်နှစ်လောက်တော့ ရှိပါပြီ။ 

Voice: ချစ်သူဘဝမှာတုန်းကရော ဘယ်လိုအမှတ်တရဖြစ်ရပ်တွေ ရှိခဲ့လဲ။
N : ချစ်သူ့ဘဝမှာတော့ ကျွန်တော့်မှာ မကောင်းတဲ့ ဉာဉ်လေးတွေရှိတယ်။ ကျွန်တော်နဲ့ စိတ်ဆိုးတုန်းက သူ ကားပေါ်က ခုန်ချခဲ့တာကတော့ အမှတ်တရပါပဲ။ အိမ်ထောင်ကျပြီးတဲ့အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်၊ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ပဲ ဒီနေ့ဒီအချိန်အထိ လက်တွဲလာခဲ့ကြတာပါ။ ကျွန်တော်နဲ့သူက အသက် ၁၅ နှစ်ကွာပါတယ်။ ကျွန်တော့်အသက် ၃၅ နှစ်မှာ သူ့အသက်က ၂၀ တောင် မပြည့်သေးပါဘူး။ 
NC : ချစ်သူဖြစ်ပြီးတော့မှ သူက ကိုယ့်ကိုပြတ်ပြီ၊ နောက်နေ့ကျရင် ဇာတ်လမ်းပြီးပြီဆိုပြီး ပြောတယ်။ ကိုယ်ကလည်း အဲ့ဒီတုန်းက ကလေးအရွယ်ဆိုတော့ လက်မခံချင်တဲ့အတွက် လုပ်မိလုပ်ရာ လုပ်ခဲ့တာပါ။ အိမ်ထောင်ကျပြီးတဲ့အခါမှာတော့ သူ့အပေါ် အစ်မဘက်က အများကြီးနားလည်ပေးပါတယ်။ နောက်တစ်ခုက အစ်မက သဝန်မတိုတတ်ဘူး။ ကိုယ်က နဂိုကတည်းကလည်း ယောကျာ်းလေးဆန်တဲ့ စိတ်မျိုးရှိတော့ တော်ရုံတန်ရုံဆိုရင်တော့ ခွင့်လွှတ်တတ်ပါတယ်။ ကိုယ့်ဘက်ကစပြီး ရန်ဖြစ်တာတော့ ဘယ်တော့မှမရှိဘူး။ သူ့ဘက်ကစလို့ ရန်ဖြစ်တာပဲ ရှိပါတယ်။

Voice: အိမ်ထောင်ဖက်က ကိုယ့်ထက် အသက်အများကြီး ငယ်တာဆိုတော့ ဦးငှက်ဘက်ကရော ဘယ်အပိုင်းတွေမှာ နားလည်မှုပေးရလဲ။
N : ကျွန်တော် နားလည်ပေးတာထက် သူ နားလည်ပေးတာက ပိုများပါတယ်။ ကျွန်တော်က အရက်တွေဘာတွေသောက်ပြီးရင် စိတ်က နည်းနည်းပြောင်းတယ်။ သူ့အပေါ် သဝန်တိုတဲ့စိတ်တွေက ပိုများလာပါတယ်။ မသောက်ခင်ဆိုရင်တော့ ဘာမှမဖြစ်ဘူး။ သောက်ပြီးစားပြီးရင်တော့ သူ့ကို သဝန်တိုတဲ့စိတ်က ပိုများလာတယ်။ ဒါက ကျွန်တော်မကောင်းတာပေါ့နော်။ 

Voice: ဦးငှက်တို့ရဲ့ သားသမီးတွေကျတော့ရော ဘယ်အရွယ်တွေ ရောက်နေကြပြီလဲ။
N : အိမ်ထောင်ကျခါစကတော့ နှစ်ယောက်တည်းပေါ့နော်။ အခုကျတော့ သားသမီးတွေလည်း ရလာပြီဆိုတော့ အရာရာ သူတို့အတွက်ကိုပဲ ဦးစားပေးပြီး စဉ်းစားရတာပေါ့။ သားအကြီးကောင်က ဆယ်တန်းရောက်ပြီ။ အငယ်ကောင်ကတော့ ခုနစ်တန်းတက်နေတယ်။ ကျွန်တော်တို့ကတော့ နောက်ရောက်သွားပါပြီ။ သူတို့အတွက်ကိုပဲ ဦးစားပေးရတာပေါ့။ သားသမီးတွေနဲ့ ပတ်သက်လို့ကတော့ သူတို့လျှောက်ချင်တဲ့လမ်းကို ဦးစားပေးပြီး အရင်လျှောက်ခိုင်းမှာပါ။ ကိုယ်လျှောက်ချင်တဲ့လမ်းကို သူတို့လျှောက်လို့ အတိမ်းအစောင်းဖြစ်သွားရင် ကိုယ်တရားခံဖြစ်မှာလေ။
NC : သားသမီးတွေနဲ့ပတ်သက်လို့ အစ်မက မျှော်လင့်ချက်တော့ အများကြီးမထားထားပါဘူး။ သူတို့လုပ်ချင်တာကို လုပ်ခွင့်ပြုထားပါတယ်။ သူတို့ရွေးချယ်တဲ့လမ်းက အဆင်ပြေတယ်၊ သူတို့ပျော်တယ်ဆိုရင် မိဘတစ်ယောက်အနေနဲ့ အစ်မကျေနပ်ပါတယ်။ ကိုယ့်ဘက်ကတော့ မိဘတစ်ယောက်အနေနဲ့ သူတို့ဖြစ်ချင်တာကို အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ။

သန့်ဇင်ဦး