News

POST TYPE

INTERVIEW

နန်းခင်ဇေယျာနဲ့ တွေ့ဆုံခြင်း
04-Jan-2018
“အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ခံစားခဲ့ရတာတွေ ရှိခဲ့ဖူးတဲ့အတွက် အခုချိန်မှာ တည်တည်ငြိမ်ငြိမ် ဖြစ်နေတာပါ”

သရုပ်ဆောင် နန်းခင်ဇေယျာနဲ့တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း၊ မကြာမီရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲအကြောင်းနဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ခံစားခဲ့ရတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : နန်းခင်ဇေယျာရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းကနေစပြီး ပြောပြပေးပါဦး။
NKZY : အခုလက်ရှိတော့ ဒါရိုက်တာဂျိုးနဲ့ ဝင်ကစွပ်ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေး ရိုက်နေပါတယ်။ မင်းသားကတော့ ကိုနေမျိုးအောင်နဲ့ပါ။ ဒီကားမှာ နန်းခင်နဲ့ကိုနေမျိုးအောင်က မင်းသား၊ မင်းသမီးတွေပေါ့။ ချစ်သူတွေလည်း ဖြစ်ကြတယ်။ နန်းခင်တို့က ကျေးလက်မှာ ဇာတ်ကားလာရိုက်ရင်းနဲ့ မင်းသားရူး ရူးနေတဲ့ လူတစ်ယောက်နဲ့တွေ့တယ်။ အဲ့ဒီလူနဲ့လည်း ရင်းနှီးသွားကြတယ်။ နောက်ပိုင်းမှာ အဲ့ဒီမင်းသားရူး ရူးနေတဲ့သူက နန်းခင်ကို ခိုးပြေးသွားတဲ့ ဟာသဇာတ်လမ်း ပုံစံလေးပါပဲ။

Voice : ဒီဇာတ်ကားပြီးရင်ရော ဘယ်လိုဇာတ်လမ်းတွေ ရိုက်ဖို့လက်ခံထားသေးလဲ။
NKZY : နန်းခင် MNTV ရုပ်သံလိုင်းအတွက် ဇာတ်လမ်းတွဲလေးတစ်ခု ရိုက်ဖို့လည်း ရှိပါတယ်။ အဲ့ဒါကတော့ တစ်လလောက် အချိန်ပေးပြီး ရိုက်ရမယ်။ ဇာတ်လမ်းတွဲမှာတော့ နန်းခင်က မပွင့်ရဲ့ ညီမနေရာက သရုပ်ဆောင်ရမှာပါ။ နန်းခင်တို့က ဘား (Bar) ဖွင့်ထားတယ်။ အဲဒီဘားကို ကိုဇေယျတို့ ကိုမိုးယံဇွန်တို့က အီစီကလီလာလုပ်ရင်းနဲ့ ဇာတ်လမ်းဖြစ်သွားကြတဲ့ ပုံစံမျိုးလေးပါ။ ဇာတ်လမ်းတွဲကတော့ အပိုင်း ၂၀ လောက်တော့ ပါပါလိမ့်မယ်။ မင်းသားတွေက အမှန်တော့ နန်းခင်ကို လာပိုးကြတာပေါ့။ မပွင့်က သူ့ကို လာပိုးတယ်ထင်ပြီး ဟာသလေးတွေ ဖြစ်သွားတာပေါ့။ သရုပ်ဆောင်တွေကတော့ မိုးယံဇွန်၊ ဇေယျ၊ စိုးရန်အောင်၊ မပွင့်၊ ပိုပိုတို့လည်း ပါပါတယ်။

Voice : ဒီနှစ်အတွင်းမှာရော ပရိသတ်တွေကို ဘယ်လို အနုပညာလှုပ်ရှားမှုတွေကို ထူးထူးခြားခြား တင်ဆက်သွားဖို့ရှိမလဲ။
NKZY : ထူးထူးခြားခြားဆိုရင်တော့ ဒီနှစ်အစမှာ နန်းခင် ဇာတ်လမ်းတွဲ စရိုက်ဖြစ်တယ်။ ဒီနှစ်ထဲမှာပဲ နန်းခင်ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးတွေ ရုံတင်ဖို့ရှိတယ်။ ရုပ်ရှင်ကားကြီးတွေလည်း ထပ်ရိုက်ဖို့ရှိပါတယ်။ အနုပညာအနေနဲ့ကတော့ နန်းခင်အများကြီး ဆက်ကြိုးစားရဦးမှာပါ။ အနုပညာသက်တမ်း လေးနှစ်အတွင်းမှာ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။ ပရိသတ်တွေ အားပေးရကျိုးနပ်အောင်လည်း ဒီ့ထက်မက ဆက်ပြီး ကြိုးစားသွားဦးမှာပါ။ ဂီတဘက်နဲ့ပတ်သက်လို့ကတော့ စီးရီးတစ်ခွေလုံးစာ မဟုတ်ရင်တောင်မှ Single သီချင်းလေးတွေလောက်တော့ လုပ်ဖြစ်မှာပါ။

Voice : အနုပညာသက်တမ်း လေးနှစ်အတွင်းမှာရော အနုပညာနဲ့ပတ်သက်တဲ့ ခံယူချက်တွေက ဘယ်လို အပြောင်းအလဲတွေရှိခဲ့လဲ။
NKZY : အနုပညာသက်တမ်း လေးနှစ်အတွင်းမှာတော့ အမှားအယွင်းလေးတွေ၊ လိုအပ်ချက်လေးတွေ ရှိခဲ့တယ်။ အက်တင်ပိုင်းနဲ့ ပတ်သက်လို့လည်း အားမရတဲ့ အပိုင်းလေးတွေ ရှိခဲ့တယ်။ ကိုယ်ဒီလောကကို စဝင်တဲ့အချိန်တုန်းကဆို နယ်ကလူဖြစ်တဲ့အတွက် စကားလည်းဝဲတယ်။ မြန်မာစကားကိုလည်း ပီပီသသ မပြောနိုင်ဘူး။ နောက်ပိုင်းမှာ ဒိုင်ယာလော့ခ်တွေကို ပီပီသသ ပြောနိုင်အောင် ကြိုးစားခဲ့ရတယ်။ ကိုယ်တွေက ခေတ်ကောင်းလည်း မီလိုက်တယ်လို့ ပြောရမယ်။  ကိုယ်တွေ အနုပညာအလုပ် စလုပ်တုန်းကဆို တစ်လကို ဗီဒီယိုဇာတ်ကား သုံးလေးကားလောက် ရိုက်ခဲ့ရတယ်။ အခုဆိုရင် ဗီဒီယိုဈေးကွက်က သိပ်မကောင်းတော့တဲ့အတွက် အဲ့ဒီလောက် မရိုက်ရတော့ဘူးပေါ့နော်။ ဒီနှစ်အတွင်းမှာတော့ နန်းခင်တို့ အနုပညာလောကက ပိုပြီး တိုးတက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်။

Voice : နန်းခင်ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ အသံသိပ်မကြားရဘူးနော်။ ကိုယ့်ရဲ့အချစ်ရေးကိုရော ပရိသတ်ကို ပွင့်ပွင့်လင်းလင်း အသိပေးဖို့ရှိမလား။
NKZY : နန်းခင်ရဲ့အချစ်ရေးကတော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။ ထူးထူးခြားခြား ပြောပြစရာတော့ မရှိသေးပါဘူး။ အချစ်ရေးကတော့ အပြောင်းအလဲမရှိပါဘူး။ နန်းခင်က အပြောင်းအလဲလည်း မမြန်တတ်ပါဘူး။ ကိုယ့်ရဲ့အချစ်ရေးကို ပရိသတ်သိအောင် ချပြဖို့ကတော့ လိုပါသေးတယ်။ ချစ်သူနှစ်ယောက် ရေရှည်လက်တွဲနိုင်ဖို့ ဆိုတာကလည်း တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေ အများကြီးပေးနိုင်မှ ဖြစ်မှာလေ။ ကိုယ်တွေလို အနုပညာသမား တစ်ယောက်ကိုလည်း နားလည်ပေးနိုင်တဲ့သူနဲ့မှ အဆင်ပြေမှာပါ။

Voice : အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ရော ခံစားခဲ့ရတာတွေ ရှိခဲ့ဖူးလား။
NKZY : အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ခံစားခဲ့ရတာတွေ ရှိခဲ့ဖူးတဲ့အတွက် အခုချိန်မှာ တည်တည်ငြိမ်ငြိမ် ဖြစ်နေတာပါ။ အချစ်ရေးနဲ့ ပတ်သက်လို့တော့ အကောင်း၊ အဆိုးဆိုပြီး နန်းခင် မသတ်မှတ်ပါဘူး။ နှစ်ယောက်သား ချစ်ခဲ့တယ်၊ ကြိုက်ခဲ့တယ်။ ရေရှည်မှာ တစ်ယောက်ကို၊ တစ်ယောက် နားလည်မှုတွေ မပေးနိုင်ကြတဲ့အချိန်မှာ၊ လမ်းခွဲခဲ့တာပဲရှိတယ်။ အမုန်းတရားနဲ့ လမ်းခွဲခဲ့တာတော့ မရှိပါဘူး။ တစ်ယောက်ကို တစ်ယောက်နားလည်မှု ပေးပြီးတော့ပဲ လမ်းခွဲခဲ့တာပါ။ အချစ်က ကိုယ့်ကိုပြန်ပြီးတော့ တည်ငြိမ်အောင်၊ ရင့်ကျက်အောင် လုပ်ပေးခဲ့တဲ့အတွက် အခုချိန်မှာ အပျိုကြီးဖြစ်နေတာပါ။

Voice : နန်းခင်က အချစ်ရေးနဲ့ပတ်သက်ပြီး ကံကောင်းတဲ့အထဲမှာပါလား၊ ကံဆိုးတဲ့အထဲမှာပါလား။
NKZY : အချစ်ရေး ကံကောင်းတဲ့အထဲမှာ နန်းခင် မပါပါဘူး။ နန်းခင်က မစွံပါဘူး။ လက်ရှိမှာတော့ နန်းခင်က တစ်ယောက်တည်းပါပဲ။ အချစ်ဆိုတာက ကြိုတင်မျှော်လင့်ထားလို့လည်း မရဘူးလေ။ လူတစ်ယောက်ကို ကိုယ်မြင်တဲ့အချိန်မှာ ကိုယ့်ရင်ခုန်သံ စည်းချက်လေးက ဒုန်းဒုန်းဒုန်းဖြစ်လာမှပဲ အချစ်ဆိုတာ ဖြစ်လာတာပါ။ နန်းခင်က သံယောဇဉ် ကြီးတတ်တယ်။ အဲ့ဒါကြောင့် အချစ်နဲ့ပတ်သက်ရင် ထိရှခံစားလွယ်တယ်။ တစ်ခုခုဆိုရင် အရမ်းခံစားလွယ်တယ်။  အဲ့ဒါကြောင့် ခံစားရမယ့် ကိစ္စမျိုးဆို မကြုံချင်တော့ဘူး။ အိမ်ထောင်ရေးကတော့ ကိုယ့်မှာ ဖူးစာကံပါလာရင်တော့ အိမ်ထောင်ပြုဖြစ်မှာပါ။

သန့်ဇင်ဦး


  • VIA