News

POST TYPE

INTERVIEW

G Fatt နဲ့ တွေ့ဆုံခြင်း
02-Jan-2018

“ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ရှိအချစ်ရေးကတော့ တစ်ယောက်ရဲ့ ကွက်လပ်ကို တစ်ယောက်က ဖြည့်ပေးရင်းနဲ့ပဲ ခရီးဆက်နေကြတာပါ”

လူငယ်ပရိသတ်ကြိုက် နာမည်ကျော် ဟစ်ပ်ဟော့ပ်အဆိုရှင် G Fatt နဲ့ တွေ့ဆုံပြီး၊ မွေးနေ့မှာ ပရိသတ်တွေနဲ့ တွေ့ဖြစ်တဲ့အကြောင်း၊ ဒုတိယ တစ်ကိုယ်တော်စီးရီးသစ်အကြောင်း၊ ဆက်လက်လုပ်ဆောင်သွားမယ့် အနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ကိုယ့်ရဲ့မွေးနေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖြစ်တဲ့ အကြောင်းကနေစပြီး ပြောပြပေးပါဦး။
GF : ကျွန်တော့်ရဲ့မွေးနေ့မှာ မှတ်မှတ်ရရ ဖြစ်ချင်တဲ့အတွက် ပရိသတ်တွေနဲ့ တွေ့ဆုံဖြစ်တာပါ။ ဒီပွဲကို အဓိက စီစဉ်ပေးတာကတော့ ကျွန်တော့်ကို Brand Ambassador ခန့်ထားတဲ့ M-150 ကပါ။ အခုလိုမျိုး ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေနဲ့ တွေ့ရတဲ့အတွက်လည်း အရမ်းပျော်ပါတယ်။ အမှန်ဆို ဒီ့ထက်မကကြီးတဲ့ပွဲမျိုး လုပ်ပြီးတော့တောင် တွေ့ချင်တာပါ။ ကျွန်တော့်ရဲ့ မွေးနေ့ကို မလာနိုင်ကြတဲ့ ပရိသတ်တွေအတွက်ကိုတော့ အွန်လိုင်းမှာ သီချင်းသစ်လေးတစ်ပုဒ်ကို လက်ဆောင်အနေနဲ့ တင်ပေးထားပါတယ်။ ကျွန်တော်ကပြောတဲ့ G Fatt အကြောင်းဆိုတဲ့ သီချင်းလေးပါ။ သာမန်လူတစ်ယောက်ကနေ G Fatt ကို ဝေဖန်တဲ့ ပုံစံမျိုးလေး ရေးထားတာပါ။ ဒီသီချင်းက ကျွန်တော့်ရဲ့ခွေသစ်ထဲမှာ ကျွန်တော်အရမ်းတန်ဖိုးထားတဲ့ သီချင်းလေးပါ။ 

Voice : G Fatt ရဲ့ စီးရီးသစ်ကရော ဘယ်လောက်အထိ ပြီးနေပြီလဲ။ ဘယ်တော့လောက် ထွက်နိုင်မလဲ။
GF : ကျွန်တော့်ရဲ့စီးရီးသစ်အတွက် သီချင်းတွေ လုပ်နေတာ အကုန်ပြီးသွားပါပြီ။ အခု အွန်လိုင်းမှာ တင်ပေးခဲ့တဲ့ သီချင်းသစ်ကလည်း စီးရီးထဲမှာ ပြန်ပါမှာပါ။ ဒီခွေကို ပထမတော့ ဒီဇင်ဘာလထဲမှာ ထွက်မယ်လို့ ပရိသတ်တွေကို ပြောထားတာပါ။ ဒါပေမဲ့ ကတိမတည်သလို ဖြစ်သွားတဲ့အတွက် ပရိသတ်တွေအားလုံးကို တောင်းပန်ပါတယ်။ ဇန်နဝါရီလထဲတော့ ထွက်နိုင်အောင် ကြိုးစားပါမယ်။ ကျွန်တော်လည်း ပရိသတ်တွေကို သီချင်းသစ်တွေ အမြန်ဆုံး နားထောင်စေချင်ပါပြီ။ 

Voice : ဒီခွေထဲမှာရော G Fatt အတွက် မှတ်မှတ်ရရရှိတဲ့ သီချင်းဆိုရင် ဘယ်သီချင်း ဖြစ်မလဲ။
GF : သီချင်းတိုင်းကတော့ ကျွန်တော့်ဘဝအကြောင်းလိုမျိုးဖြစ်နေတော့ ကျွန်တော့်အတွက် မှတ်မှတ်ရရရှိတာပါပဲ။ ကျွန်တော်နဲ့ ရင်ဘတ်ချင်းနီးတဲ့ ပရိသတ်တွေကတော့ ခံစားလို့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စီးရီးသစ်မှာ သီချင်းအားလုံးပေါင်း ၁၄ ပုဒ် ပါပါတယ်။ Bonus Track အနေနဲ့ တစ်ပုဒ်ထပ်ထည့်ဖို့လည်းရှိတော့ ၁၄ ပုဒ်လောက် ပါပါမယ်။ သီချင်းတစ်ပုဒ်ချင်းစီကိုတော့ ကျွန်တော်သေချာ အချိန်ပေးပြီး လုပ်ထားတဲ့အတွက် အားရကျေနပ်မှုလည်း ရှိပါတယ်။

Voice : ဟစ်ဟော့ပ်အဆိုတော်တွေ ပါဝင်ထားတဲ့ “ကိုယ့်သမိုင်းကိုယ်ရေးကြသူများ” ရုပ်ရှင်ကလည်း ဇန်နဝါရီလ ၅ ရက်နေ့မှာ ရုံတင်တော့မယ်နော်။ အဲ့ဒီဇာတ်ကားမှာရော G Fatt ရဲ့ ကာရိုက်တာက ဘယ်လိုမျိုးလဲ။
GF : အဲ့ဒီဇာတ်ကားမှာ ကျွန်တော်က မိဘတွေ သဘောမကျပေမယ့် ရပ်ပ်တွေကို ရူးသွပ်တဲ့ လူငယ်တစ်ယောက်နေရာက သရုပ်ဆောင်ထားတာပါ။ အစ်မအိမ်မှာ နေတယ်။ သူငယ်ချင်းနှစ်ယောက်ကိုလည်း အိမ်ပေါ်ခေါ်တင်ထားတယ်ပေါ့။ ကျွန်တော်က ဇာတ်ကားတွေ အများကြီးမရိုက်ဖူးပါဘူး။ ကျွန်တော့်ကိုပေးတဲ့ ကာရိုက်တာလေးအပေါ်မှာတော့ သေချာအားစိုက်ပြီး ကြိုးစားထားပါတယ်။ သရုပ်ဆောင်အနေနဲ့ ပထမဆုံး စရိုက်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အမှတ်တရတွေလည်း အများကြီးရှိခဲ့ပါတယ်။

Voice : နောက်ထပ် ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းမှုတွေ ရှိလာမယ်ဆိုရင် G Fatt ရိုက်ဖြစ်ဦးမလား။
GF : သရုပ်ဆောင်ကြီး လုံးလုံးလုပ်ဖို့တော့ စိတ်ကူးမရှိပါဘူး။ ကျွန်တော်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားလေးတွေ လာပြောရင်တော့ တစ်ခါတလေ ရိုက်ကြည့်ချင်ပါတယ်။ ဒီကြားထဲမှာလည်း ကျွန်တော့်ကို ဗီဒီယိုဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ဖို့လာပြောကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်လည်း စီးရီးလုပ်နေရတာကြောင့် အချိန်မပေးနိုင်တာနဲ့ မရိုက်ဖြစ်ဘူး။ ကျွန်တော်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးလေးဆိုရင်တော့ ရိုက်ဖို့ စိတ်ဝင်စားပါတယ်။

Voice : ဒီနှစ်ထဲမှာရော ဂီတလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ထူးထူးခြားခြား လုပ်ဆောင်သွားဖို့ရှိရင်လည်း ပြောပြပေးပါဦး။
GF : ဒီနှစ်ထဲမှာတော့ ကိုစိုင်း (စိုင်းစိုင်းခမ်းလှိုင်) တို့ရဲ့ Frenzo Production နဲ့ အဖွဲ့လိုက် စီးရီးတစ်ခွေထွက်ဖို့လည်း ကြိုးစားနေကြပါတယ်။ နောက်ပြီးတော့ G Family နဲ့လည်း စီးရီးတစ်ခွေ ထွက်ဖို့ရှိပါတယ်။ G Family ကျတော့ လူများတဲ့အတွက် ခွေလုပ်မယ်ဆိုရင် လူစုလို့မရဘူး ဖြစ်နေတယ်။ ဒီနှစ်ထဲမှာတော့ ခွေလုပ်ဖြစ်အောင်လုပ်ဖို့ ကျွန်တော်တို့ စဉ်းစားထားပါတယ်။ နောက်ပြီး ကျွန်တော့်ရဲ့ ဒုတိယတစ်ကိုယ်တော်ခွေထွက်မယ်။ ပရိသတ်တွေကို နောက်ထပ် Suprise တစ်ခုလည်း ထပ်လုပ်ဖို့ရှိပါတယ်။

Voice : မွေးနေ့မှာရော ချစ်သူဆီက ဘယ်လိုလက်ဆောင်မျိုးရခဲ့လဲ။ လက်ရှိအချစ်ရေး အခြေအနေကရော ဘယ်လိုရှိလဲ။
GF : မွေးနေ့မှာ ချစ်သူပေးတဲ့ လက်ဆောင်အကြောင်းကတော့ Top Secret ပါ။ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ နှစ်ယောက်လုံးကလည်း ကိုယ့်အနုပညာအလုပ်တွေနဲ့ကိုယ် ရှုပ်နေကြတယ်။ ကိုယ်လည်း ကိုယ်လုပ်ချင်တဲ့ အလုပ်လေးတွေ ရှိသေးသလို၊ သူလည်း သူသွားချင်တဲ့ ပန်းတိုင်လေးတွေ ရှိပါတယ်။ ကျွန်တော်လည်း သူလိုအပ်တာတွေ ဝင်ကူပေးတာပေါ့နော်။ သူလည်း ကျွန်တော်လိုအပ်တာလေးတွေ ဝင်ကူပေါ့။ ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ရှိအချစ်ရေးကတော့ တစ်ယောက်ရဲ့ ကွက်လပ်ကို တစ်ယောက်က ဖြည့်ပေးရင်းနဲ့ပဲ ခရီးဆက်နေကြတာပါ။