News

POST TYPE

INTERVIEW

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
29-Dec-2017


အရေးပေါ် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု နည်းလမ်းများ

“စတိတ်ရှိုး သွားကြည့်တယ်ဆိုရင်လည်း အရေးပေါ်ထွက်ပေါက်က 
ဘယ်နားမှာရှိလဲ စသဖြင့် သိထားဖို့ အရေးကြီးပါတယ်”

လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ လူကြီး၊ လူငယ်တိုင်းနီးပါး နှစ်သစ်ကိုကြိုဆိုကြမယ့် ညတစ်ညပဲ ဖြစ်ပါတယ်။ ဒီလိုညမျိုးမှာ ပွဲလမ်းသဘင်တွေမှာ ပျော်ရွှင်စွာ ဆင်နွှဲမယ့်သူတွေရှိသလို၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း အပေါင်းအသင်းနဲ့ပဲဖြစ်ဖြစ် နှစ်သစ်ကူးညကို ပျော်ရွှင်စွာ ဖြတ်သန်းကြမယ့်သူတွေလည်း ရှိပါတယ်။ ဒီလိုအချိန်အခါမျိုးကို ဆင်နွှဲရင်းနဲ့ မတော်တဆဖြစ်ပွားနိုင်တဲ့ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ကြုံလာတဲ့အခါမှာ အသုံးပြုနိုင်မယ့် ရှေးဦးသူနာပြုစုနည်းလမ်းတွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း တာဝန်ခံ) နဲ့ The Voice က မေးမြန်းဖြစ်တာတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

Voice : နှစ်သစ်ကူးညကို ဆင်နွှဲမယ့်သူတွေအနေနဲ့ ကျန်းမာရေးအရ ဘယ်လိုအချက်တွေကို သတိပြုသင့်ပါသလဲ။
Dr.KSO : ပထမဆုံးအနေနဲ့ ရာသီဥတုပါ။ အခုရက်ပိုင်းမှာ ရာသီဥတုက အေးလိုက် ပူလိုက်နဲ့ဆိုတော့ နည်းနည်းသတိထားရမှာပေါ့။ အဓိကကတော့ ဖျားတာ၊ နာတာတွေပါ။ နောက်တစ်ခုကတော့ ယာဉ်အန္တရာယ်ပေါ့။ ဒီလိုညမျိုးမှာ ကားတွေပြိုင်မောင်းတာတွေ၊ ကားအရမ်းကျပ်တာမျိုးတွေကြောင့် ယာဉ်တိုက်မှုတွေ သတိထားရမှာပေါ့။ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတွေဟာ မြို့ပြတွေတင်မကဘဲ ကျေးလက်နေ ပြည်သူတွေအထိပါ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ကြတာဆိုတော့ ယာဉ်အန္တရာယ်တွေကလည်း တော်တော်ကို ကြီးမားတဲ့ကိစ္စတစ်ခုပါ။ ဆိုင်ကယ်၊ စက်ဘီး၊ သုံးဘီး စသဖြင့်ပေါ့။ ဒီယာဉ်အန္တရာယ်ကိုလည်း လူတွေက ဂရုစိုက်ဆင်ခြင်ဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ အစားအသောက်ပေါ့။ တချို့ကလည်း သူငယ်ချင်းအိမ်၊ ကိုယ့်အိမ် စသဖြင့်လုပ်ကြတယ်။ တချို့ကလည်း စားသောက်ဆိုင်တွေမှာ လုပ်သလို လမ်းတွေမှာလည်း လုပ်ကြတယ်။ တချို့ကလည်း စတိတ်ရှိုးတွေမှာ လုပ်တယ်ပေါ့။ ဒီလို လုပ်တဲ့အခါမှာ အစားအသောက်တွေက သန့်ရှင်းဖို့လိုပါတယ်။ အစားအသောက် မသန့်ရှင်းတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှောတွေ၊ အန်တာတွေ၊ အစာအဆိပ်သင့်တာတွေ ဖြစ်နိုင်တာပေါ့။ အစားအသောက်ဆိုတဲ့နေရာမှာ အရက်သေစာ သောက်စားတာ အရမ်းများကြပါတယ်။ အရက်၊ ဘီယာ၊ ဝိုင်တို့ပေါ့။ အခုက အရွယ်မရွေးဘူး။ ငယ်တဲ့ကလေးတွေတောင် သောက်နေတာကို တွေ့နေရတယ်။ ဒါတွေကို အလွန်အကျွံ မသောက်ဖို့နဲ့ တတ်နိုင်ရင်တော့ မသောက်တာက အကောင်းဆုံးပါပဲ။ သောက်ခဲ့မယ်ဆိုလည်း ကိုယ့်ရဲ့ ခံနိုင်ရည်ပမာဏကို သိပြီးတော့ ထိန်းသိမ်းဆင်ခြင်ပြီး သောက်ဖို့လိုပါတယ်။
အခုနောက်ပိုင်း ခေတ်စားလာတာက မူးယစ်ဆေးပေါ့။ အဲဒီလိုညမျိုးမှာဆိုရင် ရာမတို့လို ဆေးတွေကို သုံးတယ်။ ဒါတွေက စိတ်ကိုလွတ်စေတယ်။ အထူးသဖြင့် ဒါတွေကြောင့် ရန်ဖြစ်တာတွေ မျိုးစုံပဲ ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ လိင်မှုဆိုင်ရာကိစ္စတွေ ဖြစ်သွားနိုင်တာရှိပါတယ်။ ဒါကြောင့် ယောကျာ်းလေးရော၊ မိန်းကလေးရော သတိထားဆင်ခြင်ဖို့ လိုပါတယ်။ နောက်ပြီး လိင်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ရှိတတ်ပါတယ်။ မိန်းကလေးတွေတော့ အထူးသတိထား ဆင်ခြင်ဖို့လိုပါတယ်။ ကိုယ့်ကို တိုက်တဲ့အထဲမှာ ဘာတွေပါသလဲဆိုတာ မသိနိုင်တော့ မသောက်တာ အကောင်းဆုံးပါပဲ။ ဒီကိစ္စတွေကလည်း ခေတ်နဲ့အညီ သတိထားဆင်ခြင်သင့်တာတွေပါ။ ခိုက်ရန်ဖြစ်ပွားတာဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပျော်ကြရင်း၊ နောက်ပြောင်ကြရင်းနဲ့ ဖြစ်ကြတာလည်း သတိထားဆင်ခြင်ဖို့ လိုပါတယ်။ မတော်တဆဖြစ်တဲ့ မီးလောင်တာပဲဖြစ်ဖြစ်၊ ပေါက်ကွဲတာပဲဖြစ်ဖြစ် ဒါတွေကိုပါ ထည့်တွက်ထားရမယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ပျော်ကြရင် ပွဲတွေမှာ လူအုပ်ကြီး ပြိုလဲသွားတာတွေရှိတော့ သတိထားဆင်ခြင်သင့်တယ်။ စတိတ်ရှိုးသွားကြည့်တယ်ဆိုရင်လည်း အရေးပေါ်ထွက်ပေါက်က ဘယ်နားမှာရှိလဲ စသဖြင့် သိထားဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ဆီမှာက ဖြစ်လာမှသာဖြစ်တယ်လို့ အကုန်လုံးက ဝိုင်းဝေဖန်ကြတာ။ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့အပိုင်းတွေက အားလုံးမှာ တာဝန်ရှိပါတယ်။
ပွဲစီစဉ်တဲ့သူတွေအပိုင်းကလည်း တာဝန်ရှိသလို သွားတဲ့သူတွေကလည်း အရေးပေါ်ထွက်ပေါက် ဘယ်နားရှိသလဲ၊ တစ်ခုခုဖြစ်ပြီဆိုရင်လည်း ဘယ်ကို အကြောင်းကြားရမလဲ စသဖြင့်ပေါ့။ ထိခိုက်ဒဏ်ရာ ရတာတို့၊ အရေးပေါ်ယာဉ် လိုအပ်တာတို့တွေ ရှိလာနိုင်တဲ့အတွက် ဒီလိုကိစ္စတွေမှာ ကူညီမှုပေးနေတဲ့ အသင်းအဖွဲ့တွေရဲ့ ဖုန်းနံပါတ်တွေကို ယူထားစေချင်တယ်။ ကိုယ်မဟုတ်ရင်တောင် တခြားလူဖြစ်ခဲ့ရင် ကူညီလို့ရတာပေါ့။ ဒါတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြောတာမျိုးမဟုတ်ပါဘူး။ ဒီလိုဖြစ်နိုင်တဲ့ အချက်လေးတွေကို သတိထားမိပြီး ဆင်ခြင်နိုင်မယ်ဆိုရင် ပိုပြီးပျော်ရတာပေါ့။ မဟုတ်ရင် အမူးလွန်ပြီး အန်ဖတ်ဆို့သေတာတွေ၊ ရေနစ်သေတာတွေ၊ ခိုက်ရန်ဖြစ်ပွားပြီး သေတာမျိုးတွေ၊ ယာဉ်တိုက်မှုကြောင့် သေတာတွေကလည်း ကြားနေရတော့ သတိထားဆင်ခြင်နိုင်ဖို့ပါ။

Voice : ဒီအချက်တွေထဲကမှ ဆေးရုံ၊ ဆေးခန်းမရောက်ခင် ကုသမှုပေးနိုင်မယ့် ရှေးဦးသူနာပြုနည်းလမ်းတွေရှိရင် ပြောပြပေးပါဦး။
Dr.KSO : တချို့က ဒီလိုပျော်ရွှင်ရင် ကိုယ့်သောက်နိုင်တဲ့ ပမာဏထက်လွန်ပြီး အမူးလွန်တာဆိုရင် အန်တယ်ပေါ့။ အန်တယ်ဆိုရင် ကိုယ်ကို တစောင်းလေးထားပေးဖို့ အရေးကြီးတယ်။ ပက်လက်ထားမိတယ်ဆိုရင် အန်ဖတ်ပြန်ဆို့ပြီးတော့ သေသွားနိုင်တယ်။ အကယ်၍ လူအုပ်ကြားထဲက ဆွဲထုတ်လာပြီဆိုရင် တစ်နေရာမှာ အေးအေးဆေးဆေး ပေးနားရမယ်။ တတ်နိုင်လို့ရှိရင် အိမ်ပြန်ခေါ်ပေါ့။ သတိလစ်နေတဲ့အချိန်ဆိုရင် ဆေးရုံ၊ ဆေးခန်းပို့ရမှာပေါ့။ အမူးလွန်တဲ့အချိန် လုပ်နိုင်တဲ့ ရှေးဦးသူနာပြုစုနည်းကတော့ ကိုယ်ကို စောင်းစောင်းလေးထားပြီး အန်ချင်ရင် ပေးအန်လိုက်ပေါ့။ ပြီးရင် သူ့ကို လေဝင်လေထွက်ကောင်းအောင် လုပ်ပေးရမယ်။ အမူးလွန်တဲ့အချိန်မှာ ရေတိုက်တာတွေ၊ တစ်ခုခုကျွေးတာတွေကို သတိထားဆင်ခြင်ရမယ်။ အရမ်းအခြေအနေဆိုးရင်တော့ ချက်ချင်းဆေးရ၊ ဆေးခန်းမှာပြပေါ့။ ထိခိုက်ဒဏ်ရာရတယ်ဆိုရင်တော့ ထိခိုက်ဒဏ်ရာရတဲ့သူအပြင် လူမအုံစေဖို့ အရေးကြီးတယ်။ ဒဏ်ရာရတဲ့နေရာကို အဝတ်တစ်ခုခုနဲ့ သွေးမထွက်အောင်ဖိထားဖို့ အရေးကြီးတယ်။ အဓိက သွေးမလွန်ဖို့ အရေးကြီးတယ်။ ထိခိုက်ဒဏ်ရာရလို့ အနီးနားမှာ ရေတွေဘာတွေရှိတယ်ဆိုရင် အနာကို ရေလောင်း ရေဆေးပေးရမယ်။ အဝတ်သန့်သန့်က အဲဒီလိုအချိန်မှာ ရဖို့မလွယ်ဘူး။ ဒါပေမဲ့ ရှိတဲ့အဝတ်တစ်ခုနဲ့ အနာကို သေချာဖိထားပြီးတော့ ငါးမိနစ်၊ ၁၀ မိနစ်လောက်ကြာအောင် သွေးမထွက်အောင် ဖိထားဖို့အရေးကြီးတယ်။ ဒါတွေလုပ်ပြီးမှ ဆေးရုံ၊ ဆေးခန်းတွေကိုပို့ပေါ့။ အထူးသဖြင့် ဒီလိုဖြစ်တဲ့သူတွေတိုင်းကို အသက်ရှူလမ်းကြောင်းပွင့်အောင် လုပ်ပေးဖို့အရေးကြီးတယ်။ ဒါကြောင့် လူအုံတာတွေမဖြစ်စေဖို့၊ ခန္ဓာကိုယ်မစောင်းရင်တောင် ခေါင်းလေးစောင်းထားပေးပြီး အသက်ရှူနိုင်အောင် လုပ်ပေးဖို့အရေးကြီးပါတယ်။ ပက်လက် အနေအထားမှာဆိုရင် အမူးလွန်တဲ့သူလည်း အန်ဖတ်ဆို့နိုင်သလို တချို့ဆိုရင်လည်း လျှာခေါက်ပြီးတော့ နောက်ကိုဝင်သွားနိုင်တာပေါ့။ အသက်ရှူလမ်းကြောင်း ပိတ်သွားနိုင်တဲ့ အနေအထားပေါ့။ ဒါတွေက ပေါ့ပေါ့ပါးပါးပေါ့။ တကယ် ထိခိုက်ဒဏ်ရာ အကြီးကြီးတွေဆိုရင် လုံးဝဆွဲထူတာတွေ မလုပ်သင့်ဘူး။ အာရုံကြောပိုင်းဆိုင်ရာ ထိထားတဲ့သူတွေ၊ ဒဏ်ရာအထိများတဲ့သူတွေဆိုရင် သေချာတတ်ကျွမ်းတဲ့အဖွဲ့ကနေပဲ မပြီးတော့ ရွှေ့မှပဲ အဆင်ပြေမယ်။ ပြင်းထန်တဲ့အခြေအနေဆိုရင်တော့ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းတက်ထားတဲ့ အတွေ့အကြုံရှိတဲ့သူတွေပဲ မသင့်တယ်။ တချို့ကလည်း ကူတော့ကူညီပေးလိုက်တယ်။ သို့သော် မတာ၊ ပြုတာကအစ တလွဲဖြစ်သွားရင် အသက်အန္တရာယ်အထိ သွားတာလည်းရှိပါတယ်။ 

Voice : ဆရာ့အနေနဲ့ နှစ်သစ်ကူးည ဆင်နွှဲမယ့် သူတွေအတွက် ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။
Dr.KSO : နှစ်သစ်ကူးညမှာ ပျော်မယ့်သူအားလုံး အပျော်ကနေ အပျက်မဖြစ်အောင် သတိနဲ့အသိကို ကပ်ထားဖို့တော့ လိုပါတယ်။ လွတ်သွားလို့ အခန့်မသင့်ရင် အသက်ဆုံးရှုံးသွားမယ့် အနေအထားပါ။ အရက်သေစာ သောက်စားတာတွေ၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့အခါမှာ တချို့က ကာမကိစ္စတွေရှိတဲ့အတွက် တတ်နိုင်သလောက် ဆင်ခြင်ဖို့လိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဒီကိစ္စတွေကို သတိထားဖို့လိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ်နဲ့သိတဲ့သူတောင် ဘာပဲတိုက်တိုက် ဆင်ခြင်ကြပါ။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ