News

POST TYPE

INTERVIEW

၂၀၁၈ မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်၍ ဗေဒင်ပညာရှင် သိပ္ပံစိုးတင့်နှင့်တွေ့ဆုံခြင်း
29-Dec-2017


၂၀၁၈ နှစ်သစ်သို့ မကြာမီ ရက်ပိုင်းအတွင်း ရောက်ရှိတော့မည်ဖြစ်ရာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စသော နယ်ပယ် အသီးသီးတွင် ၂၀၁၈ ကာလအတွင်း တွေ့ကြုံနိုင်မည့် အခြေအနေများကို ဗေဒင်ပညာရှင်တစ်ဦးဖြစ်သူ သိပ္ပံစိုးတင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည့်များမှ ကောက်နုတ်ဖော်ပြပါသည်။

မြန်မာပြည်ရဲ့ လွတ်လပ်ရေးဇာတာကို ကြည့် ပြီး ပြောရရင် လွတ်လပ်ရေးနေ့ သတ်မှတ်တဲ့ အချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် ပညာရှိတွေက ဗြိစ္ဆာလဂ်-ကြာသပတေးဂြိုဟ် ပူးတဲ့အချိန်ကို ယူခဲ့တော့ ဘယ်အစိုးရပဲတက်တက်  စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး မပူပင်ရဘူး။ ငတ်စရာအကြောင်း မရှိဘူး။ လွတ်လပ်ရေးဇာတာမှာ ဘာတွေ့ရလဲဆိုတော့ လဂ်သခင်အင်္ဂါဂြိုဟ်က စစ်ဂြိုဟ်ဖြစ်တဲ့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း သက်ဝင်လှုပ်ရှားမှု ရှိနေမယ်။

နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြောရရင် အိန္ဒိယက ဒေါက်တာရာမန် အပါအဝင် နာမည်ကျော် ဗေဒင်ပညာရှင်များက မြန်မာလွတ်လပ်ရေးဇာတာကိုတွက်ပြီး မြန်မာပြည်ဟာ နှစ် ၅၀ ထက်မနည်း ပြည်တွင်းစစ်နဲ့ကြုံမယ်လို့ ကြိုတင်ဟောကိန်း ထုတ်ထားဖူးတယ်။ ၂၀၁၈ ခုနှစ်မှာ နက္ခတ်ဂြိုဟ်တွေရဲ့ အနေအထားအရ တိုင်းပြည် စည်းလုံးညီညွတ်ရေးအတွက် လမ်းကြောင်း ပေါ်လာပေမယ့် ပဋိပက္ခ အနှောင့်အယှက်တွေကြောင့်  အတော်လေး ခက်ခက်ခဲခဲ ကြိုးစားရမယ်။ လွတ်လပ်ရေးဇာတာရဲ့ အာရီဘာဝ မိဿရာသီမှာ ရာဟုထီးဆောင်းတဲ့အတွက် အနောက်ဘက် ပြဿနာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ အဆင်ပြေသွားနိုင်မယ်။ သို့သော် အခက်အခဲကြုံပြီးမှ အောင်မြင်နိုင်မယ်။ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ပြင်ပက ဝေဖန်တိုက်ခိုက်မှုတွေကို ၂၀၁၈ တစ်နှစ်လုံး တွေ့ကြုံနေရမယ်။ အနောက်ဘက်တင် မဟုတ်ဘူး အရှေ့ဘက် ပြင်ပ ပယောဂတွေကို အတော်ကိုရုန်းကန်ပြီး ဖြေရှင်းရမယ်။ အခုချိန်မှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လူမျိုးစု ပြဿနာတွေ ဆက်လက်ဖြေရှင်းရမယ့် အခြေအနေရှိတယ်၊ တော်တော်လေး ရုန်းကန်ရမယ့် အခြေအနေရှိပေမယ့် နိုင်ငံရေး အပြောင်းအလဲ တိုင်းပြည် အကြီးအကဲ အပြောင်းအလဲ မဖြစ်နိုင်ဘူး။ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးဆိုင်တဲ့ နယ်ပယ်က ဝန်ကြီးဌာနတွေ အပြောင်းအလဲ ဖြစ်နိုင်တယ်။

တိုင်းပြည် စီးပွားရေးနဲ့ပတ်သက်ပြီး ၂၀၁၈ တစ်နှစ်ပတ်လုံး ကြိုးစားရုန်းကန်ရမယ့် အခြေအနေ ရှိပါတယ်။၂၀၁၉ ဧပြီလ ၁၂ ရက်နောက်ပိုင်းမှ တိုင်းပြည်စီးပွားရေး ဦးမော့ပြီး ကောင်းလာမယ်။ တော်တော်လေး အဆင်ပြေလာမယ်။ နိုင်ငံရေး တည်တည်ငြိမ်ငြိမ်ဖြစ်မယ်။ ကား၊ ရွှေ၊ ဆန်စပါး စတဲ့ ဈေးနှုန်းတွေ အပြောင်းအလဲ အနည်းငယ်ရှိပေမယ့် တစ်ရှိန်ထိုးတက်တာ၊ ကျတာ ဖြစ်ဖို့ မရှိဘူး။ အဲဒီမတိုင်ခင်က သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်လာဖို့ အလွန်နည်းပါတယ်။

နိုင်ငံ့အကြီးအကဲဖြစ်တဲ့ သမ္မတကြီးရဲ့ အနေအထားကိုကြည့်ရင် ၂၀၁၈ မှာ အကောင်းတစ်ဝက်  အဆိုးတစ်ဝက် ရောက်နေတဲ့အတွက် သမ္မတကြီးရဲ့ ကျန်းမာရေး အနေအထား အနည်းငယ် ညံ့ပေမယ့် သမ္မတ အပြောင်းအလဲ ဖြစ်ရလောက်တဲ့ အနေအထားမရှိဘူး။

ဒေါ်အောင်ဆန်းစုကြည် ဇာတာက ဓနုလဂ်ကို ကြာသပတေးဂြိုဟ် မြင်ထားတာ၊ ရာသီရုပ်က မြင်းစီးထားတဲ့ လေးသည်တော်ရုပ်ဖြစ်နေတဲ့အတွက် အမြဲတမ်း လှုပ်ရှားတိုက်ခိုက်နေရမယ့် ဇာတာရှင်ပါ၊ အမြဲတမ်း အတိုက်အခိုက်တွေရှိမယ်။ သူ့ရဲ့ဇာတာကို ခြုံပြီးပြောရရင် ဗုဒ္ဓတိတျရယုဂ်ရပြီး တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး မေထုန်ရာသီမှာ ပူးနေတဲ့အတွက် အားကောင်းတဲ့ မဟာရာဇာရုပ်ရတဲ့ဇာတာ၊ အတိုက်အခိုက်တွေ အောင်မြင်တာ များတယ်။ စည်းရုံးရေး ကောင်းတယ်။ လူထုကို ဆွဲဆောင်နိုင်တယ်။ သူ့ရဲ့ ကျန်းမာရေးဟာ လာမယ့် ၂၀၁၈ မှာ ဒေါင်ဒေါင်မြည်ပါ။

မြန်မာပြည်တိတ်စွဲရာသီ (တူရာသီ) ရဲ့ ကမ္မဘာဝမှာ ကောဇာရာဟု ရပ်နေတာမို့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်က နိုင်ငံရေးမှာ ဆက်လက် ပါဝင်နေဦးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတာက ဓနုလဂ် (ဓနုရာသီလဂ်) ဖြစ်တာကြောင့် စစ်တပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်စရာ အကြောင်းတွေ ပေါ်ပေါက်လာဖို့ မရှိဘူး။

လာမယ့် ၂၀၁၈ တစ်ခုလုံးကို ခြုံပြီးပြောရင် နိုင်ငံရေး ပြည်တွင်း ငြိမ်းချမ်းရေးမှာ အနှောင့်အယှက်တွေ ရှိနေဦးမှာ။ စီးပွားရေးမှာလည်း အတော်လေး ရုန်းကန်ရမယ့် အနေအထား ရှိမယ်။ ၂၀၁၉ သင်္ကြန်ကာလလွန်ချိန် တိုင်းပြည်ကောင်းသတင်း ထင်ပေါ်လာမယ်။

  • VIA