News

POST TYPE

INTERVIEW

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် တွေ့ဆုံခြင်း
22-Dec-2017
ဆောင်းရာသီကာလ ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့၌ အအေး ပိုနေသည့်အပြင် ဆက်လက်၍ အအေးပိုနိုင်မည့် အခြေအနေနှင့် လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတု ပြောင်းလဲမှု အခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် ဆက်သွယ် မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အခုရက်ပိုင်းမှာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေအပြင် ရန်ကုန်မြို့မှာလည်း ညအပူချိန်တွေကျပြီး အအေးပိုနေပါတယ်။ မြို့ကြီးအချို့ဆို ရေခဲတာတွေတောင် တွေ့ရတယ်။ ဒါက ဘာကြောင့် ဖြစ်ရတာပါလဲဆရာ။
Dr KMO : China High တရုတ်ပြည်မကြီးက ထိုးဆင်းတဲ့ လေဖိအားကြီးရပ်ဝန်းက အားအလွန်ကောင်းနေတယ်။ အားကောင်းပြီးတော့ ပုံမှန်ဆိုလို့ရှိရင် ဆောင်းရာသီမှာ ချင်းတို့၊ ကချင်တို့ ရှမ်းတို့လောက်အထိပဲ ထိုးဝင်တာ။ တစ်ခါတလေကျရင်တော့ တချို့နှစ်တွေမှာ ကပ္ပလီ ပင်လယ်ပြင်အထဲထိ တိုးဝင်တတ်တယ်။ ဒီနှစ်ကလည်း အဲဒီလိုမျိုးပဲ China High ထိုးတဲ့ဟာက အားကောင်းနေတယ်။ ကပ္ပလီပင်လယ်ပြင်လောက်အထိ ရောက်နေတဲ့ အနေအထားရှိတယ်။ ဒါကြောင့် ရှမ်းတို့၊ ကယားတို့ နောက် မွန်၊ ကရင်၊ ပဲခူးတို့ ရန်ကုန်တို့မှာ နံနက်ပိုင်း အအေးပိုနေတယ်။ 

Voice : ရန်ကုန်မြို့တော်မှာ အရင်နှစ်တွေနဲ့မတူဘဲ အခုလို အအေးပိုနေတာရော စံချိန်တင်လား။ 
Dr KMO : ရန်ကုန်မှာ အေးတယ်ဆိုတာက စံချိန်မတင်ဘူး။ ဒီနေ့(ဒီဇင်ဘာ ၂၁ ရက်)ဆိုရင် စံချိန်ကျိုးတာက ကယားပြည်နယ် ဘော်လခဲမြို့ပဲ။ အဓိကကတော့ အေးတယ်ဆိုတာ ဟိုရက်ပိုင်းတွေက ရန်ကုန်မှာ ဆောင်းတွင်းဖြစ်ပေမယ့် ပူနေတယ်။ ခါတိုင်းဆို ဆောင်းတွင်းက သူ့ဟာသူ တဖြည်းဖြည်းချင်း အအေးက ကျသွားတာ။ အခုက ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း မအေးဘူး။ ဒီဇင်ဘာလ ၁၀ ရက်၊ ၁၅ ရက်နေ့အထိလည်း မအေးဘဲနဲ့ ရန်ကုန်မှာ ရုတ်တရက် အပူချိန်က တအား ထိုးကျသွားတော့ လူတွေမှာ သိသိသာသာ ခံစားရတာပေါ့။ သူ့ဟာသူ ဖြည်းဖြည်းချင်း ကျလာတယ်ဆိုရင်တော့ သိပ်မသိသာဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ပူနေတာကနေ ခြောက်ဒီဂရီလောက် ထိုးကျသွားတော့ အအေးပိုတယ်လို့ ထင်ရတယ်။ မှတ်တမ်းတွေ ပြန်ကြည့်တော့ ဒီဇင်ဘာလရဲ့ ပျမ်းမျှ အပူချိန်လောက်ပဲ ရှိတယ်။ အဓိကတော့ ပူနေတာကနေ ရုတ်တရက်ကြီး အေးသွားတာပေါ့။ အရှေ့ပိုင်းတွေမှာ နိုဝင်ဘာလကတည်းစပြီး ဆောင်းရာသီပုံစံမျိုး ဖြည်းဖြည်းချင်း အေးလာရင်တော့ အဲလောက် သတိပြုမိချင်မှ ပြုမိမယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတွေ တောက်လျှောက်ဖြစ်နေတဲ့အခါ ကျတော့ ကောင်းကောင်း မအေးဘူးပေါ့။ အခု လေဖိအားနည်းရပ်ဝန်းလည်း မရှိတော့ရော ချက်ချင်း အေးကျလာတယ်ပေါ့။

Voice : ဒါက China High ကြောင့်လည်းဖြစ်တယ်လို့ အဓိက ပြောနိုင်တာပေါ့။ တရုတ်ဘက်မှာ အအေးလှိုင်း ဖြတ်တာနဲ့ရော ဆိုင်လား။ 
Dr KMO : အဓိကကတော့ တရုတ်ပြည်ကနေ ထိုးဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်း သူက ကုန်းပိုင်းကနေ တိုက်တယ်။ ဆောင်းတွင်းကာလတွေမှာ ဒီအရှေ့မြောက်မုတ်သုံလေက တိုက်တယ်။ တရုတ်ပြည်ကိုဖြတ်လာတော့ China High လို့ ပြောတာပေါ့။ ရေခဲတောင်တွေကိုဖြတ်ပြီး တိုက်လာတဲ့အတွက် ဆောင်းတွင်းကာလမှာ အေးတာပေါ့။ အအေးလှိုင်း ဖြတ်တာကြောင့်လည်း ပါတယ်။ ဒါကြောင့်မို့လို့ အေးနေတာပေါ့။ 

Voice : လေဖိအားကြီးရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာရော ဘယ်နေ့လောက်အထိ အအေးပိုနိုင်သေးလဲဆရာ။ 
Dr KMO : နောက်နှစ်ရက် သုံးရက်အထိပါပဲ။ နောက်ပိုင်းကျရင်တော့ အအေး အနည်းငယ် ပြန်လျော့သွားနိုင်တယ်။ နောက်နှစ်ရက် သုံးရက်လောက်ဆိုတာနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်းက ထိုင်းနဲ့မလေးကျွန်းဆွယ်အနားကို ရောက်လာမယ့် အနေအထားရှိတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံ တောင်ပိုင်းမှာ မိုးအနည်းငယ် ရနိုင်တယ်။ တောင်ပိုင်းဆိုတာ တနင်္သာရီမှာ မိုးရနိုင်တယ်။ နောက် လေဖိအားနည်း ရပ်ဝန်းတစ်ခုလည်း ဖြစ်နိုင်တယ်လို့ တွေ့ရတယ်။ ဒီလိုဖြစ်လာ တယ်ဆို ဃ့ငညေ ံငါ့ က အားပြန်လျော့လာနိုင်တယ်။ အားပြန်လျော့သွားရင် အပူချိန်ပြန်တက်လာနိုင်တယ်။ ပြီးသွား ရင် နောက်တစ်ကြိမ် ပြန်အေးနိုင်တယ်။ 

Voice : အရင်နှစ်တွေနဲ့ မတူဘဲ မုန်တိုင်းတွေ အဖြစ်များလာ တာက ဘာကြောင့်ပါလဲဆရာ။ 
Dr KMO : မုန်တိုင်းအဖြစ်များတာက လာနီညာနဲ့လည်း ဆိုင်တယ်။ နောက်တစ်ခုက ကမ္ဘာကြီးပူနွေးလာတာပေါ့။ မုန်တိုင်းဖြစ်တယ်ဆိုတာက ပင်လယ်ရေမျက်နှာပြင်အပူချိန်က ပုံမှန်ထက်ပူမှ ဖြစ်တာဆိုတော့လေ။ လာနီညာကတော့ ပင်လယ် ရေမျက်နှာပြင်အပူချိန်ပုံမှန်ထက် လျော့ကျတယ်။ ဒါပေမဲ့ ကမ္ဘာကြီးပူနွေးလာတာကြောင့်နဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုး သက်ရောက်မှုတွေကြောင့် လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်း တွေအဖြစ်များလာတယ်ပေါ့။ အမှန်တော့ များလာတယ်ဆိုတာက ကြားထဲမှာ လျော့သွားတယ်။ ၁၉၉၀ ကနေ ၂၀ဝ၀ အတွင်းမှာ မုန်တိုင်း အရေအတွက် တော်တော်လေး လျော့သွားတယ်။ နှစ်ပေါင်းတစ်ရာ ပျမ်းမျှနဲ့ ပြန်ကြည့်ရင် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်းတွေ ရှစ်လုံးကနေ ၁၁ လုံးလောက်အထိ ဖြစ်ရမှာ။ အခုက လျော့ကျသွားတယ်။ အဲဒီလို လျော့ကျသွားတဲ့အခါ အခုနောက်ပိုင်းနှစ်တွေကျတော့ ပုံမှန်လေး ပြန်တက်လာတဲ့အချိန်ကျတော့ မုန်တိုင်းတွေဖြစ်တာ များတယ်လို့ ထင်ရတာပေါ့။ အခုဖြစ်လာနိုင်တဲ့ လေဖိအားနည်း ရပ်ဝန်းကလည်း စောင့်ကြည့်ရဦးမယ်။ China High က တအား အားကောင်းလာရင်လည်း လေဖိအားနည်းရပ်ဝန်းက အောက်ကို ဆင်းသွားတာရှိတယ်။ လေဖိအားနည်းရပ်ဝန်း အားကောင်းလာရင်တော့ China High က အားလျော့သွားတဲ့ အနေအထားပေါ့။ သူတို့နှစ်ခု အားပြိုင်မယ့်အပေါ် မူတည်တာပေါ့။ 

Voice : ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

ပြည့်ဖြိုးလင်း


  • VIA