News

POST TYPE

INTERVIEW

စက်လှေနစ်မြုပ်ရာမှ အသက်ဘေးမှ လွတ်မြောက်ခဲ့သူ ကမာကဆစ်ရွာသား ကိုအေးမင်းနှင့် တွေ့ဆုံခြင်း
21-Dec-2017

ဒီဇင်ဘာလ ၂၀ ရက် နံနက် ၄ နာရီခွဲခန့်က ဒလမြို့နယ် ကမာကဆစ် ကူးတို့ဆိပ်မှ စက်မြေကူးတို့ဆိပ်သို့ ထွက်ခွာလာသည့် ခရီးသည် ၁၄ ဦးပါ စက်လှေတစ်စီး တိမ်းမှောက်ခဲ့သည်။ အဆိုပါ စက်လှေနစ်မြုပ်ရာတွင် ခရီးသည် ၁၁ ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ ကြုံခဲ့ရပုံကို အသက်ဘေးမှ လွတ်မြောက်ခဲ့သူ ကမာကဆစ်ရွာသား အသက် ၃၂ နှစ်ရှိ ကိုအေးမင်းနှင့် The Voice က တွေ့ဆုံမေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြပါသည်။
Voice : စက်လှေက ဘယ်လို တိမ်းမှောက်ခဲ့တာလဲ။
K.A.M : ကျွန်တော်တို့အဖွဲ့က ရန်ကုန်မြို့ထဲဘက်ခြမ်းကို နေ့စဉ် သမ္ဗန်စက်လှေစီးပြီးတော့ ပန်းရန်အလုပ် လာဆင်းတာပါ။ စုစုပေါင်း ၈ ယောက် ပါပါတယ်။ နံနက်လေးနာရီခွဲလောက် စက်လှေဆိပ်ပေါ် ရောက်နေပါပြီ။ စက်လှေသမားက ကမ်းကထွက်ပြီးတော့ ပေတစ်ရာလောက်ပဲ ရှိသေးတယ်။ ပန်ကာဒလက်မှာ ဒိုက်ညှိလို့ စက်သတ်ပြီးတော့ ရှင်းနေတုန်း ရေကလည်း ဒီရေတက်နေချိန်လေ။ လှိုင်းရော၊ လေရောပါနေလို့ ရေစီးအားလည်း အသန်ဆုံးဖြစ်နေတယ်။ ဒိုက်ရှင်းပြီး စက်ကို သုံးကြိမ်လောက် ပြန်နှိုးပေမယ့် လုံးဝမရတော့ဘူး။ အဲ့ဒီမှာ ကန့်လန့်ဖြတ် မျှောပါပြီး ကျောက်ချထားတဲ့ ကုန်တင်တွဲသင်္ဘော အောက်ထဲဝင်သွားပြီး စက်လှေ မှောက်တော့တာပဲ။

Voice : စက်လှေမှာ အသက်ကယ်အင်္ကျီတွေကော တပ်ဆင်ထားရဲ့လား။
K.A.M : အသက်ကယ် အင်္ကျီတွေတော့ တွေ့ပါတယ်။ ဘယ်လိုမှ ယူချိန်မရကြဘူး။ ရေစီးအားနဲ့ စက်လှေတခြား လူတွေတခြား ဖြစ်ကုန်တယ်။ ကျွန်တော်တောင် ကုန်တင်တွဲသင်္ဘောအောက်ထဲက ကျောက်ချထားတဲ့ ကြိုးကို ဆွဲလိုက်မိလို့ လွတ်မြောက်ခဲ့တာ။ ဘယ်သူတွေက ဘယ်လို မျှောပါသွားလဲ မသိလိုက်တော့ဘူး။

Voice : ကယ်ဆယ်ရေးယာဉ်က စက်လှေမှောက်ပြီး ဘယ်အချိန် ရောက်လာသလဲ။  
K.A.M : နံနက် လေးနာရီခွဲ မှောင်မှောင်မည်းမည်းထဲမှာ အားလုံး ဆွဲမိဆွဲရာ ဆွဲထားရတာပဲလေ။ ဘာမှ မြင်ရတာမဟုတ်ဘူး။ ကျောက်ကျကြိုးကို ဆွဲထားပြီး ကမာကဆစ် ကူးတို့ဆိပ်ဘက် လှမ်းအော်တာ တော်တော်နဲ့မကြားကြဘူး။ ရေထဲမှာ နာရီဝက်ကျော်လောက် နေလိုက်ရတယ်။ နောက်မှ စက်လှေသုံးစီးက ဓာတ်မီးတွေနဲ့ရောက်လာပြီး စက်လှေပေါ် ဆွဲတင်ကြတယ်။ ကမ်းဘက်ပြန်ပို့ပေးတယ်။ ကမ်းရောက်မှ လူစစ်ကြည့်တော့ စက်လှေသမားရယ်။ ညီအစ်ကိုလိုခင်တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်လည်း ပါမလာတော့ဘူး။ နောက် ကောင်မလေး တစ်ယောက်လည်း ပါသွားတယ်ပြောတယ်။

Voice : စက်လှေက တရားဝင်လိုင်းချိန်မှာ ဆွဲတဲ့စက်လှေလား။ ဒါမှမဟုတ် အောက်ဆိုဒ်ဆွဲတာလား။
K.A.M : ကျွန်တော်တို့ ထွက်ချိန် လေးနာရီခွဲက တရားဝင်ထွက်တဲ့ လိုင်းချိန်ပါ။ လက်မှတ်တွေလည်း ပါကြတယ်။ စက်လှေသမား ပေါ့ဆလို့ အခုလို ဖြစ်ကုန်တာပါ။ မှောင်တဲ့အချိန်ထွက်ရင် ဓာတ်မီးပါရမယ်။ ဝီစီပါရမယ်။ တစ်ခုမှမပါဘူး။ တကယ်မှောက်တော့ ရေထဲမှာ ကြန့်ကြာနေတယ်လေ။ မကျွမ်းကျင်ဘဲ စက်လှေမောင်း လိုင်စင်ထုတ်ပေးတော့ အသက်မဆုံးရှုံးသင့်သူတွေ ဆုံးရှုံးရတယ်။ ပျောက်သွားတဲ့ မိန်းကလေးနဲ့ ကျွန်တော့်သူငယ်ချင်းက ရေလုံးဝ မကူးတတ်ဘူး။ ရှာဖွေရေးအပိုင်းလည်း နှေးကွေးတယ်။ အခုအထိ မတွေ့သေးတာပဲ ကြည့်ပေါ့။

Voice : အသက်ဆုံးရှုံးပြီး ရုပ်အလောင်းတွေ ဆယ်ယူမှု မလုပ်နိုင်သေးတဲ့ သုံးယောက်အတွက်ကော အစ်ကို ဘာပြောချင်တာရှိလဲ။
K.A.M : နေ့လယ် ၂နာရီအထိ မတွေ့တော့ မိသားစုတွေလည်း လက်လျှော့လိုက်ကြပြီ။ ကောင်မလေးအမေဆို အလောင်းပြန်တွေ့ဖို့ ပွဲတွေဘာတွေ ပေးနေပြီ။ ရဲတပ်ဖွဲ့က ရေယာဉ်နှစ်စီးနဲ့ ရှာနေတာလည်း အားမရဘူး။ ရှာဖွေရေးပုံစံက မဟုတ်ဘူးဗျာ။ ရေယာဉ်ပေါ်က မဆင်းဘဲ ဝါးလုံးလိုက်ထိုးပြီးတော့ စမ်းရှာနေလို့မှ မရတာ။ ရေကူးကျွမ်းကျင်သူတွေနဲ့ မသင်္ကာတဲ့နေရာတွေ ဆင်းငုပ်ရှာသင့်တယ်။ သေဆုံးသွားတဲ့ လူတွေအတွက် လုံးဝစိတ်မကောင်းဘူး။ အားလုံး တတ်နိုင်သလောက် ကူညီပေးကြစေချင်ပါတယ်။ ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဆင်းရဲသားတွေချည်းပါ။ မိန်းကလေးအများစုက ကမ်းနားလမ်း ပွဲရုံတွေမှာ ဈေးကူရောင်းတာ လုပ်တယ်။ ယောကျာ်းလေးတွေက ပန်းရန်လုပ်ကြရတယ်။

Voice : နောက်ဆုံးအနေနဲ့ အစ်ကို ဖြည့်စွက်ပြောချင်တာ ဘာရှိလဲ။
K.A.M : စက်လှေတွေအားလုံး အရေးပေါ်အခြေအနေဆို အားနည်းချက် မျိုးစုံရှိတယ်။ အသက်ကယ်အင်္ကျီကအစ အဖြစ်လုပ်ထားကြတယ်။ ဒါတွေပြင်ဆင်ပေးပါ။ သမ္ဗန်စက်လှေတွေကို အားကိုးပြီးတော့ ရန်ကုန်မြို့တွင်းဘက်ကို နေ့စဉ် ရုံးဆင်း၊ ရုံးတက်နဲ့ ကုန်အရောင်းအဝယ်ကိစ္စ ကူးသန်းရောင်းဝယ်နေတဲ့သူတွေ အများကြီးပါ။ အစစအရာရာကို ကြီးကြပ်ပေးစေချင်တယ်။ အလားတူဖြစ်စဉ်တွေ မကြားချင်တော့ဘူး။

အောင်ဇော်ထူး

  • VIA