News

POST TYPE

INTERVIEW

မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ်လင့်တ်နာနှင့် တွေ့ဆုံခြင်း (အပိုင်း ၂)
13-Dec-2017

မေး : အဲဒါတွေအပြင် ဒီ (ARSA) အဖွဲ့ရဲ့ နည်းလမ်းတွေကရော မြန်မာနိုင်ငံတွင်းက တခြား လူမျိုးရေးအခြေပြု - အမျိုးသားရေးဝါဒီ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကွဲပြားခြားနားတာမျိုး ရှိပါသလား။
ဖြေ : ဟုတ်ပါတယ်၊ တိုင်းပြည်တွင်းက အခြားသော လူမျိုးရေးအခြေပြု - အမျိုးသားရေးဝါဒီ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးဟာ သမားရိုးကျ စစ်တပ်တစ်တပ်လို အနည်းနဲ့အများ ဖွဲ့စည်းဆောင်ရွက်ကြပါတယ်။ သူတို့အားလုံးမှာ ယူနီဖောင်းရှိတယ်၊ ရာထူးအဆင့်တွေရှိတယ်၊ တပ်စုတွေ၊ တပ်ခွဲတွေ၊ တပ်မဟာတွေနဲ့ ဖွဲ့စည်းထားတယ်။ အော်တိုမက်တစ် ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ ကိုင်ကြတယ်ပေါ့။

ARSA ရဲ့ နည်းလမ်းတွေကျတော့ အရမ်းကွဲပြားပါတယ်၊ ဩဂုတ်လအတွင်းက တိုက်ခိုက်မှုမှာရော အစောပိုင်း အောက်တိုဘာ ၂၀၁၆ တုန်းက တိုက်ခိုက်မှုမှာရော ဒါကိုမြင်နိုင်ပါတယ်။ သူတို့ဟာ အခြေခံအားဖြင့် ရွာသားရာနဲ့ချီစည်းရုံးပြီး ပစ်မှတ်တွေကို ဝိုင်းတယ်၊ အမှန်တကယ်ရှိတဲ့ အရေအတွက်ထက် ပိုများတယ်လို့ ထင်ရအောင်လုပ်တယ်ပေါ့။ လက်နက်ခဲယမ်းကျတော့ တော်တော်လေးကို နည်းပါတယ်။ အများစုက ဓားမြောင်တွေ၊ လှံတွေ၊ ဓားတွေပဲ ရှိတယ်။ သူတို့နည်းလမ်းက မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ မတူဘဲ နီပေါက မော်ဝါဒီတွေ၊ အိန္ဒိယအလယ်ပိုင်းက အဖွဲ့တွေနဲ့ ပိုတူပါတယ်။

မေး : ဒီအဖွဲ့ရဲ့အင်အားက ခင်ဗျားခန့်မှန်းခြေဆို ဘယ်လောက်ရှိမယ်ထင်လဲ။
ဖြေ : ကျွန်တော်တို့လည်း တကယ်မသိပါဘူး။ ဩဂုတ် ၂၅ မတိုင်မီကဆိုရင်တော့ အင်အားက ရာဂဏန်းလောက်ရှိမယ်။ ဘင်္ဂလားဒေ့ရှ်က စခန်းတွေမှာ သင်တန်းဘာညာတက်ထားတဲ့ ကေဒါ ၅၀ဝ ၆၀ဝ လောက်လည်း ဖြစ်နိုင်တယ်။ သင်တန်းမှူးတွေက အာဖဂန်စစ်ပွဲက ဝါရင့်တွေချည်းပဲ။ ဒီအထဲက အများအပြားက ၁၅၀ လောက်ဝန်းကျင်ရှိမယ် နိုင်ငံခြားသားတွေပါ၊ ဘင်္ဂလားဒေ့ရှ်သားတွေပါ ထည့်တွက်ရင်ပေါ့။ ဒါ့အပြင် တချို့ တိုက်ခိုက်ရေးသမားတွေက ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ဥဇဘက်က နှစ်ယောက်ပါမယ်၊ အနည်းစုကတော့ မလေးလို့ပြောတယ်၊ ဒါပေမဲ့ သူတို့တွေက မလေးကလား၊ ထိုင်းတောင်ပိုင်းကလားဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။

မေး : သူတို့က ရခိုင်ပြည်နယ်ကတောင် မဟုတ်နိုင်တဲ့ အရောင်အသွေးစုံလူတွေ စုဖွဲ့ထားတာဆိုရင် လွတ်လပ်တဲ့ ရခိုင်ပြည်နယ်တစ်ခု ရလာဖို့အတွက် အတူတကွ တိုက်ပွဲဝင်အောင် ဘယ်အရာက စေ့ဆော်ပေးခဲ့တာလဲ။
ဖြေ : အောက်ခြေတပ်ဖွဲ့ဝင်အဆင့်တွေမှာတော့ စုဆောင်းထားတဲ့ ဒေသခံတွေ ပါပါတယ်။ ဒီလူတွေဟာ သူတို့ နှစ်ပေါင်းများစွာ ဆက်ဆံခံလာရတဲ့ပုံစံနဲ့ ဆက်ဆံခံရမှုအပေါ် မကျေမနပ်ဖြစ်နေကြတဲ့ ဒေါသထွက်နေတဲ့ လူငယ်လူရွယ်တွေပေါ့။ ဒါပေမဲ့ ပါကစ္စတန်သားတွေ၊ ဥဇဘက်သားတွေနဲ့ မလေးတွေပါ ဘာကြောင့် ဒီကိုရောက်လာလဲ။ ဒီလူတွေဟာ တကယ်ကို ဂျီဟတ်စစ်ပွဲတစ်ခုအတွက် လုပ်နေတာပါ။

မေး : ဒီလူတွေအပေါ် ရိုဟင်ဂျာလို့ ကိုယ့််ကိုယ်ကိုယ်ပြောနေတဲ့ ဒေသက လူထုအကြားမှာရော ထောက်ခံမှုရှိလား။ 
ဖြေ : အများကြီးတော့ မဟုတ်ပါဘူး။ ဒါက အရမ်းကွဲလွဲမှုရှိမယ်လို့ ထင်တယ်။ ဩဂုတ် ၂၅ တိုက် ခိုက်မှုအတွက် သူတို့က ARSA ကို အပြစ်တင်နေကြတယ်။ “ဘာဖြစ်လို့လုပ်ရတာလဲ၊ ဘာလို့ သူတို့ကို သွားဆွတာလဲ” ဆိုတာမျိုးပေါ့။

သတိပြုရမယ့် အချက်တစ်ချက်က ARSA ရဲ့ အချိန်ကိုက်လှုပ်ရှားမှုဟာ သေချာတွေးတောပြီး လုပ်ခဲ့တယ်ဆိုတာပါပဲ။ ဒီအကျပ်အတည်းနဲ့ပတ်သက်တဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာ၊ အဲဒါကလည်း တကယ်တမ်း မြန်မာနိုင်ငံဘက်ကို ဝေဖန်ထားတဲ့ဟာ ထွက်လာတာ နာရီပိုင်းပဲ ရှိပါသေးတယ်။ ဒီတိုက်ခိုက်မှုတွေက အစီရင်ခံစာကို လုံးဝ သတ်လိုက်တာပဲ။ ဒါဘယ်လိုမှ တိုက်ဆိုင်တာမဟုတ်ပါဘူး။ သူတို့က ပိုကျယ်ပြန့်တဲ့ စစ်ပုံသွင်း အခင်းအကျင်းမျိုးလိုချင်တာ။ ဒါကြောင့် တစ်ဖက်မှာ စစ်တပ်ကို သွားဆွတဲ့အတွက် လူတွေက သူတို့ကို အပြစ်တင်ကြသလို တစ်ဖက်မှာလည်း ဒေါသထွက်နေတဲ့ လူငယ်လူရွယ် အမြောက်အမြားထက် မျှော်လင့်ထားတဲ့အတိုင်း သူတို့နဲ့ လာပူးပေါင်းခဲ့ကြတယ်။

မေး : အနောက်မီဒီယာတွေက ဒီအကျပ်အတည်း ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဓိက အပြစ်တင်ကြတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘာပြောချင်ပါသလဲ။
ဖြေ : ၂၀၁၅ တုန်းက မြန်မာပြည်မှာ မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တယ်ဆိုပေမယ့် စစ်ဘက်က အရေးပါတဲ့ ဝန်ကြီးဌာနသုံးခုကိုကိုင်ထားပြီး မောင်းနှင်ပဲ့ကိုင်တဲ့ နေရာမှာ ရှိနေတုန်းပါ။ အခုဖြစ်နေတာတွေက သူ့ထိန်းချုပ်မှုအောက်မှာ လုံးဝမရှိပါဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကို အမိန့်ပေးတယ်ဆိုတာမျိုးမှာ ဒေါ်စုအနေနဲ့ တကယ်တမ်း ဘာမှ များများစားစား မလုပ်နိုင်ပါဘူး။ စစ်ဘက်ဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကိုနာခံတာပါ၊ ရွေးကောက်ခံ ခေါင်းဆောင်တစ်ယောက်ကို နာခံတာမဟုတ်ပါဘူး။
ဒေါ်စုအနေနဲ့က အင်မတန်သိမ်မွေ့တဲ့ မျှခြေတစ်ခုပေါ်မှာ လျှောက်ရတာပါ။ ဆိုပါစို့ သူ့ကသာ ဘင်္ဂါလီတွေဘက်က ရပ်တည်ခဲ့ရင် ဒါဟာ နိုင်ငံရေးအရ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသလို ဖြစ်သွားပါမယ်။ သူ့ကိုမဲပေးခဲ့သူအများစုက ဒီကိစ္စမှာ ဘယ်ဘက်က ရပ်တည်သလဲဆိုတာ အရှင်းကြီးပါ။ အကယ်၍ သဘောထားတင်းမာတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဘက်က ရပ်တည်မယ်ဆိုလည်း အနောက်မီဒီယာတွေက ပြင်းပြင်းထန်ထန် ဝေဖန်ကြပါဦးမယ်။ ဒီတော့ ဘာမှမလုပ်ဘဲ နေပြန်ရင်လည်း တစ်ခုခုလုပ်သလိုပဲ ဝေဖန်ခံရဦးမှာပါပဲ။ သူ့အတွက် အင်မတန် သိမ်မွေ့တဲ့ အခြေအနေပါ။
သူလုပ်နိုင်ပြီး မလုပ်သေးတာက စစ်တွေကိုသွားပြီး ရွေးကောက်ခံနိုင်ငံရေးသမားအချို့နဲ့ တွေ့ဖို့ပါ။ ရခိုင်အမျိုးသားပါတီခေါင်းဆောင်တွေကို သူသဘောမတွေ့တာကြောင့် သူလုပ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ အရပ်ဘက်ရဲ့ အခန်းကဏ္ဍရှိတယ်ဆိုတာလေးတော့ ပြဖို့လိုပါတယ်။ ဘာမှ ပြောစရာမလိုဘူး၊ ဆေးရုံကိုသွားမယ်၊ အသိုင်းအဝိုင်းအားလုံးက လူတွေကိုတွေ့မယ်။ ဒီလိုနည်းနဲ့ အင်မတန် အကန့်အသတ်ရှိတဲ့ အရပ်ဘက်ရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်နိုင်ပါတယ်။ 

မေး : အနောက်ဒီမိုကရေစီ နိုင်ငံအများအပြားနဲ့ မတူဘဲ ရခိုင်အရေးမှာ အိန္ဒိယအစိုးရက ပွင့်ပွင့်လင်းလင်း ရှုတ်ချတာမျိုး တုံ့ပြန်တာမရှိပါဘူး။ ဒါဟာ အိန္ဒိယအစိုးရဘက်က မှန်ကန်တဲ့လုပ်ရပ်လား။
ဖြေ : မှန်တယ်၊ မှားတယ်က ကျွန်တော်ပြောရမယ့် ကိစ္စမဟုတ်ဘူး၊ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အရေးပါဆုံး အိမ်နီးချင်းနှစ်ဦးဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယက အနောက်ကမ္ဘာရဲ့ ပြစ်တင်မှုတွေမှာ မပူးပေါင်းခဲ့ဘူး။ ဒါဟာ မဟာဗျူဟာကျတဲ့ အကြောင်းရင်းခံတွေကြောင့်ဆိုတာ ရှင်းပါတယ်။ တရုတ်အတွက် မြန်မာက အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်ထိတွေ့ဖို့ အရေးပါပါတယ်။ အိန္ဒိယအတွက်ကျတော့လည်း ဒီတိုင်းပြည်က အရှေ့တောင်အာရှကိုဝင်ဖို့ ဂိတ်တံခါးဖြစ်နေပါတယ်။

မေး : အိန္ဒိယအစိုးရက အခုနောက်ပိုင်း ဘင်္ဂါလီဒုက္ခသည်တွေအပေါ်မှာလည်း တော်တော်တင်းမာတဲ့ သဘောထားရှိပါတယ်။ ဘင်္ဂါလီတွေဟာ လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့တောင် သုံးသပ်တာတွေရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ : လုံခြုံရေးအရ ပူပန်မှုတွေရဲ့ စေ့ဆော်မှုကြောင့် ဖြစ်နိုင်ပါတယ်။ လက်ရှိမှာ သူတို့တွေက လုံခြုံရေးအတွက် အန္တရာယ်ရှိသူတွေလား။ အခုထိတော့ ဒီလိုပြောဖို့ သက်သေမရှိသေးပါဘူး။ ဒါကြောင့် တကယ်တမ်းမဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် ၈ သိန်းနီးပါး၊ သူတို့တွေ ဘယ်သွားမလဲ။ ဘင်္ဂလားဒေ့ရှ်က အခုတင် လူဦးရေ အလွန်အကျွံထူထပ်နေပြီ။ လူဦးရေထူထပ်မှု မဆိုစလောက်နည်းတဲ့ နေရာလေး တစ်ခုပဲရှိတော့တယ်၊ အဲဒါက စစ်တကောင်းတောင်တန်းတွေပဲ။ ကျွန်တော်ရထားတဲ့ အချက်အလက်သာ အမှန်ဆိုရင်တော့ (ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့) ချက္ကမ (သက္ကမ)နဲ့ မရမာတွေဟာ တော်တော်စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မေး : တောင်အာရှအတွက် ဒီအကျပ်အတည်းက ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။
ဖြေ : အခုကတော့ ပြောဖို့စောလွန်းနေသေးတာ ဖြစ်နိုင်တယ်။ ရုတ်တရက်ကြီး ဒီဧရိယာထဲမှာ ဒုက္ခသည် အသိုင်းအဝိုင်းကြီးတစ်ခု ရောက်လာမယ်။ အစွန်းရောက် အစ္စလာမ်မ္မစ်အဖွဲ့ အမြောက်အမြားက ဒါကိုအခွင့်ကောင်းယူဖို့ ကြိုးပမ်းနေတယ်ဆိုတာလည်း လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး။ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့က အဖွဲ့တွေဟာ လူသစ်စုဆောင်းနိုင်တဲ့ အခွင့်အရေးအတွက် ဆောင်ရွက်နေကြပါတယ်။ စစ်သွေးကြွတွေရဲ့ တုံ့ပြန်မှုတစ်ခုသာ ရှိလာရင် ဒေသအပေါ်မှာ ဆိုးကျိုးသက်ရောက်မှုကြီး ရှိလာနိုင်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့အချက်က မကြာခင် ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲကျင်းပတော့မယ် ဆိုတာပဲ။ ဘင်္ဂလားဒေ့ရှ်က မြန်မာ့တပ်မတော်နဲ့အတူ ဘင်္ဂါလီသူပုန်တွေကို ချေမှုန်းဖို့ ပူးတွဲစစ်ဆင်ရေးလုပ်မယ်လို့ ကမ်းလှမ်းခဲ့ဖူးတာ၊ အစောပိုင်းမှာ ဘင်္ဂါလီဒုက္ခသည်တွေကို လက်ကိုမခံဘူးလို့ ငြင်းခဲ့တာတွေကို သိထားဖို့လိုပါတယ်။ ဒါပေမဲ့ ရေစီးကြောင်းလေးက ဆူနာမီလှိုင်းလုံးကြီး ဖြစ်သွားတဲ့အခါကျတော့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ အဝါမိလိဂ် (ပါတီဦးဆောင်တဲ့) အစိုးရအနေနဲ့ သူတို့ရပ်တည်ချက်ကို ပြောင်းလိုက်ရတယ်။ ဒါမှသာ ဒီအခြေအနေကို အခြေခံဝါဒီ အစွန်းရောက် ဘင်္ဂလားဒေ့ရှ် ဂျာမတ်အအီအစ္စလာမီပါတီက အမြတ်ထုတ်မယ့် အခြေအနေက ဟန့်တားနိုင်မှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီသာ ဘင်္ဂါလီသူပုန်တွေနဲ့ နီးစပ်မှုရှိတယ်လို့ ထင်ရှားတဲ့ ဂျာမတ်အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ အာဏာရလာရင်တော့ လုံခြုံရေးအရ တော်တော်စိုးရိမ်စရာ ကောင်းလာနိုင်ပါတယ်။ ဒါကြောင့်လည်း ရှိတ်ဟာစီနာက ဒုက္ခသည်တွေဘက်က သူရှိပါတယ်ဆိုတာကို ပြသဖို့ စိတ်အားထက်သန်နေတာပေါ့။

မေး : မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား မကြာသေးမီက ရရှိခဲ့တဲ့ ပြန်ပို့ဖို့သဘောတူညီချက်ကို ဘယ်လိုထင်ပါသလဲ။
ဖြေ : အင်း၊ ဒါကတော့ လူမြင်ကောင်းရုံ ကြည့်ကောင်းရုံ လုပ်တာပါပဲ။ ဖြစ်လာမှာမဟုတ်ပါဘူး။ ပထမဆုံးအချက်က စိစစ်ရမယ်ဆိုတဲ့ကိစ္စပဲ။ ဒီလူတွေ အများစုမှာ အဲဒီလို စာရွက်စာတမ်းအထောက်အထားတွေမှ မရှိတာ။ နောက်တစ်ချက်က သူတို့ကရော ပြန်လာချင်ရဲ့လား။ စစ်ဘက်က လုပ်ဆောင်ခဲ့တဲ့ ရက်စက်မှုတွေဟာ ဒီလူတွေ ဘယ်တော့မှ ပြန်မလာချင်အောင် လုပ်တာလို့ ကျွန်တော်ထင်တယ်။ ပြီးတော့ သူတို့က ဘယ်ကိုပြန်လာရမှာလဲ။ သူတို့အိမ်တွေ အကုန်မီးလောင်ကုန်ပြီပဲဟာ။

မေး : မဝေးတဲ့အနာဂတ်မှာ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် အဖြေမျိုးရောရှိနိုင်မလား။
ဖြေ : ဒါကအားလုံးသိချင်တဲ့မေးခွန်းပဲ။ အရိုးသားဆုံးပြောရရင် ကျွန်တော်လည်းမသိဘူး။ သူတို့ ဘင်္ဂလားဒေ့ရှ်မှာ နေနိုင်မလား။ ဟုတ်တယ်၊ နေနိုင်တယ်၊ ဒါပေမဲ့ ဒီလိုဆိုရင် စစ်တကောင်းတောင်တန်းတွေမှာ ပြဿနာရှိလာနိုင်တယ်။ တတိယနိုင်ငံဆိုတာမျိုးရော၊ ဘယ်သူတွေက သူတို့ကိုလက်ခံမှာလဲ။ 

ဇေဝင်းနောင်
(ရိုဟင်ဂျာဟူသော အသုံးအနှုန်းအချို့ကို ဘင်္ဂါလီဟု ပြောင်းလဲဖော်ပြထားသော်လည်း အဆိုပါဝေါဟာရကို နိုင်ငံရေးအရ အသုံးချပုံအကြောင်း၊ ဖန်တီးယူခဲ့ပုံအကြောင်း သုံးသပ်ဖြေဆိုချက်များတွင်မူ နားလည်ရလွယ်ကူစေရန်အလို့ငှာ မူလအတိုင်း ထားရှိပါသည်။)


  • VIA