News

POST TYPE

INTERVIEW

မိုးကြိုးပြင် အလယ်ရွာ သပိတ်စခန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းကျော်နှင့် တွေ့ဆုံခြင်း
12-Oct-2017 tagged as

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် မြေယာများ ပြန်လည်ရရှိရန် သပိတ်စခန်း ဖွင့်လှစ်တောင်းဆိုလျက်ရှိရာတွင် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီခွဲခန့် (ညသန်းခေါင်ယံအချိန်)က လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ယင်းသပိတ်စခန်းကို လာရောက် ဖျက်ဆီး၍ ပစ္စည်းများ သိမ်းဆည်းသွားမှုနှင့် ပတ်သက်၍ သပိတ်စခန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းကျော်ကို The Voice က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

Voice : သပိတ်စခန်းကို ဘယ်အချိန်က စဖွင့်လှစ် ထားပြီးတော့ ဘယ်သူတွေက ဖျက်သွားတာပါလဲ။
UWK : ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ် ရွာထိပ် ပုသိမ်-မုံရွာ လမ်းမကြီးပေါ်မှာ အောက်တိုဘာလ ၉ ရက်နေ့က စဖွင့်တယ်။ ကြေးပြားတင်ကား လေးစီးကိုတားပြီး စဖွင့်ခဲ့တယ်။ ညနေ  ၆ နာရီခွဲ ၇ နာရီလောက်မှာ ရန်ကုန်သွားမယ့် ကြေးပြားတင်လာတဲ့ ကားတွေကို ရွာသား ၅၀ လောက်က တားဆီး ရပ်တန့်စေပြီး စဖွင့်တာ။ အဲဒီကားတွေကိုလည်း နယ်လုံဝန်ကြီး ကိုယ်တိုင် ဦးဆောင်တဲ့ စစ်သားတွေ ၃၀ဝ လောက်နဲ့ ရဲသားတွေရော ပါလာပြီး ကယ်ထုတ်သွားတာပဲ။ အခု သပိတ်စခန်း ဖျက်တာလည်း စစ်သားရော ရဲရောပါတယ်။ အင်အား ၇၀ လို့ မှန်းရတယ်။ 

Voice : ဒီလို သပိတ်စခန်း ဖွင့်လှစ်ထားတာကို ဘယ်အချိန်မှာ ဘယ်လိုမျိုး ဖြိုဖျက်သွားပါသလဲ။   
UWK : မနေ့ည (အောက်တိုဘာ ၁၁ ရက်) ညသန်း ခေါင်ကျော် တစ်ချက်ခွဲအချိန်မှာပါ။ ညဦးအချိန်မှာ မီးလည်း ဖြတ်ထားတယ်။ သပိတ်စခန်းမှာ ကျွန်တော်နဲ့ အဖော်နှစ်ယောက် စောင့်အိပ်တယ်။ မိုးကရွာထားတော့ သပိတ်စခန်းထဲ မအိပ်ဘဲ ရွာထိပ်ဇရပ်ပေါ် ထိုင်နေတုန်း လုံခြုံရေးရဲကားတစ်စီး သပိတ်စခန်းကို ဖြတ်မောင်းသွားတော့ သိလိုက်တယ် ဖြိုခွဲတော့မယ်ဆိုတာ မီးပြန်လာတယ်။ ရဲကားလေးစီး ရောက်လာတယ်။ ကျွန်တော်တို့ သုံးယောက်က မှောင်ထဲကနေပဲ ကြည့်နေရတယ်။ မိနစ်ပိုင်းအတွင်း သပိတ်စခန်းက ဝါးလုံးတွေ၊ အလံတွေနဲ့ ဗီနိုင်းတွေ အားလုံးဖြိုဖျက်ပြီး တစ်ခုမကျန် ကားပေါ် တင်ယူပြီး ထွက်သွားတယ်။ 

Voice : အခုလို သပိတ်စခန်း ဖျက်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိလဲ။ ဘာဆက်လုပ်သွားမလဲ။ 
UWK : ကျွန်တော်တို့ သူတို့ဒီလို သပိတ်စခန်း ဖျက်သွားတာကို ဘယ်လိုမှ မအောက်မေ့ဘူး (သဘော မထားဘူး)။ အခု သပိတ်စခန်း ပြန်ဆောက်ပြီးပြီ။ ကျွန်တော်တို့ မြေဧက ၁၉၀ဝ မရမချင်း တောင်းနေမှာပဲ။ တောင်သူဆိုတာ တောင်ယာ အလုပ်ပဲ လုပ်စားတတ်တာ။ 

Voice : ဦးဝင်းကျော်တို့ သပိတ်စခန်းရဲ့ အဓိက တောင်းဆိုချက်က ဘာပါလဲ။ သပိတ်စခန်းက ဘယ်သူတွေကို ကိုယ်စားပြုထားသလဲ။ 
UWK : စီမံကိန်းကြောင့် ယာမရှိ၊ လယ်မရှိတော့ဘူး။ ကုမ္ပဏီခြံစည်းရိုး ခတ်တဲ့အထဲ လျော်ကြေးမယူဘဲ ပါကုန်တာ။ စားဝတ်နေရေး ခက်ခဲကုန်ပြီ။ ငတ်တဲ့ အနေအထားဖြစ်နေတော့ ဒီလိုမှမတောင်းရင် မဖြစ်တော့ဘူးလေ။  မွေးထားတဲ့သိုး၊ နွားစားကျက်လည်း ပျောက်ကုန်တယ်။ သားသမီးတွေ ကျောင်းစရိတ်က လည်း ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါတဲ့ မြေဧက ၁၉၀ဝ ဖော်ဆောင်ပေးဖို့ပါပဲ။ ဦးပိုင် ဦးလှစိန်က မိုးကြိုးပြင် လယ်မြောက်တောင်ရွာ သုံးရွာကို မြစ်ရေတင် လုပ်ဆောင်ပေးတယ်ဆိုပြီး မီဒီယာကို ဖြေထားတယ်။ လိမ်ထားတာ မခံချင်တာပါပဲ။ ဦးပိုင်-ဝမ်ပေါင် အကြီးအကဲတွေနဲ့တွေ့ဖို့ တောင်းဆိုချင်တာပါ။ မြေယာတွေ သိမ်းသွားပြီးလို့ သီးနှံလျော်ကြေး မပေးတော့ဘူးလို့ ပြည်ထောင်စုအစိုးရက ဆုံးဖြတ်လိုက်တော့ တောင်သူက မြေပြန်ရမှပဲ ဖြစ်မယ်လေ။ သပိတ်စခန်းက မိုးကြိုးပြင် အလယ်ရွာမှာ ဖွင့်ထားပေမယ့် ကိုယ်စားပြုတာ ၁၀ ရွာလောက်ရှိတယ်။ 

ခင်မေစန်း

  • TAGS