News

POST TYPE

INTERVIEW

ဒေါ်စိုးယုဝေ (National Director of Miss Universe Myanmar Organization) နဲ့ တွေ့ဆုံခြင်း
06-Oct-2017 tagged as

Miss Grand Myanmar ဆုရှင် အလှမယ် ရွှေအိမ်စည်ကို သရဖူ ပြန်လည်ရုပ်သိမ်းခဲ့တာနဲ့ ပတ်သက်ပြီး Miss Universe Myanmar Organization က National Director ဖြစ်သူ ဒေါ်စိုးယုဝေရဲ့ ရင်ဖွင့်စကားသံများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : Miss Grand Myanmar ဆုရှင် အလှမယ် ရွှေအိမ်စည်ကို ပြိုင်ပွဲနီးမှ သရဖူ ပြန်ရုပ်သိမ်းဖြစ်တဲ့ အကြောင်းကနေ စပြောပေးပါဦး။

DSYW : ကျွန်မတို့ Organization အနေနဲ့ Miss ပြိုင်ပွဲလုပ်တာ ခြောက်ကြိမ်မြောက်ရှိပါပြီ။ အလှမယ်တွေနဲ့ ပြဿနာ ဖြစ်တာမျိုး တစ်ခါမှ မရှိခဲ့သလို နာမည်ပျက်လည်း မရှိခဲ့ပါဘူး။ သရဖူ ရုပ်သိမ်းခံရတဲ့ အလှမယ်ကို ကျွန်မတို့က အရင်ကလည်း ဆုံးမဖူးတာ ရှိပါတယ်။ လူအများရှေ့မှာ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးဖို့၊ စကားကို ရိုင်းရိုင်းစိုင်းစိုင်း မပြောဖို့ ဆုံးမဖူးတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူက မကြာခဏ ဆိုသလို လူအများရှေ့မှာလည်း ရုန့်ရင်းကြမ်းတမ်းတာတွေ ပြောလာတယ်။ သူပြောတာကို တွေ့တဲ့လူတွေလည်း တွေ့တယ်၊ သိတဲ့လူတွေလည်း သိပါတယ်။ နောက်ဆုံးကျတော့ သူက Organization ကိုပါ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတုံ့ပြန်လာတယ်။  ကျွန်မတို့ ချုပ်ထားတဲ့ စာချုပ်ထဲမှာလည်း Organization ကို အထင်အမြင်သေးမယ့် ကိစ္စတွေ၊ အများပြောစရာ ဖြစ်မယ့် ကိစ္စတွေကို မလုပ်ပါဘူးဆိုတာ ပါပါတယ်။ ဒါပေမဲ့ သူက သူ့ရဲ့ Facebook Page မှာ Organization ကို အထင်အမြင်သေးစေတဲ့ Post တွေတင်တယ်။ နောက်တစ်ချက်က Miss တစ်ယောက် အနေနဲ့ စာချုပ်သက်တမ်းအတွင်းမှာ ပြုမူနေထိုင်မှုပုံစံ၊ ကိုယ်ကျင့်တရားနဲ့ သိက္ခာတွေကို ကောင်းမွန်တဲ့ပုံရိပ်အဖြစ် နေထိုင်သွားမယ်ဆိုပြီး သဘောတူထားပေမယ့်လည်း သူ့က အဲ့ဒီလို မနေခဲ့ပါဘူး။ အဲ့ဒါကြောင့် မဖြစ်သင့်ဘူးထင်လို့ အားလုံးက စဉ်းစားပြီး သရဖူ ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချခဲ့ရတာပါ။ 

Voice : ရခိုင်အရေးနဲ့ ပတ်သက်ပြီး ရွှေအိမ်စည် တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် သရဖူကို ပြန်ရုပ်သိမ်းတာပါလို့ လူတွေပြောနေကြတော့ ကိုယ့်အနေနဲ့ ဘယ်လိုဖြေရှင်းချင်လဲ။ 

DSYW : ဒီကိစ္စနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ Organization ကိုယ်တိုင်က ရခိုင်မှာ စစချင်းဖြစ်တယ် ဆိုကတည်းက တာဝန်ရှိ အဖွဲ့အစည်းတွေ အနေနဲ့ လှူဒါန်းမှု ပစ္စည်းတွေ မပို့နိုင်ခင်မှာပဲ ကျွန်မတို့ Organization က စုစည်းပြီးတော့ ပို့နေတာ လူတိုင်းအသိပါ။ အလှူရှင်တွေကလည်း Organization ကနေတစ်ဆင့် လှူတာရှိသလို တခြား Miss တွေလည်း ပူးပေါင်းပါဝင်ပြီးတော့ ရခိုင်အရေးမှာ တတ်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။ ဒီရခိုင်အရေးမှ မဟုတ်ပါဘူး၊ အရင်အရေးတွေမှာလည်း တတ်နိုင်သလောက်ကို ကူညီပေးခဲ့တာပါ။ အဲ့ဒါကြောင့် ဒီဗီဒီယိုဖိုင်နဲ့လည်း မဆိုင်ပါဘူး။ ဒီပြဿနာက အရင်ကတည်းက ဖြစ်နေတာပါ။ ဒါပေမဲ့ တချို့ပရိသတ်တွေက လက်ရှိအချိန်မှာမှ သိကြတော့ ကိုယ်ထင်တာကို ကိုယ်ဆွဲပြီးတော့ ပြောကြတာပေါ့နော်။ 

Voice : အောက်တိုဘာလ ၁၀ ရက်နေ့ကို နောက်ဆုံးထားပြီး သရဖူပြန်အပ်ဖို့ ကြေညာထားပေမယ့် ပြန်လည်စဉ်းစားပေးဖို့ ရှိသေးလား။

DSYW : ကျွန်မတို့ ကြေညာထားတဲ့အတိုင်းပါပဲ။ ကျွန်မတို့အနေနဲ့ ဖြေလျှော့ပေးဖို့ မရှိပါဘူး။ သူ အပ်သည်ဖြစ်စေ၊ မအပ်သည်ဖြစ်စေ ဒီကြေညာချက်က အတည်ဖြစ်တဲ့အတွက် သရဖူက သူ့ဆီမှာ ရနေလည်း သူဘာမှ လုပ်လို့မရပါဘူး။ တရားမဝင်ဘူးပေါ့နော်။ ကျွန်မတို့ တရားဝင် ခန့်အပ်ရွေးချယ်ထားတဲ့ အလှမယ် မဟုတ်တာကြောင့် ဆုကလည်း အပိုပါပဲ။ အဓိက အပ်တာ၊ မအပ်တာက သူနဲ့ပဲ ဆိုင်ပါတယ်။

Voice : လူမှုကွန်ရက် Facebook မှာ ပျံ့နှံ့နေတဲ့ ကိုအေးနေဝင်းနဲ့ အပြန်အလှန် ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်အပေါ်မှာ ပြောချင်တာများ ရှိဦးမလား။

DSYW : သူက ကျွန်မတို့ Organization နဲ့ တိုက်ရိုက်မပတ်သက်ပါဘူး။ ကျွန်မတို့နဲ့ အလှမယ်ဖြစ်တဲ့ ကိစ္စမှာ သူက အုပ်ထိန်းသူလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအလှမယ်နဲ့ စာချုပ်ချုပ်ဆိုတဲ့ အချိန်မှာ အလှမယ်က အသိသက်သေ ခေါ်လာနိုင်ခြင်း မရှိတဲ့အတွက် သူက အသိသက်သေနေရာကနေ လက်မှတ်ထိုးထားတယ်။ အဲ့ဒါကြောင့် သူ့ကို ခေါ်ပြောရတာပဲ ဖြစ်တယ်။ အဲ့ဒီအချိန်က အလှမယ်ကလည်း ခရီးသွားနေတာကြောင့် ဒါမျိုး ဒါမျိုးတွေလုပ်ဖို့ရှိတယ် ဆိုပြီးတော့ ကြိုပြီးရှင်းပြထားတဲ့ သဘောပေါ့နော်။ ဘာကြောင့်လုပ်မယ်၊ ဘယ်အချက်တွေနဲ့ လုပ်မယ်ဆိုတာကိုလည်း ပြောထားပြီးသား ဖြစ်ပါတယ်။ အဓိက သူက Organization အပေါ်ကို ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်တဲ့အတွက် ဖြစ်သွားတာပါ။ သူတို့က ဒါကို ဘယ်လိုတာဝန်ယူပြီးတော့ ဖြေရှင်းပေမလဲဆိုပြီး သူ့ကို မေးခဲ့ပါတယ်။ သူ့ကိုစပြောတာက စက်တင်ဘာလ ၂၅ ရက်နေ့ကပါ။ ကျွန်မတို့က ၂၄ ရက်နေ့၊ နံနက် ၉ နာရီမှာ ကိုအေးနေဝင်းကိုတွေ့ဖို့ ဖုန်းဆက်ပါတယ်။ အဲဒီဗီဒီယိုဖိုင်က ၂၄ ရက်နေ့၊ ည ၁၀ နာရီခွဲမှ တက်တာပါ။ ကျွန်မတို့က ၂၂ ရက်ကတည်းက ရပ်ဆိုင်းဖို့ကို ဆုံးဖြတ်ပြီးသားပါ။ ဒီဗီဒီယိုမတင်ခင်ကတည်းက ဆုံးဖြတ်ချက်က ချပြီးသား ဖြစ်ပါတယ်။ 

Voice : Miss Universe Myanmar ပြိုင်ပွဲမှာ သရဖူရဖို့အတွက် ငွေပေးရတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိတာ တွေ့ရတော့ နောက်ဆုံးအနေနဲ့ ရှင်းပြပေးစေချင်ပါတယ်။ 

DSYW : အဲ့ဒါကတော့ နှစ်တိုင်းရှိတယ်။ နှစ်တိုင်းပြောနေကျ စကားဖြစ်နေပါပြီ။ ပြိုင်ပွဲဝင် အယောက်သုံးဆယ်ထဲကမှ ရမယ့်သူက တစ်ယောက်ပဲဆိုတော့ ကျန်တဲ့နှစ်ဆယ့်ကိုးယောက်ရဲ့နောက်က ပရိသတ်တွေ၊ ချစ်တဲ့ခင်တဲ့သူတွေက ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်မရတဲ့အခါမှာ အားမလိုအားမရ ရှိမယ်။ အဲ့ဒီလူတွေထဲမှာလည်း အတန်းအစားပေါင်းစုံ ရှိတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့လူ ရှိသလို မထိန်းချုပ်နိုင်တဲ့လူလည်း ရှိတယ်။ မထိန်းချုပ်နိုင်တဲ့လူကျတော့ စိတ်ပြေရာပြေကြောင်း ပြောမိပြောရာ လျှောက်ပြောကြတာတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် အချိန်တန်ရင်တော့ သိသွားမှာပါ။ ကျွန်မတို့ ရွေးချယ်ထားတဲ့ အလှမယ်တွေသည် ဒါမျိုးလုပ်ခဲ့ရလား၊ မလုပ်ခဲ့ရဘူးလား ဆိုတာကို သူတို့ကိုယ်တိုင် အသိဆုံးပါ။

ဓာတ်ပုံ - စိုးယုဝေ Facebook Page
ဝင်းထွန်းနိုင်

  • TAGS