News

POST TYPE

INTERVIEW

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဆေးပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာမျိုးမြင့်မော်နှင့် တွေ့ဆုံခြင်း
06-Oct-2017
ကင်ဆာရောဂါ ဖြစ်ပွားမှုသည် ယခင်အချိန်ကာလများထက် ပိုမိုဖြစ်ပွားလာကြပြီး ရောဂါဖြစ်ပွားမှုကို အချိန်ဆောလျင်စွာ မသိရှိဘဲ အသိနောက်ကျခြင်းကြောင့် အသက်အန္တရာယ် ဆုံးရှုံးသည်အထိ ဖြစ်ပွားလျက်ရှိသည်။ ကင်ဆာရောဂါသည် မျိုးရိုးလိုက်ခြင်းသာမက မိမိတို့၏ နေထိုင်မှုပုံစံ (Lifestyle) နှင့်လည်း သက်ဆိုင်ကြောင်း၊ ယင်းရောဂါများနှင့် ပတ်သက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာဆေးပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာမျိုးမြင့်မော်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကင်ဆာရောဂါဆိုတာကို ရှင်းပြပေးပါဦး။

Dr. : ကင်ဆာဆိုတာက မြန်မာလိုတော့ မြစ်ပွားနာလို့ ခေါ်တာပေါ့။ ကင်ဆာဆဲလ်တွေဆိုတာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ။ သူတို့က ပွားလာပြီးတော့ ပုံမှန်ဆဲလ်တွေကို ဖျက်ဆီးပစ်တာပေါ့။ ဥပမာအားဖြင့် အဆုတ်ကင်ဆာဆိုရင် ပုံမှန်မဟုတ်တဲ့ အဆုတ်ဆဲလ်တွေက ပုံမှန်အဆုတ်ဆဲလ်တွေကို ဖျက်ဆီးလိုက်တာမျိုးပါ။ အဲဒီအခါမှာ အဆုတ်က အလုပ်မလုပ်တော့ဘူး။ ကင်ဆာက သူ့ရဲ့ပတ်ဝန်းကျင်မှာ ပွားလာသလို သွေးကတစ်ဆင့် တခြားနေရာကိုလည်း ပျံ့နှံပြီးရောက်သွားနိုင်တယ်။ အဆုတ်ကင်ဆာ ဆိုရင်လည်း အဆုတ်တင်မဟုတ်ဘဲ အရိုးကို ရောက်သွားနိုင်တယ်။ ဦးနှောက်ကို ရောက်သွားနိုင်တယ်။ 

Voice : ကင်ဆာရောဂါတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက ဘာတွေကြောင့်ပါလဲ။

Dr. : ဒါကိုတော့ နိုင်ငံတကာမှာလည်း သေချာဘယ်သူမှ မသိဘူး။ အကြောင်းတရားတွေကတော့  အများကြီးရှိတယ်။ ကင်ဆာတစ်ခုနဲ့ တစ်ခုကလည်း ဖြစ်ပွားတာချင်း မတူညီဘူး။ ခြုံပြောရရင်တော့ သူ့ရဲ့ ပတ်ဝန်းကျင် (Environmaental Factors) ကြောင့် ဖြစ်တာရှိတယ်။ ပတ်ဝန်းကျင်မှာ ဟိုက်ဒရိုဂျင် ကာဗွန်တွေ များနေတယ်။ ပတ်ဝန်းကျင်က မသန့်ရှင်းဘူး။ နောက်ပြီး နီကိုဒင်းပါတဲ့ ဆေးလိပ်သောက်တာတွေကြောင့်ပေါ့။ ဒီတော့ ပတ်ဝန်းကျင်ကြောင့် ကင်ဆာဖြစ်တာ ရှိတယ်။ နောက်တစ်ခုက နေထိုင်မှုပုံစံ (Lifestyle) တွေပဲ။ လူတစ်ယောက် ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ စတာတွေ ဖြစ်ဖို့ရှိတယ်။ အရက်သောက်တယ်ဆိုလည်း  အသည်းကင်ဆာပေါ့။ နောက်တစ်ခုကတော့ မျိုးရိုးကြောင့်။ ဥပမာ ရင်သားကင်ဆာတို့၊ အူမကြီးကင်ဆာတို့က မျိုးရိုးလိုက်တာပေါ့။ နောက်တစ်ခုက ရောဂါပိုး (Infection) တွေကြောင့် ဖြစ်တာရှိတယ်။ ဥပမာ အသည်းရောင်အသားဝါ ဘီတို့၊ စီတို့ဆိုရင် အသည်းကင်ဆာ ဖြစ်တတ်တယ်။ ကင်ဆာဖြစ်စေတာ ဒီအချက်တွေပေါ့။ အစားအသောက်၊ အနေအထိုင်တွေကတော့ ပြုပြင်လို့ရတယ်။ မျိုးရိုးကိုတော့ ပြုပြင်လို့မရဘူး။ သူကတော့ ဗီဇပြောင်းလဲမှုကြောင့် ဖြစ်လာတာဆိုတော့။ 

Voice : မြန်မာနိုင်ငံမှာ ဘယ်လိုကင်ဆာရောဂါတွေ အဖြစ်များပါသလဲ။

Dr. : ဆရာတို့ဆေးရုံမှာ အတွေ့များတာကတော့ အမျိုးသမီးဆိုရင် ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေက ပထမ ဦးစားပေးအဖြစ်များတာတွေပါ။ အမျိုးသားတွေမှာ အဖြစ်များတာက အူမကြီးကင်ဆာ၊ ခံတွင်းကင်ဆာ၊ အကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ် ကင်ဆာတွေပေါ့။

Voice : ဆရာတို့ ဌာနအနေနဲ့ ကင်ဆာလူနာတွေအတွက် ကုသမှုဆောင်ရွက်ပေးနေတဲ့ အပိုင်းကို ရှင်းပြပေးပါဦး။

Dr. : ဆရာတို့ကတော့ ကုသတဲ့အပိုင်းကို အဓိကထား လုပ်တာပေါ့။ လူနာတွေ ကင်ဆာဖြစ်ပြီး ရောက်လာတယ်။ ခွဲစိတ်ထားတဲ့ လူနာရှိသလို ခွဲစိတ်မထားတဲ့ လူနာတွေလည်းရှိတယ်။ သူတို့တွေကို  ဆရာတို့ ဌာနကလည်း ကုသလို ဓာတ်ရောင်ခြည် ဌာနကလည်း ကုတယ်။ ဓာတ်ရောင်ခြည် ဌာနကတော့ ဓာတ်ရောင်ခြည်ပေးပြီး ကုသတယ်။ ဆရာတို့ကတော့ ကင်ဆာဆေးသွင်းပြီး ကုသတယ်။ ကုသတဲ့ နေရာမှာ နှစ်ပိုင်းရှိတယ်။ ပြင်ပလူနာဌာန အနေနဲ့  ကုတာရှိသလို အတွင်းလူနာဌာန အနေနဲ့ ကုတာလည်း ရှိတယ်။ အတွင်းလူနာအနေနဲ့ ဘယ်လိုလူနာတွေ ကုသသလဲဆိုတော့ ကင်ဆာကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ ဦးနှောက်ထဲ ရောက်တာမျိုးကိုပေါ့။ သူက သတိတွေမေ့တယ်၊ တက်တယ်။ ဒီတော့ အရေးပေါ်ကုရတယ်။ ဒါက ကင်ဆာနဲ့ ဆက်နွှယ်နေတဲ့ အရေးပေါ်အခြေအနေတွေပေါ့။ နောက်တစ်ခုက ကင်ဆာကြောင့် အရိုးကို ရောက်သွားပြီး အောက်ပိုင်း မလှုပ်နိုင်တော့တာမျိုးတွေပေါ့။ တချို့ကင်ဆာဆေးတွေက နှစ်ရက်ဆက်တိုက် သွင်းဖို့လိုတယ်။ ဒါတွေဆိုရင် ဆေးရုံတက်ပြီး ကုသမှရတယ်။ အရေးပေါ်ဖြစ်တဲ့ အခြေအနေဆိုလည်း ဆေးရုံတက်ပြီး ကုသရတယ်။ 

နောက်တစ်ခုကတော့ ကင်ဆာဆေးတွေသွင်းလို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ တအားအန်တာ၊ သွေးဖြူဥတွေ တအားကျတာတွေပေါ့။ သွေးဖြူဥတွေ ကျလာရင် ပိုးသတ်ဆေးတွေ  ထိုးရတယ်။ ဒါကတော့ ကင်ဆာဆေးသွင်း ကုသမှုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ အရေးပေါ်အခြေအနေတွေပေါ့။ ဒါတွေက ဆေးရုံတင်ပြီး ကုသရတဲ့အပိုင်း။ ဦးနှောက်တို့၊ အရိုးတို့အထိ ရောက်သွားရင်တော့ အသက်အန္တရာယ်ဆုံးရှုံးတယ်။ ဦးနှောက်ရဲ့ အရေးကြီးနေရာတွေကိုထိရင် အသက်ရှူရပ်တာတို့၊ နှလုံးခုန်ရပ်တာတို့ ဖြစ်တယ်။ ဆေးသွင်းကုသတဲ့ လူနာတွေကို ပြင်ပလူနာဌာနမှာ ကုတာများတယ်။ ဆေးရုံမတင်ဘူး။ 

Voice : ဆရာတို့ ဆီမှာ လာရောက်ကုသမှု ခံယူတဲ့ လူနာဦးရေ ဘယ်လောက်အထိ ရှိပါသလဲ။

Dr. : ၂၀၁၆ ခုနှစ်စာရင်းအရ လာပြတဲ့ အမျိုးသားဦးရေက ၉၇၁၂ ဦးရှိတယ်။ အမျိုးသမီးက ၂၅,၅၆၂ ဦး ရှိတယ်။ စုစုပေါင်း ဆရာတို့ဆီမှာ ၂၀၁၆ ခုနှစ်မှာလာပြတဲ့ လူနာဦးရေက ၃၅,၂၇၄ ဦးရှိတယ်။ အဲဒီအထဲမှာက လူနာအသစ်က အမျိုးသား ၁၃၀၉ ဦးနဲ့ အမျိုးသမီးက ၂၂၇၂ ဦးဆိုတော့ လူနာအသစ်ပေါင်းက ၃၅၈၆ ဦးရှိတယ်။ ကင်ဆာက ဆရာတို့ဌာန တစ်ခုတည်းတင် မကဘူး။ အခြားဌာနတွေလည်း ကုတာရှိတယ်။ အသည်းဆိုလည်း အသည်းဌာနက ကုတာရှိတယ်။ အဲလိုနေရာတွေက လူနာစာရင်းပါ ပေါင်းလိုက်ရင် ဒီထက်များမှာပေါ့။ ဆရာတို့ ဌာနမှာက အစာအိမ်အူလမ်းကြောင်း၊ အူမကြီး၊ အဆုတ်၊ ခံတွင်း၊ လည်ချောင်း၊ ရင်သား၊ သားအိမ်၊ သားအိမ် ခေါင်းနဲ့ သားဥကင်ဆာတွေကို ဆရာတို့က ကုပေးတယ်။ 

Voice : ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။

Dr. : ဆရာတို့ဌာနက ကျန်းမာရေး ပညာပေးတဲ့ အပိုင်းလည်း လုပ်တယ်။ နှစ်လတစ်ခါလောက်  ပညာပေးလုပ်တယ်။ ကုသမှုပြီးလို့ ရောဂါပျောက်သွားတဲ့ လူနာတွေကို ပြန်မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ၊ ပြန်ဖြစ်ခဲ့ရင်လည်း စောစောစီးစီးသိအောင် ဆရာတို့ဆီကို မှန်မှန်လာပြဖို့ Follow-up တွေကြည့်ပေးပါတယ်။ ကင်ဆာရဲ့သဘောက စောစီးစွာသိရင် ခွဲစိတ်လို့ရတယ်။ ပျောက်ဖို့ရာခိုင်နှုန်းများတယ်။ ဒီတော့ လူနာတွေ စောစောသိအောင် ဆရာတို့က ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ 

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။         

သီတာဆွေ