News

POST TYPE

INTERVIEW

ခါရာနဲ့ တွေ့ဆုံခြင်း
သရုပ်ဆာင်ခါရာနဲ့ တွေ့ဆုံပြီး ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေအကြောင်း၊ လက်ရှိ ရိုက်ကူးနေတဲ့ ချစ်ခြင်းစတုဂံ ရုပ်သံဇာတ်လမ်းတွဲအကြောင်း၊ ချစ်သူနဲ့ နှစ်ယောက်လက်တွဲဖို့အတွက် စဉ်းစားထားတဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ခါရာရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းကနေစပြီး ပြောပြပေးပါဦး။

K : ကျွန်တော်အခု ‘ချစ်ခြင်းစတုဂံ’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေး ရိုက်နေပါတယ်။ မြဝတီ Documentary Channel ကနေ ပြမှာပါ။ ဒါပြီးရင်တော့ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) နဲ့ ‘အဆိပ်သင့်လူရိုင်း’ ဆိုတဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ရှိပါတယ်။ မင်းသားတွေကတော့ ကိုနိုင်းနိုင်း၊ ကိုထွန်းကိုကိုနဲ့ ကျွန်တော် ပါပါတယ်။ နောက်နှစ် ဧပြီလကျရင်တော့ ဒါရိုက်တာ ကိုစတီးလ်နဲ့ပဲ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားရိုက်ဖို့ ရှိပါတယ်။ သရုပ်ဆောင်တွေကတော့ ကိုထွန်းထွန်း၊ ကျွန်တော်နဲ့ မင်းသမီးနှစ်လက် ပါပါတယ်။ တောက်လျှောက်ကတော့ အက်ရှင်၊ ဒရာမာလိုင်းဘက်ကို ဦးစားပေးပြီးတော့ ရိုက်သွားမှာပါ။ ဒီလိုဇာတ်လမ်းမျိုးတွေ ရိုက်ရတာကိုလည်း ကျွန်တော် ပိုပြီး နှစ်သက်ပါတယ်။ သိပ်မကြာခင်မှာတော့ ကျွန်တော့်ရဲ့ Dimension ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ ကြည့်ရတော့မှာပါ။ ထုတ်လုပ်ရေးပိုင်းကလည်း အမြန်ဆုံး ရုံတင်နိုင်အောင် ကြိုးစားနေပါတယ်။

 Voice : ချစ်ခြင်းစတုဂံ ရုပ်သံဇာတ်လမ်းတွဲမှာ ခါရာ့ရဲ့ ဇာတ်ကောင်စရိုက်ကရော ဘယ်လိုပုံစံမျိုးလဲ။

 K : ဒီဇာတ်လမ်းတွဲက ဟာသ၊ အက်ရှင်၊ ဒရာမာ ရသစုံ ခံစားရမှာပါ။ ဒီဇာတ်လမ်းတွဲအပေါ် ကျွန်တော် စိတ်အများကြီးနစ်ပြီး ကြိုစားရိုက်ကူးထားပါတယ်။ ကိုယ်က အဓိကဇာတ်ဆောင် အနေနဲ့ ပါဝင်ရတာ ဖြစ်တဲ့အတွက် တာဝန်လည်း အများကြီး ရှိပါတယ်။ ဇာတ်လမ်းတစ်ခုလုံးမှာ ကျွန်တော်မပါတဲ့ အပိုင်းက တော်တော်နည်းပါတယ်။ တောက်လျှောက်ကို ပါနေရပါတယ်။  ဇာတ်လမ်းကို သေချာဖတ်ပြီး လုပ်ရမယ့် အက်တင်တွေနဲ့ ဝတ်ရမယ့် အဝတ်အစားတွေကအစ ကျွန်တော် သေချာပြင်ဆင်ပါတယ်။ ဇာတ်လမ်းတွဲက သုံးလလောက် အချိန်ပေးပြီး ရိုက်ရတာဆိုတော့ ကိုယ်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်ရဲ့  Mood ပျောက်မသွားအောင်လည်း ကြိုးစားရပါတယ်။ ဒီဇာတ်လမ်းတွဲမှာလည်း ကျွန်တော်သဘောကျတဲ့ အက်ရှင်ခန်းတွေ အများကြီး ပါပါတယ်။ နောက်နှစ် ဇန်နဝါရီ၊ ဒါမှမဟုတ် ဖေဖော်ဝါရီလလောက်ကျရင်တော့ ရုပ်သံကနေ ပြမယ်လို့ သိရပါတယ်။

Voice : ခါရာ ရိုက်တဲ့ ဇာတ်ကားတွေက အက်ရှင်အသားပေး ဇာတ်ကားတွေ များနေတာက ဘာကြောင့်လဲ။ ကိုယ်နဲ့ ပိုလိုက်ဖက်တယ် ထင်လို့လား။

K : ပထမတော့ အက်ရှင်လိုင်းကို ဦးတည်ပြီးတော့ ရိုက်တာတော့ မဟုတ်ပါဘူး။ ကျွန်တော် စရိုက်တဲ့ကားက အက်ရှင်ကား ဖြစ်နေတယ်။ ဒါရိုက်တာအတွက်ရော ကျွန်တော့်အတွက်ပါ ပထမဆုံး အက်ရှင်ကား ရိုက်ရတဲ့ အတွေ့အကြုံ ဖြစ်နေတယ်။ Dimension ဆိုတဲ့ အက်ရှင်ရုပ်ရှင် ဇာတ်ကားကို ကျွန်တော်တို့ စပြီး ရိုက်ကြတယ်။ ဒီဇာတ်ကားအတွက် ကျွန်တော်တို့ သုံးလလောက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရတယ်။ အက်ရှင်ကားကို ပထမဆုံး ရိုက်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေတော့ အများကြီး တွေ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ရိုက်ရင်း၊ ရိုက်ရင်းနဲ့ အက်ရှင်ကို ပိုပြီးနှစ်သက်လာတယ်။ အက်ရှင်လုပ်ရတာကို ပိုပြီးတော့ ကြိုက်လာတဲ့အတွက် နောက်တစ်ကား ရိုက်ဖို့အတွက်ကို တိုက်ကွမ်ဒိုတို့ ဘောက်ဆင်တို့ ကျွန်တော် အများကြီး လေ့လာလိုက်တယ်။ နောက်ဆုံး ရိုက်ထားတဲ့ မြို့ ပြမုဆိုးများ ရုပ်ရှင်ဇာတ်ကားမှာဆို အက်ရှင်ပိုင်းကို အများကြီး အားထည့်ပြီး လုပ်ထားပါတယ်။

Voice : အက်ရှင်ဇာတ်ကားတွေကို ပီပြင်အောင် မရိုက်နိုင်ရင် ပရိသတ်က ပိုပြီးဝေဖန်ကြတယ်လေ။ ခါရာတို့ရော အက်ရှင်ကားတွေ ရိုက်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။

K : အက်ရှင်ကား ရိုက်ရင်တော့ ကင်မရာ အယူအဆလေးတွေ နားလည်အောင် လုပ်ထားရတယ်။ ကိုယ့်ရဲ့ ကိုယ်နေဟန်ထားကိုလည်း ကင်မရာထဲမှာ အံဝင်ခွင်ကျ ဖြစ်အောင် ပြင်ဆင်ရတယ်။  အပြင်မှာ ရန်ဖြစ်သလို ရုန်းရင်းဆန်ခတ် ထိုးကြတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့။ တကယ်ထိုးလိုက်တာ မဟုတ်ပေမယ့်လည်း ပရိသတ်က ထိုးတယ်လို့ မြင်သွားအောင်၊ သရုပ်ဆောင်ပြရတာပေါ့။ ဇာတ်ကားမရိုက်ခင်မှာ ကိုယ်နဲ့ တွဲဖက်သရုပ်ဆောင်တဲ့သူတွေနဲ့ လေ့ကျင့်ပြင်ဆင်ရတာတွေ အများကြီး ရှိပါတယ်။ ကိုယ်က ထိုးရတဲ့ အပိုင်းနဲ့ ကိုယ်က ခံရတဲ့ အပိုင်းမှာလည်း သဏ္ဌာန်လုပ် သရုပ်တူအောင် သရုပ်ဆောင်ပြရပါတယ်။ 

Voice : အနုပညာရှင်တစ်ယောက် အနေနဲ့ကျတော့ ကိုယ်အားသန်တဲ့ လိုင်းတစ်လိုင်းတည်းမှာပဲ ရပ်နေလို့ မရဘူးလေ။ ဇာတ်ရုပ်အစုံ သရုပ်ဆောင်နိုင်ဖို့ လိုတာဆိုတော့ တခြားဇာတ်လမ်းအမျိုးအစားတွေရော ရိုက်သွားဖို့ ရှိမလား။

K : တခြား ဇာတ်လမ်းအမျိုးအစားတွေလည်း ကျွန်တော် ရိုက်ထားပါတယ်။ နောက်ဆုံ့းရိုက်ထားတဲ့  Far Away ဇာတ်ကားဆိုရင် ဒရာမာဘက်ကို ဦးစားပေးပြီး ရိုက်ထားတာပါ။ ဟာသလေး နည်းနည်းတော့ပါတယ်။ ပုံမှန်ကတော့ အက်ရှင်နဲ့ ဒရာမာ ရောထားတဲ့ ဇာတ်လမ်းမျိုးတွေကို ကျွန်တော် ဦးစားပေးပြီး ရိုက်ဖြစ်ပါတယ်။ အဲ့ဒီလို ဇာတ်ကားမျိုးတွေ ဆိုရင်တော့ ရိုက်ရတာ ပိုပြီးတော့ ခံစားချက် ရှိတာပေါ့။ ကျွန်တော်က အခုမှ သရုပ်ဆောင်အလုပ်ကို စလုပ်တုန်းပဲ ရှိပါသေးတယ်။ လေ့လာစရာတွေလည်း အများကြီး ရှိသေးတယ်။ အနုပညာဝမ်းစာတွေ ပြည့်ဝလာပြီ ဆိုရင်တော့ ဇာတ်ရုပ်အစုံမှာ သရုပ်ဆောင်ပြနိုင်အောင် ကြိုးစားသွားမှာပါ။

Voice : ကိုယ့်မှာ ချစ်သူရှိတာကို ပရိသတ်ကို ပွင့်ပွင့်လင်းလင်း အသိပေးထားတယ်နော်။ နှစ်ယောက်လက်တွဲဖို့ကျတော့ ဘယ်တော့လောက်ဖြစ်မလဲ။ 

K : ကျွန်တော့်ရဲ့ ဘဝအတွက် ရည်မှန်းထားတဲ့ ကြီးကြီးမားမား မှတ်တိုင်တစ်ခု ရှိပါတယ်။ အဲ့ဒါလေးကို အရင်စိုက်ထူပြီးတော့မှ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့ အိမ်ထောင်ပြုတဲ့ ကိစ္စကို လုပ်ပါမယ်။ သူ့ကိုလည်း ကျွန်တော် ပြောထားပါတယ်။ သူ့ဘက်ကတော့ ကျွန်တော့်အပေါ် တော်တော်လေး နားလည်မှု ပေးပါတယ်။ သရုပ်ဆောင်တယ်ဆိုတာက ချစ်ခန်း၊ ကြိုက်ခန်းတွေ ရိုက်ရတာလည်း ပါတာပေါ့နော်။ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် သူတော်တော်လေး နားလည်ပေးပါတယ်။ သူကိုယ်တိုင်လည်း ထုတ်လုပ်ရေးပိုင်းမှာ ကျွန်တော်တို့နဲ့ လက်တွဲပြီး အလုပ်လုပ်နေတာ ဆိုတော့ အနုပညာလုပ်ငန်းရဲ့ သဘောသဘာဝတွေကို နားလည်ပါတယ်။ သူလည်း ရှယ်ယာရှင်တစ်ယောက် ဆိုတော့ အနုပညာလောက အကြောင်းလည်း သိနေတာပဲလေ။ 

ဓာတ်ပုံ - ခါရာ Facebook Page

သန့်ဇင်ဦး