News

POST TYPE

INTERVIEW

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် တွေ့ဆုံခြင်း
29-Sep-2017 tagged as ရခိုင်

ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ရက်ပေါင်း ၃၄ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသော ဘင်္ဂါလီ ဒုက္ခသည်များကို ၁၉၉၃ ခုနှစ် လဝက ဥပဒေအရ  ပြန်လည်နေရာချထားရေး အကောင်အထည်ဖော် ဆောင်ရွက်သည့် အခြေအနေများကို  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန) (အမြဲတမ်းအတွင်းဝန်) ဦးမြင့်ကြိုင်ကို The Voice က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : နေပြည်တော်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ အစည်းအဝေးက ဘယ်လိုအချက်တွေ  အဓိကထား ဆွေးနွေးခဲ့သလဲ။  

MK : ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ တောင်ပြိုလက်ဝဲ (ကုန်းလမ်း)၊   ငါးခူရ (ရေလမ်း) နှစ်နေရာတို့မှ စိစစ်မယ်။ ပြန်လည်နေရာချထားဖို့ မောင်တောမြို့နယ် မြောက်ပိုင်း  ဓားကြီးစားကျေးရွာကို လျာထားပါတယ်။

Voice : ဝန်ကြီးဌာနအနေနဲ့ ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ ဘယ်လိုစိစစ်မှုတွေ လုပ်သွားမလဲ။

MK : ကျွန်တော်တို့ ဌာနအနေနဲ့ မြန်မာနိုင်ငံလာမယ့်သူတွေ ဖြည့်စွက်ရမယ့် ပုံစံတွေကို  နိုင်ငံခြားရေး ဝန်ကြီးဌာနကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ကို ပို့ဖို့ လုပ်နေတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံထဲမှာ နေခဲ့ဖူးတဲ့ အကြောင်း၊ အမည်၊ မိသားစုစာရင်းတွေ၊ ဒီနိုင်ငံမှာ ကိုင်သွားတဲ့  နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ၊ မိတ္တူတွေ၊ တွဲရမယ့် ဖောင်တွေကို လုပ်နေပါတယ်။ ဝိုက်ကတ်ပြန်အပ်ထားရင်လည်း ပြေစာစာရွက်တွေပါ ထည့်ပြီး လျှောက်ရပါမယ်။ ဒုက္ခသည်တွေကြားမှ ဒီဖောင်တွေကို ဖြန့်ရမယ်။ အဲဒီအထောက်အထားတွေ တွဲပေးပြီး ပြန်ပို့ပေးရပါမယ်။ ပြည့်စုံမှ ဘယ်သူကို လက်ခံမယ်။ ဘယ်သူ့ကိုတော့ လက်မခံဘူး ဆိုတာကို  အတည်ပြုပေးမှာပါ။

Voice : ဖောင်တွေကို ဘယ်နေ့လောက် ဘင်္ဂလားဒေ့ရှ် ပို့ဖို့ စီစဉ်ထားသလဲ။

MK : ဒီဖောင်တွေကို ဘင်္ဂလားဒေ့ရှ်ကို သွားဆွေးနွေးမယ့် ကိုယ်စားလှယ်တွေနဲ့ တစ်ခါတည်း ထည့်ပေးလိုက်မှာပါ။ ဘယ်နေ့ထွက်မလဲ ဆိုတာကို မပြောနိုင်သေးဘူး။ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဒီဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ကို ဆွေးနွေးသွားမှာပါ။

Voice : မြန်မာနိုင်ငံထဲမှာ ပြန်လက်ခံမယ့်သူတွေ ဖြည့်ရမယ့်ဖောင်မှာ အချက်ဘယ်နှချက်လောက် ပါသလဲ။

MK : အချက် ၁၆ ချက် ပါပါတယ်။ မြန်မာနိုင်ငံသား စိစစ်ရေး သက်သေခံကတ်ပြား ပါရင်လည်း ပါမယ်။ ဒါမှမဟုတ် တခြားကတ်ပြားပေါ့၊ မြန်မာနိုင်ငံက အသိအမှတ်ပြုထားတဲ့ ကတ်တစ်ခုခု ပတ်သက်ပြီး မိတ္တူ ပူးတွဲတင်ပြရမယ်။ လူမျိုး၊ ဘာသာ၊ အလုပ်အကိုင်၊ ဇနီး၊ ခင်ပွန်းအမည်၊ နေရပ်လိပ်စာ၊ အိမ်ထောင်စုဝင်စာရင်း၊ နောက်တစ်ခုက ပြန်လာတဲ့ကိစ္စက တစ်ဦးတစ်ယောက်ရဲ့ ခြိမ်းခြောက်မှု မပါဘဲ မိမိဆန္ဒအရ ဖြည့်စွက်ရမယ်။ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်ခွင့်ပြုရင် မြန်မာနိုင်ငံ တည်ဆဲဥပဒေကို လေးစားလိုက်နာမယ်ဆိုတဲ့ ဝန်ခံကတိပြုချက်တွေ ပါမယ်။

Voice : အဲဒီဖောင်တွေဖြည့်ပြီးရင် ဘယ်လိုတွေ ဆက်လုပ်ရမလဲ။

MK : သူတို့က အဲဒီပုံစံတွေကို ဖြည့်ရမယ်။ ဖြည့်ပြီးရင် ကျွန်တော်တို့ဆီ ပြန်ပို့ရမယ်။ ပြန်ပို့တဲ့အခါမှ ကျွန်တော်တို့က  ဒီနိုင်ငံမှာရှိတဲ့ အချက်အလက်တွေနဲ့ တိုက်စစ်ပြီးမှ မှန်တယ်လို့ ယူဆမှ ဘယ်သူတွေကို လက်ခံမယ်ဆိုတဲ့ နာမည်စာရင်းတွေကို  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးကို အကြောင်းပြန်မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သက်ဆိုင်ရာ လက်ခံရေး စခန်းတွေကို ပို့ပေးမှာပေါ့။ သူတို့ဖြည့်ထားတဲ့ ပုံစံနဲ့ လာတဲ့သူတွေနဲ့ ကိုက်မကိုက်ကို စိစစ်ပြီးမှ လက်ခံရမယ်။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့သူ မြန်မာနိုင်ငံမှာ နေခဲ့ဖူးတာ စိစစ်လို့ မှန်ရင်တော့ တောင်ပြိုလက်ဝဲ (ကုန်းလမ်း)၊ ငါးခူရ (ရေလမ်း) လမ်းကြောင်းနှစ်ခုက စိစစ်ပြီး လက်ခံမှာပါ။

Voice : ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသည့်  ဒုက္ခသည် ပြန်လက်ခံတဲ့ နေရာမှာ အသုံးပြုမယ့် ဘတ်ဂျက်ဘယ်လောက်ကုန်မလဲ။

MK : အဲဒါက  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး သူတို့က  ပိုသိနိုင်ပါတယ်။ မနေ့က ဆွေးနွေးပွဲမှာတော့  နှစ်ဘီလီယံလောက်တော့ အနည်းဆုံး ကုန်မယ်လို့ မှန်းထားကြတယ်။

ခင်မြတ်မြတ်ဝေ