News

POST TYPE

INTERVIEW

ခင်ဇာခြည်ကျော်နဲ့ တွေ့ဆုံခြင်း
28-Sep-2017
သရုပ်ဆောင် ခင်ဇာခြည်ကျော်နဲ့ တွေ့ဆုံပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်သံတွေညံခဲ့တဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင် ဇေရဲထက်နဲ့ ဇာတ်ဝင်ခန်း ဓာတ်ပုံတွေ အကြောင်း၊ ရိုက်ကွင်းနောက်ကွယ်က ပရိသတ်မသိတဲ့ ဖြစ်ရပ်များအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရာဇဝင် ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကို ဘာကြောင့် လက်ခံရိုက်ကူးဖြစ်ခဲ့တာလဲ ဆိုတာကို စပြီးပြောပြပေးပါဦး။ 

KZCK : အစ်မရဲ့ အနုပညာ သက်တမ်း အနှစ်နှစ်ဆယ်ကျော်မှာ ရိုးရိုးယဉ်ယဉ် ပုံစံမျိုးတွေပဲ ရိုက်ခဲ့တာပါ။ ၂၀၁၇ ခုနှစ်လည်း ရောက်နေ ပြီဆိုတော့ ခေတ်မီမီ ဇာတ်ကားတစ်ကားလောက် ရိုက်လိုက်မယ်ပေါ့နော်။ ကာရိုက်တာလည်း ပြောင်းမယ်ပေါ့။ ကိုယ်လည်း အရွယ်တစ်ခု ရောက်လာပြီ။ ကိုယ့်ကို ဒရာမာမင်းသမီး၊ အငိုပဲ ရတယ်လို့ ထင်နေကြတာတွေကိုလည်း ပြောင်းချင်တယ်။ ကိုယ့်ကို မြင်နေကျ ကာရိုက်တာမျိုးကနေပြောင်းပြီး သရုပ်ဆောင်ချင်တဲ့အတွက် အစ်မ ဒီဇာတ်ကားကို လက်ခံခဲ့တာပါ။

Voice : ဒီဇာတ်ကားမှာ ဇေရဲထက်နဲ့ အစ်မရဲ့ ဇာတ်ဝင်ခန်းဓာတ်ပုံတချို့အပေါ် ဝေဖန်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။

KZCK :  တကယ်တမ်းတော့ ဇာတ်ကားထဲမှာ ဒီလိုမျိုးတွေ မပါပါဘူး။ ဒါက ဓာတ်ပုံရိုက်ကြတာပါ။ အဲ့ဒီဇာတ်ကားထဲမှာ ကိုရဲအောင်က အစ်မယောက်ျားနေရာက သရုပ်ဆောင်ရတာပါ။ ဇေရဲထက်နဲ့ အစ်မနဲ့ ဖြစ်ပျက်တဲ့ဟာကို ဇေရဲက Selfie ပုံ ရိုက်ပြီးတော့ ကိုရဲအောင်ဆီကို ပို့မှာကိုး၊ အဲ့ဒီအတွက် ရိုက်ကြတာပါ။ ရိုက်ပြီးတော့ ဇေရဲထက်က ဓာတ်ပုံကို Crop လုပ်လိုက်တာ များသွားတယ်။ အခုခေတ်မှာ မော်ဒယ်လ်တွေဆို တစ်ဝက်တွေတောင် ပေါ်နေကြတာလေ။ အစ်မက အဲ့ဒီလိုလည်း ပေါ်တာမဟုတ်ဘူး။ ဒါရိုက်တာကလည်း အင်ဂျလီနာဂျိုလီလို ရှပ်အင်္ကျီလေး လျှောထားပေးပါတဲ့။ ဇေရဲထက်က ဓာတ်ပုံကို Crop လုပ်လိုက်တာ များသွားတော့ ပရိသတ်တွေ ပြောစရာ ဖြစ်သွားတာပါ။ ဒါပေမဲ့ အစ်မကတော့ သိပ်အပြောမခံရပါဘူး။ ဇေရဲပဲ အပြောခံရတာပါ။

Voice : ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေကိုရော ဒီဇာတ်ဝင်ခန်း ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်သေးလဲ။

KZCK :   အမှန်တော့ ဇေရဲထက်ကလည်း တမင်တကာ လုပ်တာတော့ မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးပေါက်အောင်၊ ပရိသတ် စိတ်ဝင်စားအောင် လုပ်လိုက်တယ်လို့ပဲ အစ်မ မြင်ပါတယ်။ ဒါက သရုပ်ဆောင်တယ်ဆိုတာ ကိုယ့်ရုပ်ရှင်အသိုင်းအဝိုင်းကလည်း သိနေကြတာပဲလေ။ ဒါကလည်း ဇာတ်ဝင်ခန်းအတွက် ဓာတ်ပုံရိုက်ရင်းနဲ့ ဖြစ်သွားတာဆိုတော့ အစ်မ အနေနဲ့ ဘာမှထွေထွေထူးထူး ရှင်းစရာတော့ မလိုပါဘူး။ တချို့ပရိသတ်တွေကျတော့ အမြင်အရမ်းကျဉ်းတယ်။ ခင်ဇာခြည်ကျော်ရဲ့ မိဘတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေက မပြောတော့ဘူးလားဆိုတော့ အစ်မရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်ပါတယ်။ အစ်မသားတွေ၊ သားသမီးတွေကလည်း အရွယ်ရောက်နေပြီ ဆိုတော့ သူတို့ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်ပါတယ်။ 

Voice : အစ်မရဲ့ Instagram မှာ Crop မလုပ်ရသေးတဲ့ ဇာတ်ဝင်ခန်း ဓာတ်ပုံတွေ ပြန်တင်ဖြစ်တာက ပရိသတ်တွေ အထင်မှားမှာစိုးလို့လား။

KZCK : ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်မဘက်က အကျယ်တဝင့်လည်း ပြန်ပြီး မရှင်းချင်ပါဘူး။ ကိုယ်ရှင်းလိုက်မှ ပိုပွသွားမှာလည်း စိုးပါတယ်။ အဲ့ဒါကြောင့် အစ်မရဲ့ Instagram မှာ ဇာတ်ဝင်ခန်း ဓာတ်ပုံတွေ အမှန်က ဒီလိုပါဆိုပြီး ဓာတ်ပုံနှစ်ပုံ တင်လိုက်ပါတယ်။ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားမှာ လှအုံးမယ်နဲ့ ရာဇဝင်တို့ ဘယ်လိုတွေ ရာဇဝင်ရိုင်းခဲ့လဲဆိုတာ ပိတ်ကားပေါ်မှာ ကြည့်ပါဆိုပြီး စာလေးလည်း ရေးပြီးတင်ခဲ့ပါတယ်။ ဒီဓာတ်ပုံတွေကို အွန်လိုင်းမီဒီယာတွေကလည်း ပြန်ဖော်ပြပေးတဲ့အတွက် အဖြစ်အပျက်အမှန်ကို ပရိသတ်တွေလည်း နားလည်သွားကြပါတယ်။

Voice : ဒီဓာတ်ပုံတွေ တက်လာတော့ အမေရိကမှာရှိတဲ့ အစ်မရဲ့ ချစ်သူကရော ဘာပြောသေးလဲ။

KZCK : အစ်မဘဝအတွက် ပထမဦးဆုံး ခေတ်ဆန်ဆန် ဇာတ်ကားတစ်ကားကို ရိုက်လိုက်တဲ့အခါမှာ တစ်ခါတည်းနဲ့ ပေါက်သွားတာပေါ့နော်။ အစ်မ ချစ်သူကိုလည်း အစ်မရိုက်တဲ့ ဇာတ်ကားတွေရဲ့ ဇာတ်ဝင်ခန်းပုံတွေ ပို့နေကျဆိုတော့ သူကတော့ နားလည်ပေးပါတယ်။ အစ်မတို့ ဒါအနုပညာအလုပ် လုပ်နေတယ်ဆိုတာ သူသိတယ်လေ။ နှင့်မို့ဆိုရင်တော့ ပြဿနာတွေ တက်ကုန်မှာလေ။ ဒီကိစ္စကြောင့် အစ်မအနေနဲ့ နည်းနည်းတော့ ယောက်ယက်ခတ်သွားတာပေါ့နော်။ ပရိသတ်တွေ နားလည်အောင်လည်း ပြန်ဖြေရှင်းရတာပေါ့။

Voice : အစ်မရဲ့ ချစ်သူက အပြင်လောကကဆိုတော့ ကိုယ့်ရဲ့ အနုပညာအလုပ်အပေါ်ရော ဘယ်လောက်အထိ နားလည်မှုပေးလဲ။

KZCK : သူကတော့ အများကြီး နားလည်မှု ပေးပါတယ်။ အစ်မကိုလည်း သူ ယုံတယ်လေ။ အဓိကကတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ဖို့ပဲ။ အစ်မကို သူ အပြည့်အဝ ယုံကြည်ထားတဲ့အတွက် ဒီဇာတ်ဝင်ခန်းပုံတွေနဲ့ ပတ်သက်ပြီး အစ်မရဲ့ Facebook ကနေ ဖြေရှင်းမယ်လို့ လုပ်တော့တောင် သူက မတင်ပါနဲ့တဲ့။ ဘာလုပ်မှာလဲတဲ့။ လူတွေပိုပြီး ပြောလိမ့်မယ်တဲ့။ အဲ့ဒါကြောင့် အစ်မရဲ့ Facebook မှာ မတင်ဘဲ Instagram မှာပဲ တင်ခဲ့တာပါ။

Voice :  အစ်မရဲ့ သားနဲ့ သမီးကလည်း အရွယ်ရောက်နေပြီဆိုတော့ သူတို့ကရော ဘာပြောကြသေးလဲ။

KZCK : သားနဲ့ သမီးကတော့ ပထမပိုင်းတော့ သိပ်မပြောဘူး။ နောက်ပိုင်းကျတော့ Facebook မှာ ရေးကြ၊ ပြောကြတာတွေက ဆိုးဆိုးလာတော့၊ အမေ့ဘက်က နည်းနည်းတော့ ပြောဖို့ လိုပြီထင်တယ်လို့တော့ သားက ပြောတယ်။ အစ်မ သမီးလေးကတော့ ငယ်သေးတော့ ဘာမှမပြောဘူး။ Facebook မှာကျတော့ ပရိသတ် အရမ်းများတဲ့အတွက် Instagram ကနေ ပြောလိုက်ပါ့မယ်ဆိုပြီး ပြန်ပြောရတယ်။ 

Voice :  အစ်မကို အားပေးနေတဲ့ ပရိသတ်တွေကို ပြောချင်တာတွေရှိရင် ဖြည့်စွက်ပြောပြပေးပါဦး။

KZCK : ပရိသတ်တွေကို အစ်မပြောချင်တာကတော့ နားလည်ပေးပါလို့။ ဇာတ်ကားထဲမှာလည်း ပရိသတ်တွေ ထင်နေသလို ဆိုးဆိုးဝါးဝါး ဇာတ်ဝင်ခန်းတွေ မပါပါဘူးလို့ ပြောချင်ပါတယ်။ အစ်မရဲ့ အနုပညာသက်တမ်း အနှစ်နှစ်ဆယ်ကျော်မှာ ရိုးရိုးယဉ်ယဉ် ပုံစံမျိုးတွေပဲ ရိုက်ခဲ့တယ်။ ဒရာမာ ဇာတ်လမ်းတွေ အရိုက်များခဲ့တယ်။ အစ်မတို့ မင်းသမီးဆိုတာက ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်ပြရတာပါ။ ပရိသတ်အတွက် ကာရိုက်တာပေါင်းစုံကို အစ်မ သရုပ်ဆောင်ပြချင်ပါတယ်။ အားပေးကြပါလို့ ပြောချင်ပါတယ်။

ဓာတ်ပုံ - ခင်ဇာခြည်ကျော် Facebook Page

သန့်ဇင်ဦး