News

POST TYPE

INTERVIEW

ဝါဆိုမိုးဦးနဲ့ တွေ့ဆုံခြင်း
လက်ရှိမှာ သရုပ်ဆောင်အပြင် ဂီတဘက်ကိုပါ ခြေဦးလှည့်လာတဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးနဲ့ တွေ့ဆုံပြီး ကိုယ်ပိုင်ထုတ်လုပ်ရိုက်ကူးသွားမယ့် ရုပ်ရှင်ကားအကြောင်း၊ ချစ်သူဖြိုးလေး (Snare) နဲ့ ရှေ့ဆက်သွားမယ့် ချစ်ခရီးအကြောင်းနဲ့အတူ မင်းသမီးတချို့ Body Shaming လုပ်ခံရခြင်းအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice :  ရုပ်ရှင်ကားကြီးတစ်ကားကိုလည်း ကိုယ်တိုင်ထုတ်လုပ်ပြီး ရိုက်ကူးသွားဖို့ စီစဉ်နေတယ် ဆိုတော့ ဘယ်တော့လောက် အကောင်အထည်ဖော်ဖြစ်မှာလဲ။

WSMO : ဝါဆိုက ကိုယ်ရိုက်ချင်တဲ့ဇာတ်လမ်းကို ထုတ်လုပ်သူအနေနဲ့ ရိုက်မှာပါ။ လောလောဆယ်မှာတော့ ဇာတ်လမ်းပိုင်းကို ရှာဖွေနေပါတယ်။ ဒါပေမဲ့ ဝါဆိုကြိုက်တဲ့ ဇာတ်လမ်းပုံစံကိုတော့ မတွေ့သေးပါဘူး။ အဲ့ဒါကြောင့် ၂၀၁၈ ခုနှစ်ထဲမှပဲ ရိုက်ဖြစ်မယ် ထင်တယ်။ 

Voice : စီးပွားရေးဘက်ကို စတင်ခြေချတော့မယ်ဆိုတဲ့ သဘောလား။

WSMO : အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝါဆိုက အသက်အရမ်းငယ်သေးတယ်။ အဲ့ဒါကြောင့် အနုပညာအလုပ်ကိုပဲ ဦးစားပေးပြီးလုပ်ချင်သေးတယ်။ ဒါပေမဲ့ အသက်နည်းနည်းကြီးလာရင်တော့ ကိုယ်တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ပေါင်းပြီးတော့ပဲဖြစ်ဖြစ် စီးပွားရေး တစ်ခုတော့ လုပ်ဖြစ်မှာပါ။

Voice :  ဘန်ကောက်ခရီးစဉ်မှာ ချစ်သူနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို Facebook ပေါ် တင်ထားတာ တွေ့ရတယ်၊ အချစ်ရေးက သာသာယာယာပဲလား။

WSMO : အချစ်ရေးနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးတော့ ပြောစရာ မရှိသေးပါဘူး။ လက်ရှိအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်က လူငယ်သဘာဝ ချစ်ကြိုက်ကြတာပါ။ ဝါဆိုတို့ရဲ့ အချစ်ရေးကို ပရိသတ်ကြီးလည်း သိပါတယ်။ ဒါပေမဲ့ လက်ထပ်ဖို့ကတော့ ကြာဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဝါဆိုမှာက လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ဝါဆိုအနေနဲ့ စီးပွားရေးလည်း လုပ်ဖို့ရှိသလို အနုပညာ အလုပ်တွေလည်း လုပ်ဖို့ရှိတယ်။ အထူးသဖြင့် အနုပညာဘက်မှာ ဝါဆိုက သရုပ်ဆောင်ရော အဆိုတော်ပါ လုပ်နေတော့ နှစ်ဖက်စလုံးမှာ မလစ်ဟင်းအောင် လုပ်ဆောင်နေရတာပေါ့နော်။

Voice :  အချစ်ရေးကို တစ်ယောက်နဲ့တစ်ယောက်က ဘယ်လိုနားလည်မှုတွေနဲ့ တည်ဆောက်ထားကြလဲ။

WSMO : ဝါဆိုက အရင်ကတည်းက တည်တည်ငြိမ်ငြိမ် နေရတာကို ကြိုက်တယ်။ Relationship တစ်ခုရှိပြီဆို အေးအေးဆေးဆေးလေးပဲ နေချင်တာများတယ်။ ချစ်သူတစ်ယောက်ပြီး တစ်ယောက် ပြောင်းတာမျိုးလည်း ကိုယ့်မှာမရှိခဲ့ဘူး။ ဒါပေမဲ့ ဖြစ်ချင်တော့ သူကလည်း အသက်ကြီးနေပြီလေ။ ကိုယ်နဲ့ကျမှ သူက တည်ငြိမ်သူကြီးဖြစ်တဲ့အချိန် ဖြစ်နေတယ်။ သူငြိမ်တဲ့အချိန်မှာ ကိုယ်က မငြိမ်ချင်ပြန်ဘူး။ ဟိုသွားချင်၊ ဒီသွားချင်တာမျိုးတွေ ရှိတယ်။ အဲ့ဒီအခါမျိုးတွေ ဆိုရင်တော့ စကားတွေများပြီး ပြဿနာလေးတွေ တက်တာပေါ့နော်။

Voice :  နှစ်ယောက်စလုံးက အနုပညာလောကထဲက ဆိုတော့ တစ်ယောက်ကိုတစ်ယောက် အကူအညီ ပေးတာမျိုးတွေ ရှိလား။

WSMO : သူနဲ့သက်ဆိုင်တဲ့ ဂီတပိုင်းနဲ့ ပတ်သက်လာရင်တော့ ကူညီပေးပါတယ်။ ညီမရှေ့မှာ ထွက်ထားတဲ့ ‘မိုက်လား..ပြောကြည့်’ ခွေမှာဆို တော်တော်လေး ကူညီထားပါတယ်။ သီချင်းတွေလည်း ရေးပေးသလို သီချင်းတွေလည်း ဆိုပေးပါတယ်။ 

Voice :  နောက်ပိုင်းမှာဆို မင်းသမီးတွေကို Body Shaming လုပ်လာကြတာ တွေ့ရတယ်၊ ကိုယ်ကိုယ်တိုင်ကလည်း Body Shaming လုပ်တာ ကြုံခဲ့ရသေးတယ်နော်။

WSMO : ကိုယ့်ခန္ဓာကိုယ်ကို သဘောကျတယ် ဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တာ မဟုတ်ပါဘူး၊ ပရိသတ်ကပဲ သတ်မှတ်ပေးတာပါ။ ဒါပေမဲ့ ဝါဆိုရဲ့စိတ်က မဟုတ်ရင် မခံတတ်တဲ့စိတ် ရှိတယ်။ မိသားစုမှာလည်း ဒီလိုပဲ၊ ဝါဆို့ကို မဟုတ်တာလာပြောရင် စိတ်ဆိုးတယ်၊ မခံနိုင်ဘူး။ တစ်ခုခုဆို ပြန်ရှင်းလိုက်ရမှ စိတ်ကျေနပ်သွားတယ်။ အဲ့ဒါကြောင့် ကိုယ်မဟုတ်တာ အပြောခံရတဲ့အပြင် ပရိသတ်တွေကို ကိုယ်ကလိမ်တယ် ဆိုတာမျိုး ဖြစ်သွားမှာစိုးလို့ ပြန်ဖြေရှင်းတာပဲ ရှိတယ်။ တခြားရည်ရွယ်ချက် မရှိပါဘူး။ အဲ့ဒီတုန်းကလည်း ဒီဇိုင်နာချုပ်ပေးတဲ့ ချုပ်ရိုးကိုက ဖြစ်နေတာပါ။ အဲ့ဒါကို လူတွေက အဲ့လိုမျိုးချုပ်ရိုး မရှိဘူး၊ မဖြစ်နိုင်ဘူးဆိုပြီး ပြောကြတယ်။ သူတို့ ပြောတာကိုကြားပြီး ရယ်ချင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို ကိုယ်ကိုယ့်ကိုယ်သာ အသိဆုံးပဲလေ။ 

Voice :  ကိုယ်လို Body Shaming လုပ်ခံရတဲ့ မင်းသမီးတွေကိုလည်း အားပေးစကား ပြောပေးပါဦး။

WSMO : ဝါဆို့အနေနဲ့ အားပေးစကား ပြောချင်တာက မခံစားပါနဲ့။ ဝတဲ့သူတွေလည်း စိတ်မညစ်ပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကြိုးစားရင် ဘာမဆို ဖြစ်တယ်လေ။ နောက်တစ်ခုက ဝါဆိုလိွုှ့ Workout လုပ်ထားတဲ့သူက ပိုသိတယ်၊ အရမ်းပင်ပန်းတယ်။ တစ်နေ့ကို ကယ်လိုရီ တစ်ရာလောက်ကျဖို့ အတွက်ကို အားသွန်ခွန်စိုက် လေ့ကျင့်ခန်း လုပ်ရတယ်။ ဝါဆိုဆို Gym မကစားတာ တစ်နှစ်လောက် ရှိသွားပြီ။ အဲ့ဒါကြောင့် ကိုယ်စားထားတဲ့ အဆီတွေက မိန်းကလေးတွေကျတော့ ခါးမှာသွားတက်ပြီး ဗိုက်ပူလာတယ်။ ကိုယ့်မှာ အဆီကြည့်လိုက်ရင် ဘာမှမဟုတ်ပေမယ့်လည်း အရမ်းချရခက်ပါတယ်။ အဲ့ဒီဖီလင်ကို သိတဲ့လူတစ်ယောက် အနေနဲ့ ကိုယ်ကြိုးစားပမ်းစားနဲ့ လှအောင်လုပ်ထားတဲ့ ခန္ဓာကိုယ်ကို ဘေးလူတွေက မဟုတ်ဘူးပြောတော့ စိတ်ထိခိုက်တာပေါ့နော်။

ဓာတ်ပုံ - ဝါဆိုမိုးဦး Facebook Page

ဝင်းထွန်းနိုင်