News

POST TYPE

INTERVIEW

G Fatt နဲ့ တွေ့ဆုံခြင်း
22-Sep-2017
ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုများစွာကို ရရှိထားတဲ့ Hip Hop လူငယ်တေးသံရှင် G Fatt နဲ့ တွေ့ဆုံပြီး Cherry FM ရှစ်နှစ်ပြည့်ပွဲမှာ သီဆိုဖျော်ဖြေခဲ့တဲ့ ‘စစ်’ သီချင်းအကြောင်း အပြည့်အစုံနဲ့အတူ ဒုတိယ တစ်ကိုယ်တော်ခွေအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။
 
Voice : လတ်တလောမှာ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ‘စစ်’ သီချင်းကို ရေးဖြစ်ပုံကနေ စပြောပေးပါဦး။

GF : လွန်ခဲ့တဲ့ တစ်နှစ်လောက်က ပြင်ဦးလွင်က အစ်မဆီ ကျွန်တော် သွားလည်တယ်။ အစ်မ အမျိုးသားက စစ်သားဆိုတော့ ကျွန်တော် သွားလည်တဲ့အချိန်မှာ အဲ့ဒီက ဗိုလ်ကြီးတွေနဲ့ ခင်သွားတယ်။ ကိုယ်သွားတာကလည်း နှစ်ပတ်၊ သုံးပတ်လောက်ကြာတော့ ညဘက်တွေဆို သူတို့နဲ့ စကားတွေ ပြောဖြစ်တယ်။ သူတို့ စစ်တိုက်သွားရတဲ့ အကြောင်းတွေ၊ သူတို့ကိုယ်တိုင် စစ်မတိုက်ချင်တော့ဘူးဆိုတဲ့ အကြောင်းတွေကို ကျွန်တော့်ကို ပြောပြတယ်။ သူတို့ပြောပြတဲ့ အကြောင်းအရာလေးတွေကို နားထောင်ပြီး သီချင်းရေးချင်စိတ် ဖြစ်လာတာနဲ့ ‘စစ်’ သီချင်းကို ရေးဖြစ်တာပါ။ 

Voice : အချစ်သီချင်းတွေ၊ အသည်းကွဲသီချင်းတွေ၊ ဘဝသီချင်းတွေ ရေးခဲ့တဲ့ လူတစ်ယောက်က စစ် သီချင်းရေးဖို့အတွက် Mood တော်တော်ယူခဲ့ရလား။

GF : ဒီသီချင်းကို ပြင်ဦးလွင်မှာပဲ အားချင်းရေးမယ်ဆိုပြီး လုပ်တာပေါ့နော်။ အဲ့ဒါနဲ့ သီချင်းရဲ့ နောက်ဆုံးပိုဒ်ကို အရင်ဆုံး ရေးလိုက်တယ်။ ဒါပေမဲ့ နောက်ထပ် ဆက်ရေးလို့ မရတော့ဘူး။ ကျွန်တော့်မှာ စစ်ရဲ့ Mood ကို မရဘူး ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ရန်ကုန် ပြန်လာတယ်။ ဒီရောက်တော့လည်း ဆက်မရေးဖြစ်ဘဲ သူငယ်ချင်းတွေနဲ့ ဂစ်တာတီးပြီး ဆိုရင်လည်း ရေးထားတဲ့ တစ်ပိုဒ်ကိုပဲ ဆိုခဲ့တယ်။ နောက်ဆုံး ဗထူးစစ်တပ်ကို ထပ်ရောက်မှ အဲ့ဒီအငွေ့အသက်လေး ပြန်ရပြီး ဆက်ရေးဖြစ်သွားတာပါ။ Mood  ပြန်ရဖို့ စောင့်နေရတာနဲ့ ဒီသီချင်းက တော်တော်လေး ကြာသွားတယ်။ သီချင်းတစ်ပိုဒ်လုံးကို ရေးလို့ပြီးတာတောင် မကြာသေးပါဘူး။

Voice : Cherry FM ရှစ်နှစ်ပြည့်ပွဲမှာ ဆိုဖြစ်သွားတဲ့ စိတ်ကူးကိုလည်း သိချင်ပါသေးတယ်။

GF : ဒီသီချင်းက ကျွန်တော့်ရဲ့ ဒုတိယခွေမှာ ထည့်ဖို့ပါ။ ဒါပေမဲ့ Cherry FM က သီချင်းလိုလို့ တောင်းတာနဲ့ ဘယ်သီချင်းကိုပေးရင် ကောင်းမလဲဆိုပြီး စဉ်းစားတယ်။ နောက်ဆုံး သူတို့ကို ‘စစ်’ သီချင်းပေးမယ်၊ ဒီသီချင်းရဲ့ Music Video သေချာရိုက်ပေးပါလို့ တောင်းဆိုလိုက်တယ်။ အဲ့ဒါနဲ့ Cherry FM ပွဲမှာ ဆိုဖြစ်သွားတာပါ။

Voice : စစ်သီချင်း ဆိုရတာက ပထမဆုံးဆိုတော့ စိတ်ခံစားမှုက ပြောင်းလဲမှု ရှိခဲ့လား။

GF : ကျွန်တော့်ရဲ့ ခံယူချက်တွေက တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော့် စိတ်ထဲမှာ ခံစားရတဲ့ အရာကိုပဲ ပရိသတ်ကို ပြချင်တော့တယ်။ ရှေ့ပိုင်းမှာ ကျွန်တော် ဘာလို့ အချစ်သီချင်းတွေ များခဲ့လဲ မေးလို့ရှိရင်တော့ ကျွန်တော်ချစ်နေခဲ့လို့ နေမှာပေါ့နော်။ ကိုးတန်း၊ ဆယ်တန်းလောက်က ခံစားချက်တွေ၊ နိုင်ငံခြားထွက်သွားတဲ့ ကောင်မလေး၊ ကွဲသွားတဲ့ ရည်းစားတွေနဲ့ ပတ်သက်တဲ့ ခံစားချက်တွေက တောက်လျှောက်ဖြစ်ခဲ့တော့ အချစ်သီချင်းတွေပဲ ထွက်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကျွန်တော် ခံစားလို့ ရသမျှ အားလုံးက သီချင်းအဖြစ် ထွက်လာမှာပါ။ ဒီ ‘စစ်’ သီချင်းဆိုရင်လည်း Cherry FM ပွဲမှာ ဆိုလိုက်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်တယ်။ ကျွန်တော်ကျေနပ်တာကြောင့် အောင်မြင်သလို ခံစားရတယ်။ ကြိုက်တာ၊ မကြိုက်တာကိုတော့ ပရိသတ်က ဆုံးဖြတ်မှာပေါ့နော်။ သူတို့ရင်ထဲကို ဘယ်လောက်ထိ ရောက်မလဲဆိုတာ ကျွန်တော် မသိဘူးလေ။ 

Voice : စစ်သီချင်းဆိုတော့ ထွက်လာတဲ့အခါမှာ ဝေဖန်မှုတွေ မကြုံတွေ့ရဘူးလို့လည်း တပ်အပ်မပြောနိုင်တော့ ပရိသတ်ကိုကြိုပြီး မေတ္တာရပ်ခံထားချင်တာမျိုး ရှိလား။

GF : ကျွန်တော်ကတော့ စိတ်ရှင်းပါတယ်။ ဒီသီချင်းက ဘယ်သူ့ဘယ်သူကိုမှ တည်ရေးတာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အရမ်းခင်တဲ့ ဗိုလ်ကြီးတွေရဲ့ လက်ရှိဖြစ်နေတဲ့ စိတ်ခံစားမှုတွေကို ကျွန်တော်က ပြန်ခံစားပြီး ရေးထားတာပါ။ ဒီသီချင်းက ငြိမ်းချမ်းရေးသီချင်း ဖြစ်တယ်။ အဓိက စစ်ပွဲတွေ ထပ်မဖြစ်စေချင်ဘူး။ ဘယ်သူနဲ့ဘယ်သူ တိုက်ခိုက်နေကြတယ် ဆိုတာကိုလည်း မလိုလားဘူး ဆိုတာ ပြချင်တာပါ။ ဒီသီချင်းမှာ ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ ရေးထာတာ ဘာမှမပါပါဘူး။ 

Voice : Music Video ကို ရိုက်ဖို့စဉ်းစားထားပြီလား၊ ဘယ်လိုမျိုး ပုံစံရိုက်သွားမှာလဲ။

GF : လောလောဆယ်မှာတော့ ကျွန်တော်တို့ တိုင်ပင်နေတုန်းပါပဲ။ အဲ့ဒါကြောင့် ဘယ်လိုပုံစံရိုက်မယ် ဆိုတာကို အတိအကျ မပြောနိုင်သေးဘူး။ ဒီသီချင်းက ကျွန်တော့်ဘဝအတွက် အမှတ်တရလည်း ဖြစ်တော့ သေသေချာချာလေး ရိုက်ချင်တယ်။ ဒါပေမဲ့ သေချာတာကတော့ စစ်ပွဲပုံစံ ရိုက်မှာပါ။ ဒီလကုန်ခါနီးလောက်မှာ ရိုက်ကူးသွားဖို့ ရှိပါတယ်။ 

Voice : ဒုတိယ တစ်ကိုယ်တော်ခွေက ထွက်ဖို့နီးနေပြီလား၊ Title က အပြောင်းအလဲ ရှိသေးလား။

GF : ကျွန်တော့်ရဲ့ ဒုတိယခွေက ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ အဲ့ဒါကြောင့် ခွေကတော့ ဒီနှစ်ထဲမှာပဲ ထွက်လာပါလိမ့်မယ်။ Title ကိုတော့ လောလောဆယ်မှာ ‘၁၂၀/ ဘီ’ ဆိုပြီး ယာယီပေးထားတုန်းပါပဲ။ ဒါပေမဲ့ ပြောင်းချင်လည်း ပြောင်းမှာပေါ့နော်။ ခွေမှာ သီချင်းပုံစံတွေကတော့ ပထမခွေနဲ့ မတူတော့ပါဘူး။ မတူတဲ့ Music စတိုင်တွေအပြင် အကြောင်းအရာတွေ အများကြီး လုပ်ထားပါတယ်။ ကျွန်တော် လုပ်ချင်တာတွေကို စုံနေအောင် လုပ်ထားတာပေါ့နော်။

ဝင်းထွန်းနိုင်