News

POST TYPE

INTERVIEW

ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်နှင့် တွေ့ဆုံခြင်း
20-Sep-2017
မြန်မာနိုင်ငံတွင် ကွမ်းယာနှင့် ဆေးရွက်ကြီး ပစ္စည်းစားသုံးမှု မြင့်မားလာပြီး ယင်းတို့ကြောင့် ကင်ဆာရောဂါများ ဖြစ်ပွားကာ အရွယ်မတိုင်မီ အသက်သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။ ထိုရောဂါဖြစ်ပွားမှုများ လျော့နည်းရေးအတွက် သက်ဆိုင်ရာ နှီးနွှယ်ဌာနများက ဆောင်ရွက်နေသည်များနှင့် ယင်းတို့ကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ အခြေအနေများကို သိရှိစေနိုင်ရန် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : ကွမ်းယာ၊ ဆေးရွက်ကြီးပစ္စည်း စားသုံးမှုနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ် လုပ်ဆောင်ရတဲ့အကြောင်း ရှင်းပြပေးပါဦး။
Dr.TS : ကွမ်းယာနဲ့ ဆေးရွက်ကြီးပစ္စည်း စားသုံးမှု လျော့နည်းရေးအတွက် မီဒီယာကတစ်ဆင့် ပြည်သူကို ကျန်းမာရေးပညာပေး လှုံ့ဆော်တဲ့ အစီအစဉ်ကို တစ်လခွဲအကြာလုပ်မယ်။ တစ်နိုင်လုံးကို မီဒီယာကနေတစ်ဆင့်ဖြစ်တဲ့ တီဗီ၊ ရေဒီယိုတွေအပြင် လူများတဲ့ တချို့နေရာတွေမှာ ပိုစတာတွေ ထုတ်ပြီး လူတွေကို ပညာပေး စည်းရုံးတာပေါ့။ “နောင်တမရအောင် ကွမ်းယာကိုရှောင်”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒီပိုစတာရုပ်ပုံတွေ ကြည့်ပြီး ကြောက်သွားအောင် ပညာပေးအနေနဲ့ လုပ်တာပါ။ မြန်မာနိုင်ငံမှာ ကွမ်းစားမှုက တော်တော်လေးကို များလာတယ်။ ၂၀၁၆ ခုနှစ် မေလတုန်းက အစိုးရအဖွဲ့ ကိုယ်တိုင် ဦးဆောင်ပြီး ကွမ်းစားတာနဲ့ပတ်သက်လို့ ပြည်သူလူထု အသိပညာပေး လှုံ့ဆော်မှု ဆောင်ရွက်ပါ ဆိုပြီးတော့ လမ်းညွှန်ချက် ချထားပေမယ့်လို့ အစိုးရ ရုံးတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေမှာလည်း ကွမ်းစားတုန်းပဲ။ ဒီတော့ လူထုပညာပေး လှုံ့ဆော်မှပဲဖြစ်မယ်ဆိုပြီး ဒါကို ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာပါ။

Voice : ဒီလို ပညာပေး အစီအစဉ်တွေက လူထုအတွက် ဘယ်လောက်ထိ အကျိုး ရှိလာနိုင်မယ်လို့ မျှော်လင့်ပါသလဲ။
Dr.TS : ဆရာတို့ လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ ထိရောက်မှုအနေနဲ့ မီဒီယာကို သုံးတယ်။ မီဒီယာနဲ့ ပညာပေးတာ ပြည်သူကို ဘယ်လောက်ထိ ထိရောက်မှု ရှိလဲဆိုတာကို လေ့လာ သုံးသပ်သွားမယ်။ တယ်လီဗီးရှင်းနဲ့ ရေဒီယိုမီဒီယာတွေက တစ်နိုင်ငံလုံးအနှံ့ ရောက်တာလေ။ အဓိကတော့ ကွမ်းကြောင့် လူတွေက ရောဂါ ရတတ်တယ် ဆိုတာကို လူအများ သိအောင် လုပ်လိုက်တာပေါ့။ တချို့ကလည်း သိပြီးသားပေမယ့် ဘာကြောင့်ဆိုတာ ဒီလိုပညာပေးတွေကတစ်ဆင့် မြင်လိုက်ရင် မကောင်းတာကို လူပိုသိလာအောင် လုပ်ချင်တာပါ။ ဘယ်လောက် အတိုင်းအတာအထိ အောင်မြင်မလဲဆိုတာတော့ ဒီတစ်လခွဲပြီးမှပဲ သိရမယ်။

Voice : ကွမ်းရွက်ကို ဆေးဖက်ဝင်အရွက်တစ်ခုအနေနဲ့ သိထားခဲ့ပါတယ်။ အခုချိန်မှာ ကွမ်းစားတာကြောင့် ရောဂါတွေ ဖြစ်လာတယ်ဆိုတော့ ဘယ်လို အကြောင်းရင်းတွေကြောင့် ဆိုတာလည်း ရှင်းပြပေးပါဦး။
Dr.TS : ရှေးတုန်းက ကွမ်းစားတယ်ဆိုတာ ကွမ်းရွက်၊ ကွမ်းသီး၊ နွယ်ချို၊ စမုန်စပါး စတာတွေနဲ့ စားတယ်။ အစာကြေတယ်၊ လေချဉ်တက်တာ သက်သာတယ် ဆိုပြီးတော့ အစာ စားပြီးတဲ့အချိန်မှာ စားကြတာပေါ့။ ဟိုးအရင်တုန်းကလည်း ဆေးရွက်ကြီး စားကြပေမယ့် လူတစ်ရာမှာ ကိုးဆယ်ရာခိုင်နှုန်းက ထည့်မစားကြဘူး။ ဒီနေ့ခေတ်မှာတော့ ပြောင်းပြန်ဖြစ်သွားတယ်။ အစာကြေစားသလို ကွမ်းအချိုစားတဲ့သူ နည်းသွားတယ်။ ကွမ်းထဲမှာ ဆေးရွက်ကြီးကို မျိုးစုံပြုလုပ်ထားတဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေက ဒုက္ခပေးတာပါ။ အဲဒီထဲမှာ ဓာတုဗေဒပစ္စည်း လေးထောင်လောက်ရှိတယ်။ ဒါတွေက လည်ချောင်းကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ စတဲ့ရောဂါ မျိုးစုံကိုဖြစ်တယ်။ နောက်ဆုံး နှလုံးရောဂါဖြစ်ရင်လည်း သွေးကြောပိတ်ပြီး သေတာမျိုးအပြင် သွေးကြောပိတ်ပြီး ခြေပုပ်လက်ပုပ်ဖြစ် သေတာတွေက ဆေးရွက်ကြီးစားလို့ဖြစ်တဲ့ ရောဂါတွေချည်းပဲ။ ကွမ်းရွက်ချည်းပဲကတော့ တိုင်းရင်းဆေးမှာတောင် ဆေးဖက်ဝင်တယ်လို့ ဆိုထားတာ။ ကွမ်းကို ဆေးရွက်ကြီးနဲ့ရောလို့ ဒုက္ခဖြစ်သွားတာ။ ရောဂါဖြစ်တာ စောစောသိပြီး ကုသနိုင်ရင် ပျောက်တယ်လို့ ဆိုသော်ငြားလည်း များသောအားဖြင့် ကင်ဆာဖြစ်ပြီဆိုရင် ကုလို့မရတဲ့ ကင်ဆာတွေဖြစ်တာ များတယ်။ ပါးတစ်ခုလုံးကိုစားနေတဲ့ ပါးစောင်ကင်ဆာ၊ လည်ပင်းကင်ဆာဆိုလည်း လည်ပင်း လေပေါက်ဖောက်ပြီး ထားရတယ်။ ဓာတ်ရောင်ခြည် ကင်ရတယ်။ ကင်ဆာမျိုးစုံဖြစ်တယ်။ သုတေသနတွေအရတော့ ကင်ဆာရောဂါရယ်လို့ဖြစ်ပြီး လာကုတဲ့သူတွေက အလွန်ဆုံး တစ်နှစ်၊ ၂ နှစ်မှာပဲ ကွယ်လွန် သွားကြတာကို တွေ့တယ်။ ဒီတော့ မဖြစ်ခင်ကတည်းက ဒါတွေကိုရှောင်ဖို့ လိုတာပေါ့။

Voice : စားသုံးမှုများတဲ့ အရွယ်နဲ့ ဘယ်လိုအကြောင်းတွေက ရောဂါ ပိုမိုဖြစ်ပွားစေပါသလဲ။
Dr.TS : အခု ကွမ်းစားတာက ၁၃ နှစ်ကနေ ၁၅ နှစ် အရွယ်တွေ များလာတယ်။ အဲလိုအရွယ်လောက်ကစပြီး ကွမ်းစားတဲ့အတွက် အသက် ၃၅၊ ၄၀ လောက်ဆိုရင် ရောဂါဖြစ်ရော။ ဒီတော့ စမစားမိတာ အကောင်းဆုံးပဲ။ စားမိရင်လည်း ဖြတ်ပါ။ ဆေးရွက်ကြီးကစွဲတယ်။ နီကိုဒင်းဓာတ်တွေက ဘိန်းစွဲသလို စွဲစေတဲ့အတွက် ဖြတ်မရဘူး။ နောက်ပိုဆိုးတာက ကွမ်းသီးပါ။ ကွမ်းသီးတွေက အရင်ကတော့ သဘာဝ ကွမ်းသီးပါ။ အခုက ကွမ်းသီးကို ဓာတုဗေဒ ဆေးတွေနဲ့ မျိုးစုံပြုပြင် လာကြတယ်။ အရောင်ချွတ်တာ၊ အရောင်ဆိုးတာ၊ မှိုမတက်အောင် လုပ်လာကြတယ်။ ကွမ်းသီးချည်းပဲကလည်း လူကို ကင်ဆာဖြစ်စေတတ်တဲ့ ဓာတ်တွေပါတယ်။ ဓာတုဗေဒ ပစ္စည်းတွေပါ ပေါင်းလိုက်တဲ့အခါ ကျတော့ ပိုပြီးဆိုးတာပေါ့။ 

Voice : ဒီလို ကွမ်းနဲ့ ဆေးရွက်ကြီး ပစ္စည်းတွေကြောင့် ရောဂါဖြစ်တယ်ဆိုတာ သိတဲ့သူတွေလည်း သိကြတယ်။ ဒါပေမဲ့ ပိုပြီးစားလာကြတဲ့အပေါ် ဆရာ့အနေနဲ့ ဘယ်လိုမျိုးမှတ်ချက်ပေးချင်ပါသလဲ။
Dr.TS : လက်ရှိစားနေတဲ့သူတွေက ဆေးရွက်ကြီးက စွဲတတ်တော့ ဒါကို မဖျောက်နိုင်လို့ ဖြစ်တာပဲ။ တကယ့်ကို ကွမ်းတို့၊ ဆေးလိပ်တို့ ဖြတ်ချင်တဲ့စိတ် ရှိတဲ့သူတွေက ဖြတ်ရင် ပြတ်သွားတာပါပဲ။ ဆရာတို့အနေနဲ့တော့ ဘာမှကို မစားဖူးသေးတဲ့ လူငယ်တွေကို ဒါတွေကြောင့် ဒီလိုရောဂါတွေ ဖြစ်တတ်တယ်ဆိုတာ သိပြီးကြောက်သွားအောင် စည်းရုံးနိုင်မယ်ဆိုရင် နောက်ပိုင်းတော့ လျော့ကျမယ်လို့ ယူဆပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ


  • VIA