News

POST TYPE

INTERVIEW

မိုးဟေကိုနဲ့ တွေ့ဆုံခြင်း
နာမည်ကျော် သရုပ်ဆောင် မိုးဟေကိုနဲ့ တွေ့ဆုံပြီး သူငယ်ချင်းတွေနဲ့ ပူးပေါင်းဖွင့်လှစ်လိုက်တဲ့ Moe Fabric House ဆိုင်အကြောင်း၊ လက်ရှိရိုက်ကူးနေတဲ့ ‘သူ့နာမည် ရွှေရုပ်’ ရုပ်ရှင် ဇာတ်ကားအကြောင်းနဲ့ Facebook မှာ Fan Page  မထားဖြစ်တဲ့ အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice :  ဘောက်ထော် ပြည်သာယာလမ်းနဲ့ ဆေးရုံလမ်းထောင့်မှာ ဖွင့်လိုက်တဲ့ Moe Fabric House ဆိုင်အကြောင်းကနေ စပြီး ပြောပြပေးပါဦး။

MHK : မိုးတို့က လုပ်ငန်း တိုးချဲ့ချင်တဲ့အတွက် ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိမယ့် နေရာကို ပြောင်းလာခဲ့တာပါ။ ဒီဆိုင်က သူငယ်ချင်းနဲ့ စပ်တူပေါင်းပြီး ဖွင့်တာပါ။ သူငယ်ချင်းကလည်း ဒီဇိုင်နာဆိုတော့ ဆိုင်သစ်မှာ  ချုပ်ထည်တွေပါ လက်ခံပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် ဆိုင်စဖွင့်ကတည်းက ဆိုင်ကိုလာတဲ့ Customer တွေက အပ်ထည်လက်ခံလားဆိုပြီး အမြဲမေးတယ်။ အဲ့ဒီတုန်းကတော့ မိုးတို့လည်း လုပ်ငန်းလည်ပတ်စဖြစ်တဲ့အတွက် အပ်ထည်ချုပ်ပေးမယ့် ဒီဇိုင်နာဆီကိုပဲ ညွှန်ပေးလိုက်တယ်။ အခုကျတော့ ကိုယ့်ဆိုင်မှာလည်း ဒီဇိုင်နာရှိပြီ ဆိုတော့ ပိတ်စတစ်ခါတည်း ဝယ်ပြီး၊ ကိုယ်ချုပ်ချင်တဲ့ပုံစံကို တစ်ခါတည်း အပ်လို့ရတယ်။ 

Voice :  မိုးဆိုင်မှာ ဇာနဲ့ ချိတ်တွေ အမျိုးအစားစုံ ခင်းကျင်းထားတာ တွေ့ရတယ်။ ဘယ်နိုင်ငံက တင်သွင်းတာလဲ။ 

MHK : ဆိုင်မှာတော့ နိုင်ငံပေါင်းစုံက ဇာတွေ အကုန်တင်သွင်းထားတယ်။ ချိတ်တွေဆိုလည်း မျိုးစုံတင်ပေးထားတယ်။ ဈေးဝယ်သူကလည်း မျိုးစုံရှိတယ်လေ။ ငွေကြေးတတ်နိုင်တဲ့သူ ရှိသလို၊ ကိုယ်လိုချင်တာကို ချင့်ချိန်ပြီး ဝယ်ရတဲ့သူတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် မိုးတို့ က ၄၅၀၀ တန်ကစပြီး ဝယ်လို့ရနိုင်အောင် စီစဉ်ပေးထားတယ်။ တချို့ကျတော့လည်း မင်းသမီးဖွင့်တဲ့ ဆိုင်ဆိုတော့ ဈေးကြီးမှာပဲလို့ ထင်ကြတယ်။ ဒါပေမဲ့ ကိုယ်တိုင်လာဝယ်ကြည့်တဲ့အခါမှာ ဈေးတန်တာကို တွေ့ရတော့ ဈေးဝယ်သူတွေလည်း ပျော်သွားကြတယ်။ ကိုယ့်ဆိုင်ကို လာအားပေးတဲ့သူတွေ စိတ်ချမ်းသာတာမြင်တော့ မိုးတို့လည်း ပျော်ရပါတယ်။ မိုးတို့ သူငယ်ချင်းတွေ ပေါင်းပြီး ဒီဆိုင်ဖွင့်တယ် ဆိုတာကလည်း စီးပွားရေးသီးသန့်ကြီး ဆိုတာထက် အားလုံးကလည်း ဇာတွေ၊ ချိတ်တွေ ဝတ်ရတာကို ဝါသနာပါတယ်။ ဈေးရောင်းရတာကိုလည်း ပျော်တဲ့အတွက် ဖွင့်ဖြစ်ကြတာပါ။

Voice :  မိုးက အနုပညာလောကထက် စီးပွားရေး လောကဘက်မှာ ပိုပြီး ပျော်နေပြီလား။ မင်းသမီးတစ်ယောက် အနေနဲ့ စီးပွားရေး စလုပ်တဲ့အခါမှာရော ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ။

MHK : အခက်အခဲတွေ အများကြီး ကြုံရတာပေါ့။ သို့ပေမယ့် ဘုရားတရား ကျေးဇူးကြောင့်လား၊ မိဘကို ရိုသေတဲ့ ကျေးဇူးကြောင့်လားတော့ မသိဘူး။ အခက်အခဲတွေ ကိုယ့်ဆီရောက်လာပေမယ့် အခက်အခဲမှန်း မသိလိုက်အောင်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်။ အဲ့ဒါကြောင့် ကြီးကြီးမားမား အခက်အခဲရယ်လို့ ကြုံခဲ့ရတာမျိုးတော့ မရှိပါဘူး။ အခက်အခဲ မရှိဘူး၊ မဟုတ်ဘူး။ ရှိတော့ရှိတယ်။ ဒါပေမဲ့ ကိုယ်မဖြေရှင်းနိုင်လောက်တဲ့ အခက်အခဲမျိုးတော့ မတွေ့ခဲ့ရဘူးလို့ ပြောချင်တာပါ။ ကိုယ်က အနုပညာအလုပ်ကိုပဲ တောက်လျှောက်လုပ်ခဲ့တာ ဆိုတော့ စီးပွားရေး စလုပ်တဲ့အချိန်မှာ အတွေ့အကြုံတွေလည်း အများကြီး ရခဲ့ပါတယ်။

Voice : ကိုယ်အောင်မြင်နေဆဲ အချိန်မှာပဲ အနုပညာအလုပ်တွေကို လျှော့ပြီး စီးပွားရေး အလုပ်တွေစ လုပ်ဖြစ်တာက ဘယ်လိုကြောင့်လဲ။

MHK : မိုးကို မိဘတွေက အမြဲတမ်း ပြောပါတယ်။ အနုပညာအလုပ် လုပ်နေတဲ့အချိန်မှာ စီးပွားရေးလေးပါ တွဲလုပ်စေချင်တယ်တဲ့။ အနုပညာမှာရော၊ စီးပွားရေးပိုင်းမှာပါ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်စေချင်ကြတယ်။ အဲ့ဒါကြောင့် မိဘတွေရဲ့  ဆန္ဒပါသလို၊ ကိုယ်တိုင်ကလည်း လုပ်ချင်စိတ် ပြင်းပြလို့ စီးပွားရေး လုပ်ငန်းတွေ စလုပ်ဖြစ်ခဲ့တာပါ။ မိုး ပရိသတ်တွေကို ပြောထားသလိုပဲ။ ဇာတ်ကားတွေ လုံးဝမရိုက်တော့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေ့ရဲ့ ကျန်းမာရေးရယ်၊ သရုပ်ဆောင် အလုပ်ရယ်၊ ကိုယ်တိုင်တည်ထောင်ထားတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အတွက်ရယ်၊ စီးပွားရေးဘက်ကိုပါ အချိန်တွေ မျှပေးပြီး လုပ်နေပါတယ်။ 

Voice : မိုးရဲ့ ထုတ်လုပ်ရေးက လက်ရှိ ရိုက်နေတဲ့ ‘သူ့နာမည် ရွှေရုပ်’ ရုပ်ရှင်က အက်ရှင်ဇာတ်ကားနော်။ အက်ရှင်ဇာတ်ကားမှာ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ဖြစ်တာကရော ဘာကြောင့်လဲ။

MHK : ဒီဇာတ်ကားက မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ကိုးကားမြောက် ရုပ်ရှင်ဇာတ်ကားပါ။ ဒီကားမှာ မင်းသမီးကတော့ သင်ဇာဝင့်ကျော်နဲ့ မိုး ပါမယ်။ မင်းသားတွေလည်း အများကြီး ပါပါသေးတယ်။ ပရိသတ်တွေကလည်း မိုးကို ဇာတ်ကားတွေ ရိုက်ပေးဖို့ အရမ်းတောင်းဆိုတယ်။ သူများတိုက်တွေက ကမ်းလှမ်းလာရင်လည်း အချိန်မပေးဖြစ်တာ များတယ်။ အထူးသဖြင့် အမေ့ကျန်းမာရေး မကောင်းလို့ ရှုတင်ဖျက်ရရင် ကျန်တဲ့သူတွေကိုလည်း အားနာတယ်။ ကိုယ့်တိုက်နဲ့ကိုယ်ဆို အချိန်ပေးပြီးလည်း ရိုက်လို့ရတယ်။ တစ်ခုခုဆိုလည်း ညှိလို့ရတယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေက ကြည့်ချင်သေးတယ်၊ မြင်ချင်သေးတယ် ဆိုတော့ ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ဖြစ်တာပါ။

Voice : ကိုယ်တိုင်က အက်ရှင်ဇာတ်ကားတွေ သိပ်မရိုက်ဖူးဘူးနော်။ ကိုယ့်အတွက် ဘယ်လိုအခက်အခဲတွေ ရှိနိုင်မလဲ။

MHK : ကိုစတီးလ် လာပေးတဲ့ ဇာတ်လမ်းလေးကို ဖတ်ကြည့်တဲ့အချိန်မှာ သဘောကျသွားတဲ့ အတွက် မိုးတို့ ထုတ်လုပ် ရေးကနေ ရိုက်ဖြစ်တာပါ။ ကိုယ်နဲ့လည်း လိုက်ဖက်မယ်လို့လည်း ထင်တယ်။ ကိုယ်ကိုယ်တိုင်က သဘောကျသလို၊ ကြည့်ရတဲ့ ပရိသတ်တွေ အတွက်လည်း အသစ်အဆန်း ဖြစ်မယ်ထင်လို့၊ ရိုက်ဖြစ်တာပါ။ ရုပ်ရှင်ဇာတ်ကား ရုံတင်ရင် ပရိသတ်တွေ ကြိုက်နိုင်မယ့် ဇာတ်လမ်းမျိုးဖြစ်မှပဲ အဆင်ပြေမှာလေ။ ဒီဇာတ်ကားအတွက်လည်း လိုအပ်တာတွေ ပြင်ဆင်ရတယ်။ အမေ့ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရသေးတယ်။ ဆိုင်ဖွင့်လို့လည်း လုပ်ရသေးတာ ဆိုတော့ လူတောင် နည်းနည်းပိန်သွားတယ်။

Voice : အနုပညာရှင် အများစုက လူမှုကွန်ရက်တွေ သုံးကြပေမယ့်၊ မိုးမှာ  Fan Pageတွေ ဘာတွေထားတာ မတွေ့ရဘူးနော်။ အဲ့ဒါဘာကြောင့်ဖြစ်မလဲ။

MHK :  မိုးကလေ အရင်ကတည်းက ကိုယ့်ပုံကိုယ် ရိုက်ရိုက်ပြီး Facebook ပေါ်တင်ရမှာကို စိတ်ထဲမှာ သိပ်မပါဘူး။ ကိုယ်က သရုပ်ဆောင်တစ်ယောက် ဖြစ်တော့ ရိုက်ကွင်းပေါ်မှာလည်း ရိုက်ရတယ်။ ကိုယ့်ရဲ့  Facebook  Page မှာ ဓာတ်ပုံတွေတင်ဖို့ကို သက်သက်အချိန်ပေးပြီး မရိုက်ဖြစ်တော့ဘူး။ အဲ့ဒါက မိုးရဲ့ အားနည်းချက်ပါ။ ကိုယ့်မှာက မိသားစုကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ စီးပွားရေးကိစ္စတေ အတွက်လည်း အချိန်ပေးရသေးတယ်။ သူငယ်ချင်းတွေကလည်း Social Media တွေသုံးဖို့ တိုက်တွန်းပေမယ့် သုံးလည်း မသုံးတတ်ဘူး။ သုံးလည်း မသုံးချင်ဘူး။ သုံးရတာလည်း ဝါသနာမပါဘူး။ Facebookမှာ ဗဟုဟုတရစရာ သတင်းတွေ ဆိုရင်တော့ ဖတ်တယ်။ လေ့လာစရာတွေ့ရင် လေ့လာပါတယ်။ ကိုယ့်ရဲ့  Facebook Page မှာ ကိုယ့်ပုံကိုယ်တင်ဖို့တော့ သိပ်ပြီး အားမသန်ဘူး။ အဲ့ဒါက မိုးရဲ့ အားနည်းချက်ပါ။ နားလည်ပေးပါလို့ ပရိသတ်တွေကို ပြောချင်ပါတယ်။ 

ဓာတ်ပုံ - မိုးဟေကို Facebook Page

သန့်ဇင်ဦး