News

POST TYPE

INTERVIEW

ဒေါက်တာသူရဇော် (ကလေးဆရာဝန်) နှင့် တွေ့ဆုံခြင်း
13-Sep-2017
ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် လူတိုင်း ဂရုမပြုမိသော ရောဂါတစ်ခုဖြစ်သည်။ ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ကုသမှုခံယူပါက ပျောက်ကင်းလွယ်သည့် ရောဂါမျိုးဖြစ်ပြီး ယင်းရောဂါနှင့်ပတ်သက်၍ သတိပြုစရာများကို ဒေါက်တာသူရဇော် (ကလေးဆရာဝန်)နှင့်The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကလေးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ ဖြစ်တတ်ပါသလား။ အသက်အရွယ်၊ ယောက်ျားလေး၊ မိန်းကလေး ဖြစ်ပွားမှုတွေကို ပြောပြပေးပါဦး။
Dr.TYZ : ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ဖြစ်တတ်ပါတယ်။ ဖျားနာတဲ့ကလေးတွေရဲ့ အကြောင်းအရင်းကို ရှာဖွေတဲ့အခါ တွေ့ရလေ့ရှိတဲ့ ကလေးရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ သုတေသန မှတ်တမ်းတွေအရတော့ အသက် ၂ နှစ်အောက် ကလေးတွေမှာ အဖြစ်များပြီး အသက်နှစ်လလောက် အရွယ်အထိ ကျား၊ မ တန်းတူ အဖြစ်များကြတယ်။ နောက်ပိုင်း အသက်တစ်နှစ် ပတ်ဝန်းကျင်လောက်အထိ ယောက်ျားလေးတွေမှာ အဖြစ်များတာကို ပိုတွေ့ရပြီး အပျိုဖော်ဝင်စအရွယ်မှာတော့ မိန်းကလေးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ဆီးလမ်းကြောင်းတောက်လျှောက်မှာ ပိုးဝင်ခြင်းရောဂါက ဘယ်နေမရာမဆို ဖြစ်ပွားနိုင်ပေမယ့် ဆီးအိမ်ပိုးဝင်ခြင်း (Cystitis) က ကျောက်ကပ် ပိုးဝင်ခြင်း (Pyelonephritis) ထက် အဖြစ်များတာကို တွေ့ရပေမယ့် ကျောက်ကပ်ပိုး ဝင်တာလောက် ပြင်းထန်လေ့ မရှိတာကို တွေ့ရပါတယ်။

Voice : ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါမှာ ဘယ်လို လက္ခဏာတွေ တွေ့ရတတ်ပါသလဲ။
Dr.TYZ : ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာကလည်း ဆန်းကြယ်တဲ့ရောဂါတစ်ခုလို့ ဆိုနိုင်ပါတယ်။ အသက်အရွယ်နဲ့လိုက်ပြီး ခံစားရတဲ့ လက္ခဏာတွေက ကွဲပြားတတ်ပါတယ်။ အများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေရှိပေမယ့် တစ်ခါတစ်ရံမှာ အဖျားကြီးတာကလွဲပြီး တိကျတဲ့လက္ခဏာ ဘာမှမပြဘဲလည်း ဖြစ်နိုင်ပါတယ်။ မွေးကင်းစ အသက် ၂၈ ရက်သားအောက် ကလေးငယ်တွေမှာ ဖျားတာအပြင် အသားဝါတယ်၊ နို့စို့နည်းလာတယ်၊ ပေါင်ချိန်မတက်ဘူး၊ ကလေးက အီတယ်၊ မကြာခဏ ပျို့အန်တာတွေ ဖြစ်လေ့ရှိပါတယ်။ မွေးကင်းစအသက်ကနေ ကျော်လွန်ပြီးချိန်ကနေ အသက် ၂ နှစ်အရွယ်လောက်အထိမှာတော့ ဖျားတာ၊ အစာအရည် မဝင်တာ၊ ပျို့အန်တာ၊ မအီမသာဖြစ်တာ၊ ဗိုက်နာတာ၊ ဆီးအနံ့ဆိုးပြီး နံတာတွေ ဖြစ်လေ့ရှိပါတယ်။ အသက် ၂ နှစ်ကနေ ခြောက်နှစ်လောက်အထိမှာတော့ အပေါ်ကပြောခဲ့တဲ့လက္ခဏာတွေအပြင် ဆီးထိန်းနိုင်ပြီးသား ကျင့်သားရထားတဲ့ ကလေးတွေတောင် ဆီး မထိန်းနိုင်ပြန်ဖြစ်တယ်။ လူကြီးတွေလို ဆီးကျန်တယ်၊ ဆီး ခဏခဏ သွားတာတွေ ဖြစ်တတ်ပါတယ်။

Voice : ယောက်ျားလေး၊ မိန်းကလေးအပေါ် မူတည်ပြီး ရောဂါဝင်ပုံတွေကို သိပါရစေ။
Dr.TYZ : အသက် ၂ နှစ်အောက် ကလေးငယ်တွေရဲ့ တန်ဆာလေးရဲ့ အရေပြားဟာ ရှည်နေပြီး ဗက်တီးရီးယားပိုး ခိုအောင်းပေါက်ဖွားလေ့ရှိတာ အဖြစ်များပါတယ်။ အဲဒီကလေးတွေ ဆီးသွားရင် ထိပ်ပိုင်း အရေပြားလေးက ရေပူဖောင်းသဖွယ် ဖောင်းလာပြီးမှ ဆီးထွက်တယ်။ ဆီးပန်းတဲ့အခါ အားနည်းတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ဆီးလမ်းကြောင်းမှာ အပိတ်အဆို့မျိုး ရှိရင်လည်း ဆီးပိုးဝင်တတ်ပါတယ်။ မိန်းကလေးတွေမှာတော့ မိဘတွေ သန့်ရှင်းရေးလုပ်ပေးချိန်မှာ စအိုဝနဲ့ ကပ်နေတဲ့ မိန်းမကိုယ် အဝထိပ်မှာရှိတဲ့ ဆီးပြွန်အဝထဲကို ပိုးဝင်သွားတတ်ပါတယ်။ ဒါကြောင့် မိဘတွေ သေးနှီး၊ ဝမ်းနှီးလဲချိန်၊ ကလေးတွေ နောက်ဖေးသွားပြီး သန့်ရှင်းရေး လုပ်ချိန်မှာ အနောက်မှ အရှေ့သို့ မသုတ်ဘဲ အရှေ့မှ အနောက်ကိုသုတ်ဖို့ အရေးကြီးကြောင်း မှာချင်ပါတယ်။ ယောက်ျား လေးရော၊ မိန်းကလေးပါ အဖြစ်များတာကတော့ ဝမ်းချုပ်တာကြောင့် ဆီးအိမ်ပိ ဆီးကျန်တာဖြစ်ပါ တယ်။ ဒီခေတ်မှာ အရေးကြီးလာတဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း (Sexual Abuse) ကိုလည်း ထည့်သွင်းစဉ်းစားထားရပါမယ်။

Voice : ဆီးလမ်းကြောင်း ပိုးဝင်တာကို ဘယ်လိုမျိုး ကုသလို့ ရနိုင်ပါသလဲ။
Dr.TYZ : ဒီဟာက ဆန်းကြယ်တယ်ဆိုပေမယ့် အဆိုးထဲက အကောင်းတစ်ခုကတော့ ဒီရောဂါဟာ ဗက်တီးရီးယားပိုးကြောင့် အဖြစ်များတာမို့ ရောဂါရှာဖွေရတာ၊ ကုသရတာ လွယ်ကူတယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ ကလေးတွေကို စစ်ဆေးဖို့ပေးထားတဲ့ ဘူးငယ်လေးထဲကို ဆီးတည်ချိန် ဖြတ်ခံသိုလှောင်ပြီး ဓာတ်ခွဲခန်းပို့ စစ်ဆေးနိုင်ပါတယ်။ အသက် ၂ နှစ်အောက်မှာ ဒုတိယအကြိမ် ထပ်ဖြစ်ပွားရင်သော်လည်းကောင်း၊ လွယ်လွယ်ကူကူ ကုသဖို့ မလွယ်ရင်သော်လည်းကောင်း အခြား တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ၊ ဆေးသွင်းဓာတ်မှန်ရိုက်တာတွေ ပြုလုပ်ရပါမယ်။ ရောဂါသတ်မှတ်ချက် ပေးနိုင်ပြီဆိုရင်တော့ လိုအပ်တဲ့ ပဋိဇီဝပိုးသတ်ဆေးကို လိုအပ်တဲ့ပမာဏ၊ လိုအပ်တဲ့ရက်ပိုင်းအထိ ပေးရပါတယ်။ ဒီနေရာမှာ ပြောချင်တာတစ်ခုက ကလေးဖျားပြီဆိုတာနဲ့ စပ်ဆေးတွေ ရောင်းတဲ့ဆိုင်မှာ တွေ့ကရာ ပိုးသတ်ဆေးတွေ တစ်ရက်၊ နှစ်ရက် ဝယ်တိုက်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ ရောဂါပိုးက အကင်းမသေဘဲ ဆေးယဉ်ပါးတဲ့၊ ဆေးမတိုးတဲ့ ဆီးပိုးတွေဖြစ်လာပြီး အသက်အန္တရာယ်ပေးနိုင်တာကို သတိပြုစေချင်ပါတယ်။

Voice : ဆရာ့အနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး လူထုကို သတင်းစကား ပါးပေးပါဦး။
Dr.TYZ : တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ ကျောင်းနေအရွယ်တွေမှာ ဆီးမသွား၊ ဝမ်းမသွားဘဲ အောင့်ထားတာတွေ မလုပ်ဖို့၊ မိန်းကလေးတွေ သန့်ရှင်းရေးလုပ်ချိန်မှာ အရှေ့မှအနောက်ကိုသာ သန့်စင်အောင် သုတ်စေဖို့၊ ရေများများ သောက်ဖို့ပါ။ အရေပြားရှည်တယ်လို့ ယူဆတဲ့ကလေးမိဘတွေက ဆရာဝန်နဲ့တိုင်ပင်ပြီး ပြသဖို့၊ မလိုအပ်ဘဲ ပိုးသတ်ဆေးတွေ ကလေးကို ခဏခဏ မတိုက်မိစေဖို့နဲ့ အထပ်ထပ် အခါခါ ဖြစ်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်တယ်ဆိုတာ ပြောချင်ပါတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ


  • VIA