News

POST TYPE

INTERVIEW

မကွေးတိုင်းဒေသကြီး ဝန်ကြီချုပ် ဒေါက်တာ အောင်မိုးညိုနှင့် တွေ့ဆုံခြင်း
10-Sep-2017 tagged as

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညဦးပိုင်းက ရွှေအိုးရပ်ကွက်၊ အုန်းတော ၂ လမ်းနှင့် မကွေးလမ်းမကြီးတစ်လျှောက်ရှိ ဈေးဆိုင်များကို အဓိကရုဏ်း ဖန်တီးလိုသောသူများ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသူ ဖျက်ဆီးခဲ့ရာ ရဲတပ်ဖွဲ့က ဒိုင်းများနှင့် ရာဘာကျည်အချို့ အသုံးပြုပြီး အင်အားသုံး၍ လူစုခွဲခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့ပြီဖြစ်သည်။ တောင်တွင်းကြီးမြို့တွင် ယနေ့ ည ဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့် ပတ်သက်ပြီး The Voice သတင်းစာက မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

The Voice  : လက်ရှိ တောင်တွင်းကြီးမြို့မှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့အခြေအနေကို ပထမဆုံး သိပါရစေခင်ဗျ။
Dr A M N : မကွေးလမ်းပေါ်မှာရှိတဲ့ မွတ်စလင်ဘာသာဝင်တစ်ယောက်ရဲ့အိမ်ကို လူငယ် ငါးဆယ်လောက်က ခဲနဲ့ပေါက်တယ်ပေါ့။ အဲ့ဒီကနေ စပြီးတော့ နည်းနည်းဖြစ်တာပေါ့။ အဲ့ဒီနေရာမှာရော ဗလီမှာရော လုံခြုံရေးတပ်ဖွဲ့တွေ ရဲတပ်ဖွဲ့တွေ လွှတ်တော်ကိုယ်စားလှယ်တွေက အကုန်စောင့်ပြီး ထိန်းသိမ်းနေပါတယ်။

The Voice : အခြေအနေတွေက ပိုဆိုးတဲ့ အနေအထားကို ရှိနိုင်လားခင်ဗျ။
Dr A M N : အခြေအနေတွေက ဘာမှ ပိုဆိုးလာတဲ့ အနေအထား မရှိပါဘူး။ နောက် ကိုးနာရီလောက်က မကွေးခရိုင်ရဲမှူးနဲ့ အင်းအား သုံးဆယ်လောက်သွားပြီး အင်အားဖြည့်တင်းထားပါတယ်။ တိုင်းက အထွေထွေအုပ်ချုပ်ရေးတို့ နောက်တစ်ခါ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ကျွန်တော်ကော ဒီသတင်းကို နားထောင်ပြီးတော့ ရပ်ရွာလူထုနဲ့ပေါင်းပြီးတော့ ထိန်းသိမ်းဆောင်ရွက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ထိန်းသိမ်းဖို့ ပြောထားပါတယ်။

The Voice : ဝန်ကြီးချုပ်ကြီးခင်ဗျ လက်ရှိ တောင်တွင်းကြီး အခြေအနေက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားလားခင်ဗျ။ ထုတ်ဖို့ကော လိုအပ်နေပြီလား။
Dr A M N : ထုတ်ဖို့မရှိပါဘူး။

The Voice : နိုင်ငံတော် အတိုင်ပင်ခံကကော လက်ရှိ ဖြစ်စဉ်တွေအပေါ် ဝန်ကြီးချုပ်ကြီးတို့ထံ ဘာတွေညွှန်ကြားတာရှိလဲ။
Dr A M N : အဲ့ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကကော အတိုင်ပင်ခံရုံးကိုကော အခြေအနေတွေ ဆောင်ရွက်ထားတဲ့ကိစ္စရပ်တွေကို ဒီကနေ့ အဆက်မပြတ် တင်ပြပေးနေပါတယ်။

The Voice : ပြည်သူတွေ စိုးရိမ်မှုတွေကို ဝန်ကြီးချုပ်ကြီးအနေနဲ့ ဘာပြောချင်လည်း ခင်ဗျ။
Dr A M N : အေးအေးချမ်းချမ်းနေတဲ့ လူမျိုးခြားပဲဖြစ်စေ ဘာသာခြားပဲဖြစ်စေ ကိုယ်နိုင်ငံသားဖြစ်နေရင်တော့ ဘာမှဒုက္ခမပေးသင့်ဘူး။ သွားပြီးတော့ အနှောင့်အယှက်ပေးတာ မလုပ်သင့်ဘူး။ အနှောင့်အယှက်ပေးတဲ့သူတွေကို ဥပဒေအရ အရေးယူမှာပါ။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ကျော်စိုးဦး

  • TAGS