News

POST TYPE

INTERVIEW

‘မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ’
08-Sep-2017
ရွှေမြစ်မခ မီဒီယာမှ စာရေးဆရာမ မေသြင်္ကန်ဟိန်ရဲ့ ‘ကျွန်မ ချစ်တဲ့သူတွေ’ ဝတ္ထုကို  ‘မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ’ နာမည်နဲ့ ဇာတ်လမ်းတွဲအဖြစ် အောက်တိုဘာလ ၁ ရက်နေ့စပြီး ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ယင်းဇာတ်လမ်းတွဲမှာ သရုပ်ဆောင်နေမင်း၊ နေထက်လင်း၊ ကောင်းပြည့်၊ သင်ဇာဝင့်ကျော်၊ စုဒါလီ စတဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ကြမှာဖြစ်ပြီး ဖန်တီးပုံဖော်မယ့်သူတချို့ရဲ့ စကားသံများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

ဒါရိုက်တာ နေသူရိန်

“ဒီဇာတ်လမ်းတွဲက နိုင်ငံရေးကို အခြေခံထားတဲ့ ဇာတ်လမ်းတွဲပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က တကယ့်အဖြစ်အပျက်ကို ရိုက်ရမှာဆိုတော့ အခက်အခဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်ကနေ ကြိုတင်ပြင်ဆင်မှုတွေကို အများကြီး လုပ်ထားပါတယ်။ ပြီးတော့ ကျွန်တော့်မှာ စာရေးဆရာမ ရှိတယ်၊ ဇာတ်ညွှန်းရေးဆရာ ကောင်းကောင်းရှိတယ်၊ သရုပ်ဆောင်ကောင်းကောင်း ရှိတယ်၊ ကင်မရာမန်းကောင်းကောင်းတွေရှိတဲ့ အတွက် ဒီဇာတ်လမ်းတွဲက ကောင်းမှာပါ။ အဓိက ဒီဇာတ်လမ်းတွဲကို ရိုက်နေတဲ့ အချိန်မှာလည်း ဆရာမကို အနီးကပ် ခေါ်ထားမယ်။ ဆရာမ နေရာကနေ သရုပ်ဆောင်သွားမယ့်သူကို သူဘယ်လို နေထိုင်ခဲ့လဲဆိုတာ သိရအောင် ပြောပြပေးဖို့လို တယ်လေ။ ဆရာမ ဇာတ်ရုပ်ကလည်း အဆင့်ဆင့် ရှိတယ်၊ မွေးခါစအရွယ်၊ အပျိုအရွယ်၊ သမီးရည်းစားထားတဲ့ အရွယ်နဲ့ လက်ရှိအရွယ်အထိ ပါမှာဆိုတော့ အသေးစိတ်ကအစ အရေးကြီးပါတယ်။ 

“ဒီဇာတ်လမ်းတွဲကနေ ပရိသတ်ကို ပေးချင်တဲ့ Message ကိုတော့ ဆရာမရဲ့ ‘ကျွန်မချစ်တဲ့သူတွေ’ ဝတ္ထုကို ဖတ်လိုက်တာနဲ့ သိကြမှာပါ။ ဒီဇာတ်လမ်းတွဲကို အောက်တိုဘာလ ၁ ရက်နေ့ကနေစပြီး နောင်ချိုဘက်မှာ ရိုက်ကူးသွားမယ်။ Location တွေကတော့ နောင်ချို၊ မန္တလေး၊ ပြင်ဦးလွင်၊ ဧရာဝတီတိုင်းနဲ့ ထိုင်းနိုင်ငံတို့ ပါပါမယ်။ အပိုင်းကိုတော့ လေးဆယ်နီးပါးလောက် မှန်းထားပါတယ်။ 

စာရေးဆရာမ မေသြင်္ကန်ဟိန်

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရ ခေတ်ပြောင်းသွားတဲ့ အခြေအနေတစ်ခုမှာ နိုင်ငံရေးသမားတွေ ပါတယ်၊ နိုင်ငံရေးသမားတွေရဲ့ မိသားစုတွေ ပါတယ်၊ နိုင်ငံရေးသမားတွေကို ပံ့ပိုးကူညီပေးတဲ့လူတွေ ပါတယ်၊ ဒီမိုကရေစီကို မျှော်လင့်တောင့်တနေကြ တဲ့ ပြည်သူတွေ ပါတယ်။  အဲ့ဒါတွေကို ဖော်ပြချင်လို့ ဒီဇာတ်လမ်းတွဲကို ရိုက်ဖြစ်တာပါ။ ပြီးတော့ ကျွန်မက ဒီဝတ္ထုကို ရေးကတည်းက အဲ့ဒီအကြောင်းတွေကို ဖော်ပြချင်လို့ ရေးခဲ့တာပေါ့နော်။ ဒီဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ဖော်ပြတဲ့အခါမှာလည်း မြန်မာ့ခေတ်ပြောင်းတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ လူတွေရဲ့ အကြောင်း၊ သူတို့ရဲ့ ဘဝတွေကို ရိုက်မယ်ဆိုပြီး စဉ်းစားခဲ့တာပါ။ ဒီဇာတ်လမ်းတွဲမှာ ကျွန်မရဲ့ အဖြစ်အပျက်တွေလည်း ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင်ကလည်း ဒီခေတ်ရဲ့ သားကောင်တစ်ယောက်လေ။ အဲဒါကြောင့် ကျွန်မရဲ့ အလုပ်အကိုင်နဲ့အတူ ဂျာနယ်လစ်တစ်ယောက်ရဲ့ ဘဝကိုလည်း ရိုက်သွားမှာပါ။ ဘဝဆိုတဲ့ နေရာမှာ သူ့ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေအပြင် အချစ်ရေးတွေလည်း ပါပါလိမ့်မယ်။ ဒီဇာတ်လမ်းတွဲက နိုင်ငံရေးနောက်ခံ ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ ကြုံတွေ့ခဲ့ရတာတွေကို ရိုက်ပြသွားမယ်။ အဲဒါကို ကျွန်မ ကိုယ်တိုင်လည်း စိတ်ဝင်စားနေပါတယ်။ ဒီဇာတ်လမ်းတွဲကို ပရိသတ်ကြီးလည်း စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ကောင်းပြည့်

“ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်က နောင်ချို မှာ တာဝန်ကျနေတဲ့ ကျောင်းဆရာလေး နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာပါ။ ဆရာမရဲ့ ရည်းစားဦး၊ အချစ်ဦး နေရာကနေပေါ့နော်။ ပြီတော့ ဇာတ်ရုပ်အတွက် ကျွန်တော့်အနေနဲ့ အဝတ်အစားနဲ့ ဆံပင်ပုံစံကအစ သေချာလေး ပြင်ဆင်ရတယ်။ ဆရာမနဲ့ တိုင်ပင်ရတာမျိုးတွေလည်း ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစစ အရာရာကို ဆရာမကပဲ သိမှာလေ။ အဲဒါကြောင့် ကျွန်တော်နဲ့ လိုက်ဖက်တဲ့ ပုံစံမျိုး ဆိုတာထက် တစ်ချိန်က ရှိခဲ့တဲ့ဇာတ်ကောင်နဲ့ အတတ်နိုင်ဆုံး တူညီအောင် ဆရာမဆီကနေ အကြံဉာဏ်လည်း ယူရပါတယ်။ ဒီဇာတ်လမ်းတွဲက ဖြစ်ရပ်မှန်ကို ရိုက်ပြမယ့်ဇ ာတ်လမ်းတွဲပါ။ အဓိက နိုင်ငံရေးအကြောင်းကို ရိုက်တာဖြစ်ပေမယ့် လူတစ်ယောက်ရဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေ အပါအဝင် ရသစုံကို ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုခံစားရပါမယ်။ ပြီးတော့ နောင်ချို၊ ပြင်ဦးလွင် စတဲ့ နေရာတော်တော်များများမှာ သွားရောက်ရိုက်ကူးမှာ ဆိုတော့ မြန်မာနိုင်ငံက အလှအပတွေကိုလည်း တဝကြီး တွေ့မြင်ရမှာပါ။ အဲဒါကြောင့် ပရိသတ်ကြီးလည်း ဒီဇာတ်လမ်းတွဲလေးကို စောင့်မျှော်ပြီး အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ဒီဇာတ်လမ်းတွဲက ထူးလည်းထူးခြားပါတယ်။

နေမင်း

“ဒီဇာတ်လမ်းတွဲကိုရိုက်ဖို့ ကျွန်တော်တို့အနေနဲ့ အချိန်နှစ်လလောက် ကြိုတင်ပြင်ဆင်ခဲ့ရတယ်။ ဆရာမနဲ့ စကားပြောတဲ့ အချိန်ကစပြီး ကျွန်တော့်ဘက်ကနေ နိုင်သလောက်ကို ဝိုင်းလုပ်ပေးခဲ့တယ်။ နောက်ဆုံး ဒါရိုက်တာ၊ ဇာတ်ညွှန်းနဲ့ သရုပ်ဆောင် ရွေးတာကအစ ဆရာမနဲ့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆရာမနဲ့တောင် မောင်နှမလို ရင်းနှီးမှုတစ်ခုကို ရနေပါပြီ။ ပြီးတော့ ကျွန်တော်တို့ မသိသေးတဲ့ သမိုင်းကြောင်း တစ်ခုကိုလည်း သိခွင့်ရခဲ့တာပေ့ါနော်။ ဒီဇာတ်လမ်းတွဲမှာက ဆရာမရဲ့ အမျိုးသားဖြစ်တဲ့ ကိုတင်လင်းဇော် နေရာကနေ သရုပ်ဆောင်ရမှာပါ။ ဆရာမတို့ နှစ်ယောက်ရဲ့ ဘဝတစ်ခုကို တည်ဆောက်တဲ့အချိန်၊ ကြိုးစားတဲ့အချိန်၊ ဖြစ်တည်လာတဲ့အချိန်နဲ့ ကလေးသုံးယောက်နဲ့ ရပ်တည်နေတဲ့ လက်ရှိအချိန်ထိကိုပါ ရိုက်ပြသွားမယ်။ အဲဒါကြောင့် ကျွန်တော့်အတွက် ပိုအန္တရာယ်များသလို ပိုပြီးတော့လည်း တာဝန်ကြီးပါတယ်။ ပိုပြီးတော့လည်း ပြောဆိုခံရဖွယ် ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘက်ကနေ အကောင်းဆုံး ကြိုးစားသွားပါ့မယ်။ ပြီးတော့ ဒီဇာတ်လမ်းတွဲက သမိုင်းမှာ ကျန်နေခဲ့မယ့် လူတွေရဲ့ အကြောင်းကို ရိုက်တာဆိုတော့ ကျွန်တော်တို့ဘက်ကနေ အမှန်အတိုင်းကို နိုင်သလောက်လေး တင်ပြတာပါ။ ဒီဇာတ်လမ်းတွဲက မှတ်တမ်းလေးဖြစ်ဖြစ်၊ မှတ်စုလေးဖြစ်ဖြစ် နောင်တစ်ချိန်မှာ ကျွန်တော်တို့ မြန်မာပြည်ထဲမှာရှိတဲ့ လူငယ်တွေအတွက် ကျန်ခဲ့မယ်ဆိုရင် ရိုက်ကူးရကျိုးနပ်ပါပြီ။ ဒီဇာတ်လမ်းတွဲကို Sky Net ရုပ်သံလိုင်းကနေ ပြသသွားမှာပါ။

ဝင်းထွန်းနိုင်