News

POST TYPE

INTERVIEW

YBS ယာဉ်နှစ်စီးတိုက်မှုတွင် ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခြင်း
08-Jul-2017

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးတွင် လူထိခိုက် သေဆုံးမှု အများဆုံးဖြစ်စေခဲ့သည့် YBS ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို  မြောက်ဥက္ကလာပဆေးရုံနှင့် အင်းစိန်ဆေးရုံတွင် ဆေးဝါးကုသပေးလျက်ရှိရာ မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးဝါးကုသမှု အခြေအနေကို ဆေးရုံအုပ်ကြီးနှင့် မိသားစုဝင်များကို တွေ့ဆုံ မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။ 

မြောက်ဥက္ကလာပမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုး

YBS (၅၅) နဲ့ (၃၇) တိုက်မိရာက သေဆုံးသွားသူ ငါးယောက်နဲ့ ဒဏ်ရာရသူ ၂၆ ယောက် ဒီဆေးရုံကို ရောက်လာတယ်။ ရောက်လာတဲ့အထဲက တစ်ယောက်က မိနစ်ပိုင်းအတွင်းမှာ ဆုံးသွားရှိတယ်။  ဒီနေ့ မွန်းလွဲ တစ်နာရီကျော်မှာ YBS (၅၅) ယာဉ်မောင်း ထပ်ဆုံးတယ်။ ၁၄ ယောက်ကို ပြင်ပ လူနာအဖြစ် ကုသပေးခဲ့ပြီး ကျန် ၁၁ ယောက်ကို အတွင်းလူနာအဖြစ် ကုသနေရတယ်။ အတွင်းလူနာတွေထဲမှာ YBS (၃၇) ယာဉ်မောင်းနဲ့ GTC ကျောင်းသားလေးတစ်ယောက်ပါတယ်။ လူနာတွေမှာ ဦးခေါင်းဒဏ်ရာတွေ ခြေကျိုးလက်ကျိုးနဲ့ ပေါက်ပြဲ ဒဏ်ရာတွေ ရှိတယ်။ လူနာတွေရဲ့ အသက် မဆုံးရှုံးရအောင် ဆေးရုံက ဆရာ၊ ဆရာမတွေက အစွမ်းကုန် ကြိုးစား ကုသမှုတွေ ဆောင်ရွက်နေပါတယ်။ ဒီမနက် တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေလည်း ဆေးရုံရောက်လာပြီး လူနာတွေ လာကြည့်သွားတယ်။ လိုအပ်တာတွေ  ဆောင်ရွက်ပေးသွားမှာပါ။ လက်ရှိ အနေအထားအရဆိုရင် ကျန်လူနာတွေရဲ့ အသက်အန္တရာယ်က မစိုးရိမ်ရတော့ဘူး။ ကားတိုက်ပြီး သေသွားလို့ လာပို့သူ ငါးယောက်နဲ့ ဆေးရုံမှာ သေသွားတာ နှစ်ယောက်ဆို ပေါင်း ခုနစ်ယောက်ပေါ့။ အင်းစိန်ဆေးရုံဘက်မှာလည်း တင်ပို့ထားတဲ့ လူနာတွေထဲက သေသွားသူတွေ ရှိတယ်လို့လည်း ကြားမိတယ်”

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ GTC ကျောင်းသား
မောင်နိုင်လင်းကျော်၏ အဒေါ်ဖြစ်သူ ဒေါ်ကြူကြူဝင်း

“ကားတိုက်တယ်လို့ ကျွန်မစသိတာက တူလေးရဲ့ကျောင်းက ကျောင်းသားရေးရာက ဖုန်းလှမ်းဆက်လို့ပါ။ တူလေးရဲ့ လက်ရှိ အခြေအနေက စဖြစ်တဲ့နေ့ထက်တော့ နည်းနည်း တိုးတက်မှု ရှိလာတယ်။ ဒဏ်ရာက မေးရိုးကျိုးသွားတယ်။ နှာခေါင်းရိုးပါ ကျိုးတယ်ထင်တယ်။ သူ့ကို နှာခေါင်းနဲ့ အသက် မရှူခိုင်းတော့ဘူး။ ဦးခေါင်းခွံထဲမှာ သွေးခဲသွားတယ်လို့ သိရတယ်။ တူလေး ကျောင်းကနေ အပြန် YBS ကားစီးရင်းနဲ့ ဖြစ်ရတာ။ သူ့မှာ မိမွေးတိုင်း ဖမွေးတိုင်း ပြန်မရရှာတော့ဘူး။ သူ့ကျန်းမာရေး ပြန်ကောင်းပြီး ကျောင်းလည်း ပြန်တက်နိုင်ဖို့ အတော်ကို လုပ်ယူရဦးမယ်။ ယောမှာနေတဲ့ သူ့မိဘတွေလည်း နယ်ကနေ ရန်ကုန်လိုက်လာပြီ။ လိုင်းကား အဆင်မပြေလို့ ဒီနေ့အထိ မရောက်သေးတာ။ အခုဆို သူလေးက ပညာရေးရော သူ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်သွားပြီလေ။ နေ့လယ်က တိုင်းအစိုးရအဖွဲ့က လာကြည့်သွားတယ်။ ဆေးရုံမှာ ဆေးကုသမှုပိုင်းက အတော် အဆင်ပြေပါတယ်”

ယာဉ်တိုက်မှုကြောင့် အသိအာရုံချို့ယွင်းနေသူ အသက် ၂၂ နှစ်
မမေသူနိုင်၏ ညီမဖြစ်သူ မယမင်းသူ

အစ်မက မှော်ဘီက KTV မှာ အလုပ်လုပ်တာ။ အဲဒီ နေ့က တောင်ဒဂုံက အမေ့အိမ် YBS (၅၅)ကား စီးပြီး ပြန်လာရာက ကားတိုက်မှုဖြစ်တာလို့ သူ့အလုပ်ရှင်က ပြောလို့ သိခဲ့ရတာ။ အစ်မက အရင်က မှတ်ဉာဏ် ကောင်းတယ်။ ကားတိုက်ပြီးနောက်ပိုင်း သူ့အိမ်လိပ်စာတွေပါ မမှတ်မိတော့ဘူး။ တစ်ယောက်တည်း ဖုန်းမပါဘဲနဲ့လည်း ဖုန်းပြောနေသလို စကားတွေ လျှောက်ပြောနေတာ။ အိမ်မှာ သုံးနှစ်အရွယ် သူ့သားနဲ့ ကျွန်မရယ်၊ အမေရယ် အပါအဝင်ဆို အားလုံး ငါးယောက် ရှိတယ်လေ။ အားလုံးက သူ့လုပ်စာနဲ့ စားသောက်နေရတာ။ အခု အမ ဆေးရုံတက်နေချိန် (၅၅) ယာဉ်လိုင်းနဲ့ (၃၇) ယာဉ်လိုင်းက လူတွေက တစ်ယောက်ကို ငွေတစ်သောင်းခွဲစီ စာအိတ်နဲ့ထည့်ပြီး လာပေးသွားတယ်။ အစ်မ အရင်လို ပြန်နေကောင်းပါစေလို့ပဲ ဆုတောင်းနေရတာ။ သူရှိမှ ကျွန်မတို့ မိသားစုဘဝက အဆင်ပြေနိုင်မှာလေ။

ယာဉ်တိုက်ခံရသည့် YBS ( ၃၇) ယာဉ်မောင်း၏ ဇနီးဖြစ်သူ မကေဂျာ 

“သူ့ကိုယ်သူ ကားတိုက်ခံရတယ်လို့ အခုချိန်ထိ မသိသေးဘူး။ ဘယ်နားထင်ဘက်မှာ ဒဏ်ရာရသွားပြီး ခေါင်းတွေ မူးနေတယ်လို့ စကားတစ်လုံးချင်းပဲ ပြောနိုင်သေးတယ်။ သူဘယ်နေရာ ရောက်နေတာလဲ မေးတော့ ဆေးရုံရောက်နေတာလို့ ကျွန်မက ပြောလိုက်တယ်။ ဘာလို့ရောက်တာလဲ မေးတယ်။ သူ ကားတိုက်ခံရတာ အခုထိ မသိသေးဘူး။ နေမကောင်းလို့ ရောက်နေတာလို့ ကျွန်မက လိမ်ပြောထားလိုက်တယ်။ သူက ကားမောင်းရင် သတိ အရမ်းထားတဲ့ အကျင့်ရှိတယ်။ ၁၈ နှစ်သားတည်းက ကားမောင်းလာတာ။ အခု အသက် ၄၈ နှစ်အထိ ဒီကားပဲ မောင်းနေတာလေ။ အရင်က ပါရမီယာဉ်လိုင်းမှာ မောင်းတယ်။ YBS ပေါ်လာတော့ ဒီဘက် ပြောင်းမောင်းခဲ့ပြီး မနှစ်က စံချိန်တင် မောင်းနိုင်တဲ့ ဆုတွေရခဲ့သေးတယ်။ အခု YBS ပေါ်လာတော့ (၃၇) လိုင်းမှာပဲ ဆက်မောင်းခဲ့တာ။ ယာဉ်လိုင်းက လူတွေတော့ လာကြည့်ကြတယ်။ ထောက်ပံ့ပေးကြတယ်။ အခုချိန်ထိ ကျွန်မ ဘာတစ်ခုမှ မကုန်ကျသေးဘူး။ ယာဉ်ထိန်းက လာစစ်ပေမယ့်သူမှ စကား မပြောနိုင်သေးတော့ စစ်လို့ မရသေးဘူး ဖြစ်နေတယ်။

YBS(၅၅) ကားပြတင်းပေါက်က လွင့်ထွက်သွားသည့်  
ကိုယ်ဝန်သည် အမျိုးသမီး၏ ခင်ပွန်း ကိုနိုင်လင်းအောင်

“အဲနေ့က ဒလမှာရှိတဲ့ အမေ နေမကောင်းလို့ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမက ထောက်ကြန့်ကနေ YBS (၅၅) ကားစီးပြီး သွားခဲ့တာ။ ကားက ချောင်တော့ ယာဉ်မောင်းရဲ့ နောက် လေးခုံတန်းမြောက်မှာ နေရာရတယ်။ မိန်းမက ပြတင်းပေါက် အခြမ်းမှာထိုင်ပြီး ကျွန်တော်က အတွင်းဘက်မှာ ထိုင်ရင်း လိုက်လာရာက အိပ်ငိုက်နေတာ။ ကားက မောင်းတာ အတော် အရှိန်ပြင်းတယ်။ တစ်ချက် တစ်ချက် ဘရိတ်ဆောင့်လိုက်ရင်လည်း ကြမ်းတယ်။ အိပ်ငိုက်နေရာက ဝုန်းခနဲ့ အသံကြားလို့ မျက်လုံးဖွင့် ကြည့်လိုက်တော့ ကားထဲမှာ မှန်ကွဲစတွေ ပျံ့နေပြီ။ ကျွန်တော့် ခြေထောက်လည်း ဒဏ်ရာရသွားတယ်။ ဘေးက မိန်းမကြည့်တော့ မရှိတော့ဘူး။ သူက ကားပြတင်းပေါက်ကနေ အပြင်ကို လွင့်ထွက်သွားတာ။ သူ့မှာက ကိုယ်ဝန် သုံးလကျော်ရှိတယ်။ ကျွန်တော်လည်း ကားပေါ်က ခုန်ဆင်းပြီး မိန်းမဆီသွားကြည့်တော့ သူ့မှာ ဒဏ်ရာတွေနဲ့။ ကျွန်တော်က ဆေးရုံမတက်ရဘူး။ အပြင်လူနာအဖြစ်ပဲ ဆေးကုခဲ့ရတာ။ မိန်းမဖြစ်သူက ဦးခေါင်းခွံမှာ ဒဏ်ရာရသွားလို့ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရတယ်။

ခိုင်စိုးလင်း

  • VIA