News

POST TYPE

YOUTH

အားကျစေချင် နည်းပညာရှင်များ (၁၇)
08-Sep-2018 tagged as



အိုင်းစတိုင်းလို တွေးကြည့်ပါ

“ကျွန်တော် အနာဂတ်ကို ဘယ်တော့မှ မတွေးဘူး။ မကြာခင် သူ့အလိုလို ဖြစ်လာမယ့်ဟာပဲ”

မိဘတိုင်းအတွက် သားသမီးများသည် စိတ်ကူးအိပ်မက်များ ဖြစ်နေတတ်ပါသည်။ ကိုယ်မွေးထားသည့် သားသမီးများကို အနာဂတ်တွင် အောင်မြင်ထင်ရှားသူများ ဖြစ်စေချင်ကြသည်မှာလည်း မိဘတိုင်း၏ ဆန္ဒတစ်ခု ဖြစ်သည်။ 

အိုင်းစတိုင်းဆိုသည့် ကလေးက မိဘတွေရော ဆရာပါ အစောပိုင်းတွင် နားလည်ရခက်သူတစ်ဦး ဖြစ်နေရှာသည်။ သူကျောင်းနေစဉ် ဆရာတစ်ဦးက သူ့ကို ဘယ်နေရာမှာမှ သုံးစားမရနိုင်သည့်သူ တစ်ဦးအဖြစ် ချိုးနှိမ်ပြောဆိုခြင်းကို ခံလိုက်ရသည်။ 

အဲလ်ဘတ် အိုင်းစတိုင်းကို ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် မွေးဖွားသည်။ ဂျာမနီနိုင်ငံ၊ အွန်း (Ulm) မြို့တွင် ဂျူးမိဘနှစ်ပါးက မွေးဖွားလာခဲ့သည်။ သူ့ဖခင်က ဟာမန်း၊ မိခင်က ပေါ်လင်းဖြစ်သည်။ ညီမဖြစ်သူ မာရီယာက နောက် ၂ နှစ်အကြာတွင် မွေးသည်။ 

ဂျာမနီနိုင်ငံတွင် ၁၉ ရာစုနှောင်းပိုင်းက မွေးဖွားကြီးပြင်းလာရသည့် ဂျူးလူမျိုးဘဝတွင် အိုင်းစတိုင်းသည် များသောအားဖြင့် တစ်ဦးတည်းနေထိုင်တတ်ပြီး မည်သူနှင့် အကြောင်းအပေါင်းသင့်သူတစ်ယောက်မဟုတ်ဟု ဆိုရမည်ဖြစ်သည်။ သူ၏ စိတ်အနေအထားက အတွေးလွန်သည်ဟု ပြောရမည်လားမသိ။ အခြားသူတစ်ယောက်က သူ့အပေါ် ချိုးနှိမ်ဆက်ဆံမည်လားဆိုသည့် သံသယက သူ့ဘဝတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး မဝံ့မရဲဖြင့် ဆက်ဆံမှုကို လုပ်တတ်သည်။

သူ့မိဘများသည် လူလတ်တန်းစားများဟု ဆိုနိုင်သည်။ ဖခင်က သင်္ချာပညာရှင်တစ်ဦးဖြစ်သည်။ လျှပ်စစ်ဓာတ်အားကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည်။ လခစားဝန်ထမ်းသာ လုပ်တတ်ပြီး စီးပွားရေးအမြင် မရှိသောကြောင့် ချမ်းသာနိုင်သည့် အနေအထားတွင်လည်း မရှိပေ။ သူ၏ မိဘမျိုးရိုးနှင့် ပစ္စည်းဥစ္စာကံ မကောင်းဟု ဆိုနိုင်သော်လည်း အိုင်းစတိုင်းကမူ တစ်မိပေါက်တစ်ယောက်ထွန်းတောက်သူ ဖြစ်လာခဲ့ရသည်။ 

သို့သော် ငယ်စဉ်က သူ့ကိုထူးချွန်မည့်သူဟု ထင်စရာအကြောင်းမရှိ။ စကားပြောကိုလည်း သူများကလေးတွေထက်နောက်ကျမှတတ်သည်။ ထို့ကြောင့် သူ့ကို ထိန်းသိမ်းပေးခဲ့ရသူက အမည်ပြောင်အဖြစ် “ငတုံးလေး” ဟူ၍ ခေါ်ခဲ့သည်။ သူ့တွင် အက်ခိုလေးလီးရား (Echolalia) ဟုခေါ်သည့် ရောဂါဝေဒနာကို ခံစားနေရသည်။ ထိုရောဂါကြောင့် စကားတစ်လုံးကို ထပ်ကာထပ်ကာပြောနေတတ်သည်။ သူ့တွင် အော်တီဆန် (Autism) ဆိုသည့် ဝေဒနာတစ်မျိုးပါ ခံစားနေရကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။ သို့သော် အက်ခိုလေးလီးရား ဝေဒနာကြောင့် သူ့တွင် သိမ်ငယ်စိတ်၊ စိုးရိမ်စိတ်တွေဝင်ပြီး လူတောသူတောလည်း သိပ်ပြီးမတိုးဟု ယူဆရသည်။ 

အိုင်းစတိုင်းသည်လည်း စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်သည်။ သူ့တွင် ငယ်စဉ်ဘဝက သူငယ်ချင်းအပေါင်းအသင်းနည်းပြီး တစ်ယောက်တည်း နေထိုင်တတ်သော်လည်း သူကတွေးလိုက်လျှင် သူများကလေးတွေနှင့်မတူအောင် တွေးတောနိုင်သူဖြစ်သည်။ 

သူ့အသက် ငါးနှစ်အရွယ်တွင် သူ့ဘဝကို အပြောင်းအလဲဖြစ်သွားစေမည့် အခြေအနေလေးတစ်ခု ဖြစ်ပွားခဲ့သည်ဟုဆိုရမည်။ သူ့ကို ဖခင်ဖြစ်သူက လက်ဆောင်တစ်ခုပေးသည်။ ထိုလက်ဆောင်လေးက သူ့ဘဝကို ပြောင်းလဲသွားစေသည်။ ဖခင်ပေးသည့် လက်ဆောင်မှာ သံလိုက်အိမ်မြှောင်တစ်ခုဖြစ်သည်။ နေမကောင်းသဖြင့် အိပ်ရာထဲတွင် လှဲရင်းက ကျန်းမာရေးကောင်းအောင် ပြန်လည်အားမွေးနေရချိန်တွင် ဖခင်ထံမှ ရလိုက်သည့် လက်ဆောင်က သူ့ဘဝကို ပြောင်းလဲသွားစေရန် အထောက်အပံ့တစ်ခု ဖြစ်လာစေခဲ့သည်။

ဖခင်ကပေးသည့် အိမ်မြှောင်လက်တံက တစ်နေရာတည်းကို အမြဲညွှန်ပြနေသည်။ သံလိုက်အိမ်မြှောင်လက်တံသည် မြောက်အရပ်တစ်ဖက်တည်းကို ညွှန်ပြနေသည်မှာ အဘယ်ကြောင့်နည်းဟု ကလေးတစ်ယောက်အတွက် အထူးအဆန်းဖြစ်နေရှာသည်။ ထိုအချိန်က သူသည်ဖျားနေသည်။ သံလိုက်အိမ်မြှောင်က သူ့ကို အဖျားပျောက်စေလောက်အောင် ဖြစ်သွားသည်။ တစ်နည်းပြောရလျှင် သံလိုက်အိမ်မြှောင်လေး၏ ထူးခြားချက်က သူ့ကို သိလိုစိတ်များစွာ ဖြစ်ပေါ်လာစေရန် တွန်းအားတစ်ခုဖြစ်လာစေခဲ့သည်။ ထိုအချိန်ကတည်းက မည်သည့်တွန်းအား၊ ဖိအားမှမပါသည့် လုပ်ဆောင်နိုင်စွမ်းတစ်ခုသည် ရှိနေသည်ဆိုသော ရူပဗေဒဆိုင်ရာ သဘောတရားတစ်ခုက သူ့ကို စိုးမိုးချုပ်ကိုင်သွားပြီဖြစ်သည်။ သူ၏ စွဲလမ်းမှုက နောင်တွင် စကြဝဠာကြီးကိုပင် ဆန့်ထွက်ပြီး တွေးမြင်လိုစိတ်ကို ဖြစ်ပေါ်လာခဲ့သည်ဟူ၍လည်း ဆိုနိုင်သည်။ သံလိုက်အိမ်မြှောင်တစ်လုံးသည် သူ့ဘဝတစ်ခုလုံးကို ကပြောင်းကပြန်ဖြစ်သွားစေခဲ့သည်။

အိုင်းစတိုင်းသည် ကျောင်းတက်စဉ်ကတည်းကလည်း ထူးချွန်သူတစ်ဦးတော့ မဟုတ်ပေ။ သူ့ကို ဆရာက ဘယ်နေရာမှာမှ သုံးစား၍မရနိုင်သူတစ်ဦးဟူ၍ မှတ်ချက်ပေးရလောက်အောင် အတန်းထဲတွင် တုံးလွန်း ညံ့လွန်းသူတစ်ဦး ဖြစ်ခဲ့မည်ဆိုခြင်းမှာ သံသယဖြစ်စရာမလိုပေ။ သို့သော် အတန်းထဲတွင် အများကလေးတွေလို စာမရလျှင် ညံ့သည်ဟုပြောလည်း သူခံရမည်သာဖြစ်သည်။ သူ့ထံတွင် အခြားကလေးတွေနှင့် မတူသည့် အတွေးအမြင်တွေရှိနေကြောင်း မည်သူသိသနည်း။ ဆရာက မည်သို့ ဖော်ထုတ်နိုင်မည်နည်း။ 

သူသည် အခြားသော ကလေးတွေလို ဘာသာရပ်တိုင်းတွင် တော်ချင်မှတော်မည်။ သို့သော် သူသည် သင်္ချာတွင် အလွန်တော်သည်။ သူ့အရွယ် သူ့အသက်နှင့် မလိုက်အောင် သင်္ချာတွင် ထူးချွန်သည်။ 

သူ့အသက် ၁၂ နှစ်အရွယ်တွင် သူပြောသည့် စကားတစ်ခွန်းက အရွယ်နှင့်မလိုက်ဟုဆိုရမည်။ အမှန်တရားတစ်ခုကို စဉ်းစားတွေးတောဆင်ခြင်ခြင်း တစ်ခုတည်းဖြင့် သက်သေပြနိုင်သည်။ ပြင်ပရှိ မည်သည့် အထောက်အကူမျှမပါဘဲ စဉ်းစားတွေးတောခြင်းဖြင့် အမှန်တရားတစ်ခုကို သက်သေပြနိုင်သည်ဆိုသည့်စကားမှာ ထူးဆန်းလွန်းလှသည်။ 

သူသည် သူ့ဖခင်လိုပင် သင်္ချာပညာကို အလွန်ထူးချွန်သူတစ်ဦးဖြစ်သည်။ သူ့ကို သင်္ချာတွင်တော်သည်ဟု ထင်ကောင်းထင်နိုင်သော်လည်း သိပ္ပံနှင့် ပတ်သက်သည့် အတွေးအမြင်ပိုင်းတွင် သူသည် မည်မျှအထိ အစွမ်းအစရှိနေသနည်းဆိုခြင်းကို နားလည်သဘောပေါက်သူမရှိဟုဆိုရမည်။

သူ့အသက် ၁၆ နှစ်အရွယ်တွင် တက္ကသိုလ်တက်ရန် အားထုတ်သည်။ ပုံမှန်အရွယ်က တက္ကသိုလ်တက်ရန် ပြင်ဆင်နေကြသည်မှာ ၁၈ နှစ်ဖြစ်သည်။ သူက ၁၆ နှစ်သားကတည်းက တက္ကသိုလ်တက်ရန် ပြင်ဆင်နေပြီ ဆိုခြင်းမှာ ထူးခြားသည်ဟုဆိုရမည်။ သူ့ရမှတ်တွေ ကသင်္ချာတွင်သာမဟုတ်။ ရုက္ခဗေဒ၊ စာပေ၊ နိုင်ငံရေးတို့တွင်လည်း သူ့အမှတ်တွေကကောင်းနေသည်။ ထို့ကြောင့် သူ့ကိုပညာရေးတွင် သုံးစားမရဟုပြောနိုင်သည့် ရှေးဦးဆရာ၏ သတ်မှတ်ချက်မှာလွဲမှားနေကြောင်း တွေ့ရသည်။

သူသည် Aarau ဆိုသည့် ဆွစ်ဇာလန်မြို့တွင် ကျောင်းတက်ခဲ့သည်။ ဇူးရစ်ရှိ ပိုလီတက်ကနစ်ကျောင်းတွင် တက်ခဲ့သည်။ သူလိုငါလိုသာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ပထမရသည်ဆိုသော ကျောင်းသားတွေထက် နှုတ်နည်း၊ သူငယ်ချင်းနည်းသည့် အိုင်းစတိုင်းလေးက ကျော်လွန်ပြီး အမှတ်ကောင်းနေသဖြင့် အားလုံး အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။ 

၁၉၀၀ ပြည့်နှစ်တွင် ပိုလီတက်ကနစ်ကျောင်းမှ ဘွဲ့ရသည်။ ထိုကျောင်းတွင်လည်း သိပ်ပြီး အစွမ်းအစရှိသူ၊ တော်သူတစ်ယောက်ဟု မဆိုနိုင်။ ယင်းကျောင်းကအောင်သည့်အခါတွင်လည်း သာမန်မျှသာဖြစ်သည်။ ၁၉၀၁ ခုနှစ်တွင် ဘွဲ့ရပြီးနောက် အလုပ်ဝင်လုပ်ရသည်။ ဘန်းမြို့ရှိ ဆွစ်မူပိုင်ခွင့်ရုံးတွင် နည်းပညာရှင် အဆင့် ၃ အဖြစ် သာမန်တာဝန်တစ်ခုကို စတင်ထမ်းဆောင်ရသူဖြစ်သည်။ 

ရုံးတွင် သာမန်စာရေးလေးအဆင့်ဖြင့် လုပ်ကိုင်ရင်းက လေးနှစ်အကြာတွင် သူရေးသည့် စာတမ်းတွေ ပေါ်ထွက်လာသည်။ အသက်မွေးမှုအတွက် စာရေးအလုပ်ကို လုပ်နေသော်လည်း သူဝါသနာပါသည့် ပညာရပ်ဆိုင်ရာတွေကို လေ့လာစူးစမ်းပြီး ဖော်ထုတ်နေသူတစ်ယောက်ဖြစ်ကြောင်း ထိုအချိန်မှ သိလာကြသည်။ အားလပ်ချိန်တိုင်းတွင် သူသည် လေ့လာစရာတွေကို လေ့လာအားထုတ်နေသည်။ သူပြောခဲ့သလိုပင် ပတ်ဝန်းကျင်မှ မည်သည့်အထောက်အကူမှမပါဘဲ ရအောင်တွေးတောနိုင်စွမ်းများကို သူ့နည်းသူ့ဟန်ဖြင့် ဖော်ထုတ်ပြလိုက်ခြင်းဖြစ်သည်။

သူသည် တစ်ချိန်က အပြောနှေး၊ အတွေးနှေး၊ အလုပ်နှေးပြီး အားလုံးထက် နောက်ကျသူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် အချိန်က အဆုံးအဖြတ်ပေးသည်။ တစ်နေ့မည်မျှ ရွေ့သည်ဖြစ်စေ၊ နောက်ဆုံးတွင် ပန်းတိုင်တစ်ခုဆီသို့ ရောက်အောင်သွားနိုင်ရမည်ဟု သူက သက်သေပြနိုင်ခဲ့သည်။

“ကျွန်တော်က ဖြည်းဖြည်းပဲ လုပ်တတ်တဲ့ အကျင့်ရှိတယ်။ ကျွန်တော်အံ့အားသင့်နေတဲ့ အာကာသအကြောင်းကို ဖြည်းဖြည်းချင်းပဲစဉ်းစားရင်းက ကျွန်တော်ကြီးပြင်းလာခဲ့ရတယ်”ဟု သူကဆိုသည်။ 

သူက သူစဉ်းစားတွေးခေါ်မိသည်တို့ကို အများသိအောင်ချပြသည်။ ထူးခြားသည့် အတွေးအမြင်များ သက်သေပြနိုင်မှုများကပင် ၁၉၀၉ ခုနှစ်တွင် သူ့ကို ပါမောက္ခတစ်ဦးအဖြစ် အသိအမှတ်ပြုစေရန် ဖြစ်လာခဲ့သည်။ ဘွဲ့ရပြီး ၉ နှစ်အကြာတွင် သူ့ကို ပါမောက္ခအဖြစ်အသိအမှတ်ပြုခြင်းခံရသည်။ ဘွဲ့ရပြီး လေးနှစ်အကြာတွင် သူ့စာတမ်းများကို စာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့သည်။ သူ့စာတမ်းနှင့် အကြောင်းအရာတွေက ကမ္ဘာကျော်သွားသည်။

သူက E=mc2 ဆိုသည့် သဘောတရားတစ်ခုကို ထူထောင်ပြလိုက်သည်။ သူ၏ ထိုသီအိုရီက ကမ္ဘာကျော်သွားပြီး ၁၉၂၂ ခုနှစ်တွင် နိုဘယ်လ်ဆုကို ချီးမြှင့်ခြင်းခံလိုက်ရသည်။

အိုင်းစတိုင်းက ဘာကို သက်သေပြလိုက်သနည်း။

“ဖြည်းဖြည်းမှန်မှန်ကြံဆောင်ခြင်းဖြင့် ပန်းတိုင်ကို လှမ်းကိုင်နိုင်သည်” ဆိုသည့် သဘောတရားကို သူက သက်သေပြုခဲ့ခြင်းဖြစ်သည်။ သို့သော် သူက တစ်ချက်ထောက်ပြထားသေးသည်။ ဘဝဆိုသည်မှာ တာတို ပြေးပွဲမဟုတ်။ တာဝေးကို အကြာကြီးပြေးရမည့် သဘောတွင်ရှိသည်။ ဇွဲရှိဖို့တော့လိုသည်။

E-01

  • TAGS