News

POST TYPE

YOUTH

အားကျစေချင်နည်းပညာရှင်များ (၁၁)
28-Jul-2018 tagged as



မာယန်၏ ဘဝရည်မှန်းချက် (၂)

မာယန်က မိမိအနေနှင့် C2C ဟုခေါ်နေသော Customer-to-Customer ဈေးကွက်ထဲဝင်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ သူက ဈေးကွက်ကို လွှမ်းမိုးနိုင်ရေးအတွက် နည်းမျိုးစုံနှင့် ပြင်ဆင်တော့သည်။ ပထမဆုံးတိုက်ပွဲကိုလည်း သူက လျှို့ဝှက်စွာ စီစဉ်နေသည်။ Taobao ကို သူပွဲထုတ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်မည့် ပမာဏမှာ ယွမ်သန်း ၁၀၀ ဟု ခန့်မှန်းထားသည်။

Taobao ၏ စီမံခန့်ခွဲမှုဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာအဖြစ် ခန့်ထားသည့် ဆွန်တန်ယုကို မာယန်က အမိန့်ပေးထားသည်။ Taobao သည် သုံးနှစ်အတွင်း အကျိုးအမြတ်မရှိနိုင်။ သို့သော် အကျိုးအမြတ်မရှိဘဲ အခမဲ့ ဝန်ဆောင်မှုဖြင့် လုပ်ကိုလုပ်နေရမည်ဟုဖြစ်သည်။ သူ့ရည်ရွယ်ချက်ကရှင်းသည်။ တရုတ်တွင် လာပြီး စွာကျယ်ကျယ်လုပ်နေသော eBay ကို အပြုတ်တိုက်ရန်သာဖြစ်သည်။ ဖောက်သည်များကို အခမဲ့ဝန်ဆောင်မှု သုံးနှစ်ပေးပြီး သူ့ဘက်ကို အရှုံးခံကာ ရအောင်ဆွဲယူမည့် ဗျူဟာကို သူချမှတ်ခဲ့ခြင်းဖြစ်သည်။

Taobao အနေနှင့် eBay ကလာရောက်ဖွင့်လှစ်ထားသော Eachnet ကို အပြုတ်တိုက်ရန် ယွမ်သန်း ၃၀ ချမှတ်သုံးစွဲပြီး ကြော်ငြာတွေကိုဖြန့်သည်။ အစပိုင်းတွင် အင်တာနက် portal များက Taobao ကြော်ငြာများကို မတင်ပေးကြပေ။ ထို့ကြောင့် Taobao သည် ကိုယ်ပိုင် Website တွေလုပ်သည်။ အွန်လိုင်းတွင် လိုက်ကြော်ငြာသည်။ ပြင်ပတွင်လည်း လမ်းများ၊ မြေအောက်မီးရထား ဘူတာရုံများတွင် ကြော်ငြာကြီးတွေချိတ်ပြီး ရအောင်ထိုးဖောက်ကြသည်။

eBay ကလည်း Taobao ကို ၁၈ လအတွင်း အပြုတ်ဖြုတ်ပြမည်ဟု ကြွေးကြော်ကြသည်။ သို့သော် eBay ထင်သလို Taobao က ပြုတ်မသွားသည့်အပြင် ကြော်ငြာအားများဖြင့် ထောင်တက်သွားသည်။ မာယန်က -

“Eachnet ကိုတိုက်ဖို့ဆိုတာ သူတို့ အားနည်းချက်ကို တစ်လလောက်ပဲ လေ့လာလိုက်တာနဲ့ လုံလောက်တယ်” ဟု အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

မာယန်၏ ပြောဆိုနေမှုများမှာ ရန်လိုစွာဖြင့် ပြောနေခြင်းထက် အရူးတစ်ယောက်ပြောသလိုဖြစ်နေသည်ဟု ထင်စရာဖြစ်သည်။ သို့သော် သူက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နှင့် ပြောနေခြင်းဖြစ်သည်။ ထိုအချိန်တွင် Eachnet ကို ပိုင်ဆိုင်သူ ရှောင်ယိပိုကလည်း မာယန်ပြောသမျှကို ဂရုစိုက်နေသူမဟုတ်။ သူကလည်း သူ့ဘက်က တုံ့ပြန်ပြီး ဘာလုပ်မည်ဆိုခြင်းကို ထုတ်ပြောနေသည်။ သူကခပ်ကြွားကြွားဖြင့်-

“ကျွန်တော်တို့ကို လာပြိုင်တဲ့သူတွေကို ဘယ်သူကရော အခကြေးငွေပေးမှာလဲ” ဟုဆိုသည်။ 

အမှန်တော့ ရှောင်ယိပိုသည် မာယန်ကိုလျှော့တွက်လိုက်မိခြင်းဖြစ်သည်။ Taobao က သူတို့ Website ကတစ်ဆင့် လာတင်သမျှကို အခမဲ့ဝန်ဆောင်မှုပေးသည်။ သို့သော် သူတို့ပေးသည့် အခြားအရေးကြီးသော ဝန်ဆောင်မှုမှာ အာမခံချက်ဖြစ်သည်။ ပစ္စည်းကို ဝန်ဆောင်မှုအတွက် အပြည့်အဝ အာမခံချက်လည်း ပေးထားသည်။ ရောင်းသူနှင့် ဝယ်သူကြားတွင် အဆင်ပြေစေရန်အတွက် မာယန်က ငွေပေးချေမှုကို ကြားခံလုပ်ဆောင်ပေးမည့် အဖွဲ့တစ်ခုကို ချိတ်ဆက်ပေးထားသည်။ နှစ်ဖက်ကြားတွင် ငွေပေး ငွေယူကိစ္စများကို Alipay အနေနှင့် သီးခြားဝန်ဆောင်ပေးသည်။ 

Alipay ကို မာယန်က ဘဏ်ကြီးများနှင့် ချိတ်ဆက်ပြီး ထူထောင်ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ စက်မှုဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ ဆောက်လုပ်ရေးဘဏ်စသည်တို့နှင့် အားလုံးချိတ်ဆက်ထားသောကြောင့် အဆင်ပြေကြသည်။ ထို့ပြင် နိုင်ငံတကာငွေကြေးဝန်ဆောင်မှုကတ်ဖြစ်သည့် Visa ကို ချိတ်ဆက်ထားပေးသောကြောင့် အွန်လိုင်း ငွေပေးငွေယူလုပ်ငန်းများတွင် အဆင်ပြေနေခြင်းက Taobao ကို စိတ်ဝင်စားစရာ ဖြစ်လာစေခဲ့သည်။ တရုတ်နိုင်ငံပြင်ပရှိ ဖောက်သည်များကိုပါ ဖိတ်ခေါ်လိုက်သည့် သဘောဖြစ်သည်။

မာယန်၏ ဦးဆောင်မှုအောက်တွင် Taobao သည် Taobao များကြား၌ ချက်ချင်း နာမည်ရလာသည်။ ဝန်ဆောင်မှုကောင်းခြင်း၊ မှန်ကန်ခြင်းနှင့် အရည်အသွေး တာဝန်ခံခြင်းများကြောင့် သုံးစွဲသူတို့ စိတ်တိုင်းကျနေကြကြောင်းလည်း တွေ့ရသည်။ 

၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် တရုတ်မှ Yahoo သည် Alibaba Group နှင့် ပူးပေါင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Yahoo ၏ CEO ဖြစ်သူ ဂျယ်ရီယန်းသည် Alibaba Yahoo ကို ထူထောင်ခွင့်ပြုလိုက်ရုံမက Alibaba Group ထံမှ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကိုပါဝယ်လိုက်သည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြစ်သည်။ သူက မာယန်ကို တစ်ခုပဲတောင်းဆိုသည်။ Yahoo ကို တရုတ်က လူတိုင်းသိအောင် လုပ်ပေးပါဟူ၍ဖြစ်သည်။

မာယန်နှင့် ဂျယ်ရီယန်းတို့နှစ်ယောက် မိတ်ဆွေဖြစ်သွားရခြင်းမှာ ၁၉၉၇ ခုနှစ်လောက်ကတည်းက ဖြစ်သည်။ ဂျယ်ရီယန်းသည် ဘေဂျင်းကို ပထမဆုံးရောက်လာသည်။ မာယန်က သူ့ကို နိုင်ငံခြားကုန်သွယ် ရေးနှင့် စီးပွားရေးဝန်ကြီးဌာနကိုဖိတ်ခေါ်သည်။ ထို့နောက် တရုတ်မဟာတံတိုင်းကြီးနှင့် တားမြစ်မြို့တော်ကြီး အတွင်းသို့ လိုက်ပြသည်။ ထိုစဉ်ကတည်းက ဂျယ်ရီ၏ စိတ်ကူးထဲတွင် မာယန်ကို တရုတ် Yaoo အား စီမံအုပ်ချုပ်ပေးရန် ပြောမည်ဟု စိတ်ကူးများရှိခဲ့ပြီး ဖြစ်သည်။ 

၂၀၀၅ ခုနှစ် ဧပြီလတွင် ဂျယ်ရီယန်းသည် မာယန်ထံ စာတစ်စောင်ပေးပို့လိုက်သည်။ Alibaba.com အောင်မြင်မှုအတွက်ဖြစ်သည်။ သူက မာယန်ကို စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်ကြောင်း အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ပူးပေါင်းပြီး အင်တာနက်စီးပွားရေးလုပ်ကြရန်လိုအပ်ကြောင်းလည်း ရေးလိုက်သည်။

မကြာမီ မာယန်ကို တရုတ်-အမေရိက စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ညီလာခံသို့ ဖိတ်ကြားခြင်းခံလိုက်ရသည်။ မာယန်က မိမိအနေနှင့် Search engine လုပ်ငန်းနယ်ပယ်သို့ဝင်ရောက်လိုကြောင်း ဂျယ်ရီယန်းကို ပြောကြားသည်။ တရုတ်အင်တာနက် လုပ်ငန်းကို မာယန်ကလုပ်ဆောင်လိုသည်။ အနာဂတ် e-Commerce  လုပ်ငန်းသည် အင်တာနက် ရှာဖွေရေးလိုင်း Search engine နှင့် ဆက်စပ်နေကြောင်း သူကောင်းစွာ မြင်ထားသောကြောင့်ဖြစ်သည်။ သို့သော် Alibaba Group အနေနှင့် ထိုအချိန်က Search engine ကို ထူထောင်နိုင်မည့် အနေအထားတွင် မရှိသေးပေ။ ထို့ကြောင့် သူနှင့် အင်တာနက်လိုင်းထောင်ရန် ပူးပေါင်းလုပ်ဆောင်မည့်သူကို မာယန်ရှာရတော့သည်။

မာယန်က စဉ်းစားသည်။ အကယ်၍ သူသည် Google နှင့် ချိတ်လိုက်လျှင် Google ကောင်းစားသွားမည်။ Yahoo နှင့်ချိတ်လိုက်လျှင်လည်း Yahoo ကောင်းစားသွားမည်။ ထို့ကြောင့် ကိုယ်ကပူးပေါင်းသည့် သဘောမဟုတ်ဘဲ သူကလာပြီး ပူးပေါင်းခြင်းဖြင့် အကျိုးဖြစ်အောင်ကြံဆောင်နိုင်ရမည်။ မာယန်က Yahoo သည် သူ့ထံကို Yahoo China အနေဖြင့် ၁၀၀ ရာခိုင်နှုန်း ထိုးအပ်လာရန်မျှော်လင့်နေသည်။ အကယ်၍ Yahoo က သူ့ထံလာပြီး ရာနှုန်းပြည့် မအပ်လျှင် မလုပ်ပေးဟုလည်း ဆုံးဖြတ်ထားသည်။

မာယန်က Yahoo စီမံအုပ်ချုပ်ရေးအဖွဲ့ကို တစ်ခွန်းတည်းမေးလိုက်သည်။ 

“ခင်ဗျားတို့ ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုနဲ့ ကုမ္ပဏီအဆင့်ကို ထိပ်တန်း ၃၀ ကျော်ဖြစ်အောင် လုပ်မလား၊ ၄၀ ရာခိုင်နှုန်းလောက်ပဲ ပိုင်ဆိုင်မှုယူပြီး ထိပ်တန်းနံပါတ် ၃ အဆင့်အတွင်းမှာ နေမလား ကြိုက်တာရွေးလို့ရတယ်” ဟုပြောလိုက်သည်။ Yahoo ဒုတိယ တောင်းဆိုမှုကို ရွေးချယ်လိုက်သည်။ 

မာယန်သည် ငွေကြေးအပိုင်းတွင် လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ကိုပါရလိုက်သည်။ သူ့နည်းသူ့ဟန်ဖြင့် တရုတ်လုပ်ငန်း၏ အနာဂတ်ကို သူဖန်တီးတော့မည်ဖြစ်သည်။ 

“အရင်းအနှီးဆိုတာ စွန့်ဦးလုပ်ငန်းရှင်တွေအတွက် အလွန်အရေးကြီးတဲ့ကိစ္စပဲ။ ကျွန်တော်ကကိုယ်တိုင်ဦးစီးဦးဆောင်မလုပ်ရတဲ့ လုပ်ငန်းတွေကို ဘယ်တော့မှ မလုပ်ဘူး။ အရင်းအနှီးကို ကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်းဟာ လုပ်ငန်းဝိညာဉ်ကို ထိန်းချုပ်လိုက်နိုင်ခြင်းပဲ” ဟု သူကဆိုသည်။

Yahoo China သည် တရုတ်လည်းမဟုတ်၊ နိုင်ငံခြားလည်းမဟုတ်သည့် အနေအထားကို မာယန်က ကြိုးစားလုပ်ဆောင်လျက်ရှိသည်။ နှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်သည့် လုပ်ငန်းကြီးတစ်ခုအသွင်ဖြင့် သူက အကောင်အထည်ဖော်ပေးနေခြင်းဖြစ်သည်။ သူက ကုမ္ပဏီ၏ပုံစံကို အသစ်ပြန်လည် တည်ဆောက်သည်။ တရုတ် Yahoo ၏ အွန်လိုင်းဒီဇိုင်းကစပြီး ပြုပြင်ပြောင်းလဲလိုက်သည်။ တစ်နည်းဆိုရလျှင် မာယန်သည် တရုတ် Yahoo ကို Google လို ပထမရှေ့ဆုံးစာမျက်နှာအား Search engine အသွင် ပြုပြင်လိုက်ခြင်းဖြစ်သည်။ Portal တစ်ခုထက် Search  engine အဖြစ် ထင်သာမြင်သာရှိလာအောင် သူလုပ်လိုက်ခြင်းဖြစ်သည်။

Yahoo China ကို မာယန်သည် ရှေ့ဆုံးစာမျက်နှာအား ပြုပြင်လိုက်ရုံသာမက ဝန်ထမ်းတွေကိုပါ ပြောင်းလိုက်သည်။ ၂၀၀၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် မာယန်သည် ဟန်ကျိုးတွင် ပထမ ဆုံး Yahoo ဝန်ထမ်းများ တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။ Yahoo ကို တရုတ်လွှဲပြောင်းယူပြီးကတည်းက ပထမဆုံးခေါ်သည့် တွေ့ဆုံပွဲဖြစ်သည်။ Yahoo ယခင် ဝန်ထမ်း ၇၀၀ ကျော်တက်ရောက်လာကြသည်။ သူတို့သည် ဟန်ကျိုးကို ဘေဂျင်းက ရထားဖြင့်လာကြသည်။ Yahoo တရုတ် ဝန်ထမ်းပေါင်းစုံတွေ့ဆုံပွဲကို တက်ရောက်လာကြသည့် ဦးရေမှာ ၃၀၀၀ ခန့်ဖြစ်သည်။ မာယန်က ဝန်ထမ်းများကို မိနစ် ၄၀ စကားပြောသည်။ သူ့မိန့်ခွန်းထဲတွင် Yahoo နှင့် Alibaba ကွဲနေသော်လည်း သူက တစ်ဖွဲ့တည်းဖြစ်သည်ဟုမြင်ကြောင်း နိဒါန်းချီလိုက်သည်။ လက်ခုပ်တွေ တီးကြသည်။ သူက မိမိတို့ Alibaba Group ကြီးကို လာမည့်လေးနှစ် ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅၀၀ စာရင်းတွင် ဝင်လာရစေမည်ဟု ကတိပေးလိုက်သည်။ 

ဝန်ထမ်းတွေ့ဆုံပွဲပြီးကတည်းက မာယန် တစ်ယောက်လှုပ်ရှားတော့သည်။ သူ့ကုမ္ပဏီ ငါးစုကို ပူးပေါင်းလိုက်သည်။ သူထူထောင်ထားသည့် ကုမ္ပဏီအစုများမှာ Alibaba, Taobao, Alipay, Yahoo China နှင့် Alisoft တို့ဖြစ်သည်။ သူက ထိုအဖွဲ့ ငါးဖွဲ့နှင် အွန်လိုင်းလုပ်ငန်းအားလုံးကို တရုတ်တွင် လက်ဝါးကြီးအုပ်နိုင်ရန် အားထုတ်ကြိုးပမ်းလိုက် သည်။ သူမှန်းထားသည့်အတိုင်း သုံးနှစ်အတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံး အင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်လာသည်။ 

Alibaba Group သည် တရုတ်၏ အင်တာနက်လုပ်ငန်းအားလုံးကို ထိန်းချုပ်ထားနိုင်သည့် အနေအထားကို ရောက်သွားသည်။ သူမှန်းထားသည့်အတိုင်းလည်း သူ့အင်တာနက်ကို သုံးစွဲသူ သန်း ၂၀၀ ကျော် ရရှိလာသည်။ ၁၀ နှစ်အတွင်း အင်တာနက်ကုမ္ပဏီများထဲတွင် အကြီဆုံး ထိပ်တန်း အင်တာနက်သုံးခုစာရင်း ဝင်ကိုဝင်ရမည်ဆိုသည့် စိတ်ဓာတ်ဖြင့် သူကိုယ်တိုင် ဦးဆောင်လုပ်နေသည်။ 

၂၀၀၇ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် ဟောင်ကောင်တော့အိတ်ချိန်းက Alibaba ကို အသိအမှတ်ပြုလာရပြီး တန်ဖိုးအားဖြင့် ယွမ် ၇ ဒသမ ၅၈ ဘီလီယံတန်ကြောင်း ပိုင်းဖြတ်ခဲ့သည်။ မာယန်က ဗစ်တိုးရီးယား ဟာဗားဟိုတယ်ပေါ်မှကြည့်ကာ ပြုံးလိုက်သည်။ သူ့နှုတ်ကလည်း -

“အမေဇုန်ဆိုတာ ကမ္ဘာ့အရှည်ဆုံးမြစ်။ ဧဝရက်ဆိုတာလည်း အမြင့်ဆုံးတောင်။ အလီဘာဘာဆိုတာလည်း ကမ္ဘာမှာ အချမ်းသာဆုံး ရတနာသိုက်ကြီးဖြစ်ရမယ်” ဟု ဆိုလိုက်သည်။

E-01

(Ref: Dream Which Have Come True,  Xue Hong)

  • TAGS