News

POST TYPE

WORLD CUP 2018

ကမ္ဘာ့ဖလား အက်ပလီကေးရှင်းဖြင့် အစ္စရေးစစ်သားများ၏ အချက်အလက်ကို ဖောက်ထွင်းရန် ဟားမားစ်အဖွဲ့ ကြိုးပမ်းဟု အစ္စရေးစွပ်စွဲ
05-Jul-2018

တဲလ်အဗစ်၊ ဇူလိုင် ၄

ပါလက်စတိုင်း အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဟားမားစ်သည် ကမ္ဘာ့ဖလားနှင့်ဆက်စပ်နေသော အက်ပလီကေးရှင်းတစ်ခုကို အသုံးချပြီး အစ္စရေးစစ်သားများ၏ဖုန်းများမှ အချက်အလက်များကို ဖောက်ထွင်းခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း အစ္စရေးစစ်တပ်က စွပ်စွဲခဲ့ကြောင်း DWသတင်း ဌာနက ဖော်ပြသည်။ 

အောင်သွယ်အက် ပလီကေးရှင်း နှစ်ခုကိုလည်း အသုံးချခဲ့သည်ဟု အစ္စရေး တာဝန်ရှိသူများကပြောသည်။

“ထိခိုက်မှုမရှိပါဘူး။ အချိန်မီ တားလိုက်နိုင်ပါတယ်”ဟု အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့ပြီး “အသည်းကွဲ စစ်ဆင်ရေး”အမည်ဖြင့် တုံ့ပြန်ခဲ့သည်ဟု ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဟားမားစ်စစ်သွေးကြွများသည် လှပချောမောသော မိန်းကလေးများ အယောင်ဆောင်ပြီး အစ္စရေးစစ်သားများ၏ ဆဲလ်ဖုန်း ဒါဇင်ချီပြီး ဖောက်ထွင်းခဲ့သည်ဟု အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့ဖူးသည်။

ယင်းစွဲချက်များနှင့်ပတ်သက်၍ ဂါဇာအခြေစိုက် ဟားမားစ်အဖွဲ့ကမူ မှတ်ချက် တစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိပေ။

ဟားမားစ်အဖွဲ့သည် အက်ပလီကေးရှင်းသုံးမျိုးကို အသုံးချပြီး ယင်းတို့ကို Google Play Store မှ ဒေါင်းလုပ်ရယူ သုံးစွဲမှုအကြိမ် ၄၀၀ ရှိခဲ့သည်ဟုဆိုသည်။ အစ္စရေးစစ်သား ၁၀၀ ခန့်မှာ ယင်းငါးစာနှင့်မိသွားပြီး အက်ပလီကေးရှင်းများ ဒေါင်းလုပ်ရယူခဲ့သည်ဟု ဆိုသည်။

ယခင်အကြိမ်များနှင့် အလားတူပင် ဟားမားစ်အဖွဲ့သည် အောင်သွယ်အက်ပလီကေးရှင်းနှစ်ခုကိုအသုံးချပြီး စစ်သားများ၏ဖုန်းများအတွင်း ဖောက်ထွင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်ဟုဆိုသည်။ တကယ့် အမျိုးသမီး အစစ်များ၏ ဖေ့စ်ဘွတ်ခ် အကောင့် များမှ ခိုးယူထားသောကိုယ် ရေးမှတ်တမ်းနှင့် ဓာတ်ပုံများကိုအသုံးချပြီး သွေးဆောင်ဖြားယောင်းခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ကမ္ဘာ့ဖလား အက်ပလီကေးရှင်းတစ်ခုကိုပါ အသုံးချပြီး စစ်သားရော စစ်သမီးများကိုပါ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ “Golden Cup”ဟု အမည်ပေးထားသော အက်ပလီကေးရှင်းတွင် ပွဲစဉ်များ၊ အနှစ်ချုပ်နှင့် တိုက်ရိုက် နောက်ဆုံးရသတင်းများကို HD ရုပ်ထွက်ဖြင့် ကြည့်ရှုနိုင်သည်ဟု ဆွဲဆောင်ထားသည်ဟုဆိုသည်။

ယင်းအက်ပလီကေးရှင်းများမှတစ်ဆင့် စစ်သားများ၏ တည်နေရာကို ဟားမားစ်အဖွဲ့က ထောက်လှမ်းနိုင်သလို ဓာတ်ပုံများ ရိုက်ယူပေးပို့ခြင်း၊ ဖုန်းကိုအသံခိုးနားထောင်သည့် ကိရိယာအဖြစ် ပြောင်းလဲပစ်ခြင်းများကိုပါ ပြုလုပ်နိုင်သည်ဟုဆိုသည်။

F-03