News

POST TYPE

WORLD CUP 2018

ကမ္ဘာ့ဖလားပရိသတ် ဟန်ဆောင်ကာ ရုရှားမှတစ်ဆင့်အီးယူသို့ ရွှေ့ပြောင်းများဝင်ရောက်
26-Jun-2018
မော်စကို၊ ဇွန် ၂၅

အာရှနှင့် အာဖရိဒေသမှ ရွှေ့ပြောင်းအခြေချသူ အမြောက်အမြားသည် ဥရောပသမဂ္ဂ (အီးယူ) ထဲသို့ ဝင်ရောက်ရန် ရုရှားနိုင်ငံတွင် လက်ရှိကျင်းပနေသော ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အခွင့်ကောင်းယူ အသုံးချလျက်ရှိကြောင်း ဂျာမန်မီဒီယာများက ရေးသားဖော်ပြသည်။ 

DW သတင်းဌာနက အီးယူနိုင်ငံများ၏ နယ်စပ်ဒေသအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားရေးသားဖော်ပြချက်အရ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ရုရှားနိုင်ငံတွင်း ပြည်ဝင်ခွင့်ဗီဇာနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ လျှော့ချလိုက်ခြင်းကြောင့် အီးယူထဲသို့ ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်ရန် ပိုမိုလွယ်ကူစေခဲ့သည်။ သို့မဟုတ် တရားမဝင်ဝင်ရောက်ရန် ကြိုးပမ်းလာအောင် ဖန်တီးပေးလိုက်သကဲ့သို့ရှိသည်။ 

ပြီးခဲ့သည့်သီတင်းပတ် ကမ္ဘာ့ဖလား စတင်သည့်အချိန်မှစ၍ ဖင်လန်နိုင်ငံထဲသို့ ရုရှားဘက်မှ ဝင်ရောက်လာသူငါးဦးရှိကြောင်း၊ ၎င်းတို့သည် ဘောလုံးပရိသတ်ဖြစ်ကြောင်း ဖော်ပြထားသည့် မှတ်ပုံတင်ကတ်ပြားသာပါရှိကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

ရုရှားနိုင်ငံသားမဟုတ်သူများအနေနှင့် အဆိုပါ ကမ္ဘာ့ဖလားပရိသတ်ဖြစ်ကြောင်း အထောက်အထားကတ်ပြားကို အလွယ်တကူဝယ်ယူ၍ရကြောင်း ဂျာမန် Spiegel အွန်လိုင်းမဂ္ဂဇင်းက ရေးသားဖော်ပြသည်။

ဖင်လန်အာဏာပိုင်များ၏အဆိုအရ မော်ရကို၊ နိုင်ဂျီးရီးယားနှင့် တရုတ်နိုင်ငံသားများသည် နိုင်ငံခိုလှုံခွင့် လျှောက်ထားလာပြီဖြစ်သည်။ 

မော်ရိုကိုနိုင်ငံသားများကမူ နယ်စပ်ဒေသကို ကုန်းတွင်းပိုင်းမှ ဖြတ်သန်းဝင်ရောက်လာခြင်းဖြစ်သည်ဟုဆိုပြီး တရုတ်နိုင်ငံသားများကမူ ဖင်လန်နိုင်ငံ၏မြို့တော် ဟယ်လ်ဆင်ကီးသို့ ရုရှားမှတစ်ဆင့် လေယာဉ်ပျံဖြင့် လာရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ကမ္ဘာ့ဖလားပရိသတ်ဖြစ်ကြောင်း သက်သေခံကတ်ပြားရှိပါက ရုရှားနိုင်ငံထဲသို့ ဗီဇာမပါဘဲ ဝင်ရောက်ကာ ဇူလိုင် ၁၅ ရက်၊ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးပြီးနောက် ၁၀ ရက်အထိ နေထိုင်နိုင်သည်။ 

Spiegel အွန်လိုင်းမဂ္ဂဇင်း၏ ရေးသားဖော်ပြချက်အရ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို ကာကွယ်ရန် ရုရှားရဲတပ်ဖွဲ့က သတင်းပေးပို့ခဲ့သည်ဟု ဆိုသည်။  

F-01
 


  • VIA