News

POST TYPE

WORLD CUP 2018

ကမ္ဘာ့ဖလားပွဲများကို ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် ပြန်လည်ပြသမှု Sky Net တားမြစ်
19-Jun-2018
ရန်ကုန်၊ ဇွန် ၁၉

ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ဖလားပွဲစဉ်များကို မြန်မာနိုင်ငံတွင်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် ပြန်လည်ပြသမှုများနှင့်ပတ်သက်၍ Sky Net က တားမြစ်လိုက်သည်။

ထိုသို့ပြသမည်ဆိုပါက Hotel Package/Subscription အစီအစဉ်ဖြင့် Sky Net မှ ဝယ်ယူပြသရမည်ဖြစ်ဟု အသိပေးစာ ပေးပို့ထားကြောင်း ရွှေသံလွင်မီဒီယာ ကုမ္ပဏီထံမှ သိရသည်။

Sky Net  က ထုတ်လွှင့်ပြသနေသည့် ချန်နယ်များမှ FIFA World Cup ပွဲစဉ်များကို ဟိုတယ်များတွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါကြောင်းကို အများပြည်သူအား ကြေညာထားခြင်းများကိုပါ ပြုလုပ်ခဲ့ပါက ရွှေသံလွင့်ကုမ္ပဏီ၏ မူပိုင်ခွင့်ကို ထိခိုက်သည်ဖြစ်၍ Sky Net ရုပ်သံလိုင်းအနေနှင့် များစွာ နစ်နာရကြောင်း အသိပေးစာတွင် ပါရှိသည်။

Sky Net မှ တစ်ဦးတည်း မူပိုင်ပြသခွင့် ရရှိထားသော ရုပ်သံလိုင်းများကို Sky Net ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူသို့ ပြသမည်ဆိုပါက Sky Net ၏ မူပိုင်ခွင့်ဥပဒေကို အကာအကွယ်ယူ၍ နစ်နာကြေးကို တရားဥပဒေဘောင်အတွင်းမှ တောင်းခံမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ယင်းနှင့်ပတ်သက်၍ ရွှေသံလွင် မီဒီယာကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာတွင် ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “အခုလောလောဆယ် သေသေချာချာ ဘာမှပြောလို့မရသေးလို့ပါ။ အကယ်လို့ ကျွန်မတို့ ပြောလို့ရတဲ့အခါကျရင် အားလုံး သိမှာပါ။ Notice စာပို့တယ်ဆိုတာ ကျွန်မတို့ ဘောင်အတွင်းက လုပ်တာပါ”ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များအတွက် မြန်မာနိုင်ငံတွင် တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ကို Sky Net က တစ်ဦးတည်း မူပိုင်ရရှိခဲ့ပြီး ပွဲစဉ်အများစုကို ၎င်း၏ အခပေး ရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ်လွှင့် ပြသခွင့် ရရှိထားပြီဖြစ်သည်။

“ကျွန်တော်တို့ကတော့ သူတို့ဆီကပဲဝယ်ပြီး ပြလိုက်တယ်။ Package ဝယ်ပြီးပြလိုက်တယ်။ အခကြေးငွေနဲ့ပြမှသာ သူတို့က တရားစွဲမှာပါ။ ကျွန်တော်တို့က သူတို့ဆီက Package ဝယ်ထားတာပဲ”ဟု Brave Bar ပိုင်ရှင်ဖြစ်သူ ကိုစိုးလှိုင်ကဆိုသည်။

Sky Net က အသိပေးစာနှင့် ပတ်သက်၍ ယခုအချိန် စာလာမပို့သေးကြောင်း သန်လျင်မြို့နယ် မြမြင့်မိုရ်ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Hotel Promotion အတွက် ရည်ရွယ်၍ FIFA Logo အမှတ်တံဆိပ်များကို သုံးစွဲခွင့်မပြုရန် မေတ္တာရပ်ခံကြောင်းနှင့် လူကြီးမင်းတို့ Hotel  က FIFA Logo အမှတ်တံဆိပ်များကို အသုံးပြုပါက သုံးစွဲသူ၏ တာဝန်သာဖြစ်ကြောင်း အကြောင်းကြားစာတွင် ရေးသားထားသည်။

J-10