News

POST TYPE

WORLD CUP 2018

2018 World Cup GROUP (C)
15-Jun-2018


ပြင်သစ်အတွက် သွားလမ်းသာ၊ လာလမ်းဖြောင့်နေတဲ့ အုပ်စု (ဂ)

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဂ) သုံးသပ်ချက်

အုပ်စု (ဂ) အတွင်းမှာ ရင်ဆိုင်ရမယ့်ပြိုင်ဘက်တွေဟာ ဩစတြေးလျ၊ ပီရူး၊ ဒိန်းမတ်တို့ သုံးသင်းဖြစ်နေလို့ ပြင်သစ်အတွက် ကံကောင်းတာပါပဲ။ ဩစတြေးလျ၊ ပီရူး၊ ဒိန်းမတ်တို့ရဲ့ ထူးထူးခြားခြားတူညီနေတဲ့ အချက်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ကြိမ်စီကစားခဲ့ဖူးတဲ့ အတွေ့အကြုံတူညီနေတာဖြစ်ပြီး ပြင်သစ်နဲ့အတူ ၁၆ သင်းအဆင့်ကို ဘယ်အသင်းတက်လှမ်းသွားမလဲဆိုတာဟာ ဖြေရခက်တဲ့မေးခွန်းဖြစ်ပါတယ်။

ပြင်သစ်

ပြင်သစ်ဟာ လက်ရှိမျိုးဆက်အနေအထားအရ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းကလိုမျိုး ချန်ပီယံဆုရဖို့ထိုက်တန်ပေမယ့် မရယူနိုင်သေးပါဘူး။ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ကွာတားဖိုင်နယ်၊ ယူရို ၂၀၁၆ တုန်းက ဒုတိယသာရခဲ့တဲ့အတွက် လမ်းတစ်ကမ်းအကွာ ရောက်နေပြီလို့တော့ ပြောနိုင်ပါတယ်။ ဒါကြောင့် အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိသမျှအစွမ်း အကုန်ထုတ်ပြရတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၄ ကြိမ် ကစားခဲ့ဖူးတဲ့ပြင်သစ်အတွက် ကံကောင်းတာကတော့ အုပ်စုအဆင့်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်မယ့်အနေအထားရှိနေတာဖြစ်ပြီး အုပ်စု ဗိုလ်ဖြစ်ခဲ့မယ်ဆိုရင် ပြိုင်ပွဲလမ်းကြောင်းကလည်း လှနေပါတယ်။ ၂၀၁၂ မှာကတည်းက ကိုင်တွယ်ခဲ့တဲ့ နည်းပြဒက်စ်ချမ့်စ်ရဲ့ ပြင်သစ်ဟာ ခြေစစ်ပွဲအဆင့်မှာတုန်းကတော့ ဆွီဒင်၊ နယ်သာလန်တို့ပါဝင်တဲ့ အုပ်စုမှာ ဒုတိယနေရာက ဆွီဒင်ကို လေးမှတ်ဖြတ်ကာ အုပ်စုဗိုလ်ဖြစ်ခဲ့တယ်ဆိုပေမယ့် အားရာစရာသိပ်မကောင်းခဲ့တာက တိုက်စစ်ပိုင်းဖြစ်နေပါတယ်။ ဘီလာရုစ်၊ လူဇင်ဘတ်၊ ဘူဂေးရီးယားတို့လည်းပါဝင်တဲ့ အဲဒီအုပ်စုအဆင့်ခြေစစ်ပွဲ ၁၀ ပွဲမှာ ၁၈ ဂိုးသာ သွင်းနိုင်ခဲ့တာဖြစ်ပြီး ဒီနှုန်းဟာ ဆွီဒင်ထက် ရှစ်ဂိုး၊ နယ်သာလန်ထက် သုံးဂိုးပိုနည်းနေတာပါ။ ခြေစစ်ပွဲအဆင့်တုန်းက အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့အသင်းတွေမှာ ပေါ်တူဂီက ၃၂ ဂိုး၊ ဂျာမနီက ၄၃ ဂိုး၊ ဆားဘီးယားက ၂၀ ဂိုး၊ ပိုလန်က ၂၈ ဂိုး၊ အင်္ဂလန်က ၁၈ ဂိုး၊ စပိန်က ၃၆ ဂိုး၊ ဘယ်လ်ဂျီယံက ၄၃ ဂိုး၊ အိုက်စလန်က ၁၆ ဂိုးသွင်းခဲ့တဲ့အတွက် ပြင်သစ်ရဲ့ဂိုးသွင်းနှုန်းအားရစရာမရှိဘူးဆိုတာ မြင်သာနေပါတယ်။ ဒါပေမဲ့လည်း ခြေစစ်ပွဲတွေအပြီး ခြေစမ်းပွဲတွေမှာတော့ ပြင်သစ်တိုက်စစ်ဟာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုးနှုန်း ဆက်တိုက်သွင်းခဲ့ပါတယ်။

တကယ်တော့ ပြင်သစ်ဟာ လက်ရှိအချိန်မှာ တိုက်စစ်အသားပေးတဲ့ ကစားသမားကောင်းတွေ အပေါများဆုံးဖြစ်နေတာပါ။ ဘယ်လောက်တောင်ပေါနေသလဲဆိုရင် ကမ္ဘာ့ဖလားအတွက် လူရွေးချယ်ရာမှာ မာတီရယ်လ်၊ လာကာဇက်၊ ဘင်ယက်ဒါ၊ ဘင်ဇီမာတို့ကို ချန်လှပ်ခဲ့တာက သက်သေပါပဲ။ လက်ရှိရွေးချယ်ထားတဲ့ လူစာရင်းမှာ တိုက်စစ်ပိုင်းအတွက် အမ်ဘတ်ပေ၊ ဂျီရုဒ်နဲ့ ဂရစ်ဇ်မန်းတို့က အဓိကဖြစ်ပြီး သူတို့အပြင် သော်အူဗင်၊ ဖာကီရာ၊ ဒမ်ဘီလီတို့လည်း ရှိနေသေးတာကြောင့် အားရစရာကောင်းပါတယ်။ ကွင်းလယ်စုဖွဲ့မှု ကြည့်ပြန်တော့လည်း ကမ္ဘာ့အဆင့် ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့် ပြင်သစ်ဟာ ခြေစစ်ပွဲတုန်းက ဂိုးသွင်းနှုန်းကျဆင်းခဲ့တာတောင်မှ ကမ္ဘာ့ဖလားအတွက် ဗိုလ်စွဲဖို့ ရေပန်းစားမှုမှာ အဆင့်လေးနေရာရောက်နေတာ ဖြစ်ပါလိမ့်မယ်။ 

ဩစတြေးလျ

ကမ္ဘာ့ဖလားကစားခဲ့ဖူးတဲ့ လေးကြိမ်မှာ ၂၀၀၆ တစ်ကြိမ်ကလွဲရင် ကျန်သုံးကြိမ်မှာ အုပ်စုကနေလှည့်ပြန်ခဲ့ရတဲ့ ဩစတြေးလျအတွက် အခုကမ္ဘာ့ဖလားဟာလည်း အုပ်စုကျွတ်ဖို့ခက်ခဲမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ ဩစတြေးလျကို ကိုင်တွယ်နေတဲ့ နည်းပြဗန်မားဝစ်ဂျ်ဆိုတာ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက နယ်သာလန်အသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ နည်းပြဖြစ်တယ်ဆိုပေမယ့် “ဝ” မရှိဘဲ “ဝိ” လုပ်မရဆိုတဲ့အတိုင်းပဲ ဩစတြေးလျလိုအသင်းနဲ့တော့ ထူးထူးခြားခြားလုပ်ပြနိုင်ဖို့ မလွယ်ပါဘူး။ ဩစတြေးလျရဲ့ ခြေစွမ်းအဆင့်အတန်းဟာ ခြေစစ်ပွဲအဆင့်မှာကတည်းက ပေါ်လွင်ခဲ့ပြီး ကမ္ဘာ့ဖလားကစားခွင့်ရဖို့အတွက် အာရှဇုန်မှာနောက် ဆုံးအဆင့်ခြေစစ်ပွဲအဖြစ် ဆီရီးယားနဲ့ကစားခဲ့ရပြီး ဆီးရီးယားလိုအသင်းကိုတောင် အဝေးကွင်းမှာ ၁-၁၊ အိမ်ကွင်းမှာ အချိန်ပိုအထိကစားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း ကွန်ကာကပ်ဖ်ဇုန်က ဟွန်ဒူးရပ်စ်နဲ့ ခြေစစ်ပွဲထပ်ကစားခဲ့ရပြီး အဝေးကွင်းမှာ ဝ-ဝ သရေကျကာ အိမ်ကွင်းမှာ ၃-၁ နဲ့ နိုင်ခဲ့တာကတော့ ပင်နယ်တီ နှစ်ဂိုးပါဝင်တာကြောင့်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဩစတြေးလျဟာ ခြေစစ်ပွဲအောင်ဖို့တောင် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရတဲ့အတွက် တကယ့်ပြိုင်ပွဲကြီးမှာ အစွမ်းပြဖို့ဆိုတာ ဝေးလွန်းပါတယ်။ အသက် ၃၈ နှစ်ရှိနေပြီဖြစ်တဲ့ တင်မ်ကာဟေးလ်၊ ၃၃ နှစ်ရှိနေပြီဖြစ် တဲ့ ဂျီဒီနက်ခ်တို့ကို အဓိကအားကိုးနေရတာဖြစ်တဲ့ ဩစတြေးလျလူ စာရင်းမှာ ဂိုးအများဆုံးသွင်းပေးထားတာဟာလည်း သူတို့နှစ်ဦးသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကမှ ဩစတြေးလျကို စတင်ကိုင်တွယ်တာဖြစ်တဲ့ နည်းပြဗန်မားဝစ်ဂျ်အနေနဲ့လည်း အချိန်တိုအတွင်းမှာပဲ အဲဒီပြဿနာကိုဖြေရှင်းဖို့တော့ မဖြစ်နိုင်ဘူးထင်ပါတယ်။

ပီရူး

ပီရူးဟာလည်း ဩစတြေးလျလိုပဲ ကမ္ဘာ့ဖလားကို နောက်ဖေးပေါက်ကနေ ဝင်ခဲ့ရတာဖြစ်ပါတယ်။ တောင်အမေရိကဇုန် ခြေစစ်ပွဲတုန်းက အဆင့်ငါးနေရာမှာသာရပ်တည်နိုင်ခဲ့လို့ ပီရူးဟာ သမုဒ္ဒရာပိုင်းဇုန်က နယူးဇီလန်နဲ့ ထပ်ဆင့်ခြေစစ်ပွဲကစားခဲ့ရတာဖြစ်ပြီး ဒီခြေစစ်ပွဲမှာတော့ အဝေးကွင်း ဝ-ဝ၊ အိမ်ကွင်း ၂-ဝ ရလဒ်နဲ့ ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ ဒါကြောင့် ၃၆ နှစ်ကြာဝေးကွာခဲ့ရတဲ့ကမ္ဘာ့ဖလားအိပ်မက်ကို ပြန်လည်အသက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်အမေရိကဇုန်မှာ ကိုပါအမေရိကချန်ပီယံ ချီလီကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ပီရူးဟာ အရင်ကစားခဲ့ဖူးတဲ့ ကမ္ဘာ့ဖလားလေးကြိမ်တုန်းက နှစ်ကြိမ်မှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့ဖူးပါတယ်။လက်ရှိအနေအထားအရ ပီရူးအတွက် အားတက်စရာဖြစ်စေတာကတော့ အဓိကတိုက်စစ်မှူး ဂွါရဲရိုး ပြန်လည်ပါဝင်လာမယ့်ကိစ္စဖြစ်ပါတယ်။ ပီရူးအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် ၃၂ ဂိုးသွင်းပေးထားတဲ့ အသင်းခေါင်းဆောင် ဂွါရဲရိုးဟာ ပြီးခဲ့တဲ့နှစ်တုန်းက တားမြစ်ဆေးပြဿနာကြောင့် ၁၄ လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီပြစ်ဒဏ်အတွက် အဆင့်ဆင့်အယူခံဝင်ခဲ့ရာမှာ အခုတော့ နောက်ဆုံးအယူခံ အောင်မြင်သွားခဲ့ပြီဖြစ်လို့ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရသွားပါပြီ။ ဒါကြောင့် လက်ရှိလူစာရင်းအရ ပွဲအများဆုံးကစားထားပြီး ဂိုးအများဆုံး သွင်းထားသူ ဂွါရဲရိုးက တိုက်စစ်ကို ဦးဆောင်တော့မှာဖြစ်ပြီး သူနဲ့အတူ ၂၅ ဂိုးသွင်းထားသူ ဖာဖန်လည်းရှိနေလို့ ပီရူးအတွက် အားတက်စရာဖြစ်ပါတယ်။ တကယ်တမ်း လက်ရှိပီရူးလူစာရင်းမှာ ဂွါရဲရိုးနဲ့ ဖာဖန်ကလွဲရင် နာမည်ကြီးကစားသမားမရှိပေမယ့် အားလုံးဟာ နိုင်ငံတကာပွဲအတွေ့ အကြုံရှိတဲ့ကစားသမားတွေဖြစ်နေတာဟာလည်း အားသာချက်လို့ ဆိုရမှာပါ။ ဒါကြောင့် ပြင်သစ်နောက်ကိုလိုက်မယ့် တစ်သင်းအဖြစ် ပီရူးကိုလည်းလျှော့တွက်ထားလို့ မရပါဘူး။

ဒိန်းမတ်

၁၉၉၈ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အထိရောက်အောင် စွမ်းဆောင်ပြခဲ့ဖူးတဲ့ ဒိန်းမတ်ဟာ ၂၀၀၂ တုန်းကလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၁၆ မှာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း မရှိပေမယ့် အခုကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအဆင့်မှာတော့ သူတို့ဟာ လျှော့တွက်လို့မရတဲ့ အသင်းဖြစ်တယ်ဆိုတာကို ဒိန်းမတ်ပြသနိုင်ခဲ့ပါတယ်။ ပိုလန်ကို မကျော်ဖြတ်နိုင်လို့ အုပ်စုဒုတိယ သာရခဲ့ပေမယ့် ၁၀ ပွဲပေါင်း ဂိုး ၂၀ သွင်းပြီး ၈ဂိုးသာပြန်ပေးခဲ့ရတဲ့ အနေအထားဟာ မဆိုးလှပါဘူး။ ထပ်ဆင့်ခြေစစ်ပွဲ ကစားတဲ့အခါမှာဆိုရင်လည်း အိုင်ယာလန်ကို အိမ်ကွင်းမှာ ဝ-ဝ ဖြစ်ခဲ့ပေမယ့် အဝေးကွင်းမှာ ၁-၅ နဲ့အထိ အနိုင်ရခဲ့တာကြောင့် ဒိန်းမတ်ရဲ့ခြေစစ်ပွဲအဆင့် သွင်းဂိုးအရေအတွက်ဟာ ၂၅ ဂိုးအထိဖြစ်ခဲ့ပါတယ်။ ၁၂ ပွဲပေါင်း ၂၅ဂိုးဆိုတာဟာ တစ်ပွဲပျမ်းမျှ ၂ဂိုးနှုန်းကျော်ပါတယ်။ တိုက်စစ်မှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဘန်တနာနဲ့ ဂျော်ဂျန်ဆန်အပြင် လူငယ်ခြေတက်တွေဖြစ်တဲ့ လိုက်ပ်ဇစ်ဂျ်က ပေါလ်ဆန်၊ အတ္တ လန္တာက ကော်နီလီယက်စ်၊ ဘော်ဒိုးက ဘရိန်းဝိတ်၊ အေဂျက်က ဒိုလ်ဘာ့ဂ်တို့လည်းရှိနေလို့ အားရစရာဖြစ်နေပြီး ကွင်းလယ်မှာ အခရာအကျဆုံးကတော့ စပါးက အီရစ်ခ်ဆန်ဖြစ်ပါတယ်။ ရှားရှားပါးပါးလူမည်းဖြစ်တဲ့ ဆဲလ်တာဗီဂိုက ဆစ်တိုဟာလည်း တောင်ပံတိုက်စစ်အတွက် အရေးပါပါတယ်။ ခံစစ်ကိုကြည့်တော့လည်း ချလ်လ်ဆီးက ခရစ္စတင်ဆန်နဲ့ ဆီဗီလာက ဆိုင်မွန်ဂျားတို့အတွဲအဖက်ဟာ ဒိန်းမတ်ခံစစ်ကို တံတိုင်းပမာဖြစ်နေစေတာကြောင့် ဒိန်းမတ်ရဲ့အင်အားကို ပြင်သစ်တောင် သတိထားရမယ့် သဘောဖြစ်နေပါတယ်။


သုံးသပ်ချက်

ဒိန်းမတ်၊ ဩစတြေးလျနဲ့ ပီရူးတို့သုံးသင်းစလုံးဟာ ကမ္ဘာ့ဖလားကို နောက်ဖေးပေါက်က ဝင်လာတဲ့အသင်းတွေဖြစ်လို့ ပြင်သစ်အတွက် အုပ်စုဗိုလ်ဖြစ်ဖို့က လွယ်လွယ်လေးပါ။ ပြင်သစ်နောက်လိုက်မယ့် အသင်းဆိုရင်တော့ လူအင်အားတောင့်တဲ့ ဒိန်းမတ်က ဖြစ်နိုင်ခြေများပါတယ်။



  • VIA