News

POST TYPE

WORLD CUP 2018

အင်ဖန်တီနိုရဲ့ အလောင်းအစား (သို့မဟုတ်) VAR
14-Jun-2018


ဖီဖာဟာ ၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Goal-line technology လို့ခေါ်တဲ့ ဂိုးလိုင်းနည်းပညာကို အသုံးပြုခဲ့ပြီး ဒါနဲ့ပတ်သက်လို့ ကြီးကြီးမားမား ဆူညံဝေဖန်သံ မရှိခဲ့ပါဘူး။ ဖီဖာအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း နောက်ထပ်နည်းပညာတစ်ခုဖြစ်တဲ့ VAR (Video assistant referee) ကို အသုံးပြုမှာဖြစ်ပြီး ဒီနည်းပညာနဲ့ပတ်သက်လို့တော့ တော်တော်များများက ဒွိဟဖြစ်နေကြပါတယ်။ အထူးသဖြင့် သက်တမ်း ၂ နှစ်သာရှိသေးတဲ့ VAR စနစ်ကို ကမ္ဘာ့ဖလားလိုပြိုင်ပွဲမှာ အသုံးပြုဖို့ ဆုံးဖြတ်လိုက်တာဟာ စောလွန်းနေတယ်လို့ ယူဆနေကြတာပါ။

VAR ဆိုတာဘာလဲ

မြန်မာမှုပြုမယ်ဆိုရင် VAR (Video assistant referee) ဆိုတာ ဗီဒီယိုအကူဒိုင်ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေ အမှားအယွင်း ပိုနည်းသွားအောင်လို့ ဗီဒီယိုနည်းပညာနဲ့ အကူအညီပေးတဲ့ သဘောပါ။ Goal-line technology တုန်းက ဂိုးစည်းကျော်၊ မကျော်ကိုသာ ဆုံးဖြတ်တာဖြစ်ပေမယ့် VAR ကတော့ အချက်လေးချက်အဖြစ် ဂိုးဆုံးဖြတ်ချက်၊ ပင်နယ်တီအဆုံးအဖြတ်၊ တိုက်ရိုက်အနီကတ် ဆုံးဖြတ်ချက်၊ အနီ/အဝါကတ်ပြသရာမှာ ကစားသမားမှားယွင်း ပြသမှုဆုံးဖြတ်ချက်တွေပါ ပါဝင်ပါတယ်။ VAR စနစ်ရဲ့လုပ်ငန်းစဉ်ကတော့ ပထမအဆင့်အနေနဲ့ ကွင်းအတွင်း မတော်တဆဖြစ်ရပ်တစ်ခုကို ကွင်းလယ်ဒိုင်က ရှင်းလင်းစွာ မမြင်လိုက်တဲ့အခါ အနှေးပြကွက်နဲ့ပြန်ကြည့်ပေးဖို့ VAR ထံ လှမ်းအကြောင်းကြားရပါတယ်။ ဒုတိယအဆင့်အနေနဲ့ အနှေးပြကွက်ပြန်ကြည့်ပြီးတဲ့အခါ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ VAR က ကွင်းလယ်ဒိုင်ထံ အကြုံပြုပေးရပါတယ်။ တတိယအဆင့်အနေနဲ့ ကွင်းလယ်ဒိုင်က သူကိုယ်တိုင် အနှေးပြကွက်ကို ကြည့်သင့်၊ မကြည့်သင့် ဆုံးဖြတ်ရပြီး ကြည့်ဖို့လိုအပ်ရင် ကွင်းဘေးမှာရှိတဲ့ Referee review area (RRA) မှာ သွားကြည့်နိုင်ပါတယ်။ VAR စနစ်ရဲ့ အဲဒီလုပ်ငန်းစဉ်အတွင်း တချို့ဖြစ်ရပ်တွေမှာ ကွင်းလယ်ဒိုင်က VAR ထံ လှမ်းအကြောင်းမကြားရင်တောင်မှ အနှေးပြကွက်ပြန်ကြည့်သင့်ကြောင်း VAR က ကွင်းလယ်ဒိုင်ထံ အကြုံပြုတာမျိုးလည်းရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ သူကိုယ်တိုင် အနှေးပြကွက် ပြန်ကြည့်သင့်၊ မကြည့်သင့်ကို ကွင်းလယ်ဒိုင်ကသာ ဆုံးဖြတ်ရတာဖြစ်ပြီး ကွင်းအတွင်းဆုံးဖြတ်ချက်အတွက်လည်း ကွင်းလယ်ဒိုင်သာ အာဏာအရှိဆုံးဖြစ်ပါတယ်။

ကမ္ဘာတစ်လွှား VAR အသုံးပြုမှုများ

တကယ်တော့ VAR စနစ်ကို စတင်စမ်းသပ်အသုံးပြုတာဟာ ၂၀၁၆ ဩဂုတ်လတုန်းကဖြစ်လို့ သူ့ရဲ့သက်တမ်းဟာ ၂ နှစ်သာရှိပါသေးတယ်။ ၂၀၁၆ မှာ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့က စစ်ဆေးစမ်းသပ်ပြီးနောက် မေဂျာလိဂ်အရန်အသင်း နှစ်သင်းရဲ့ပွဲစဉ်ဖြစ်တဲ့ United Soccer League ပွဲစဉ်မှာ VAR စနစ်ကို စတင်အသုံးပြုခဲ့တာပါ။ အဲဒီနောက် ၂၀၁၆ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက်စမ်းသပ် အသုံးပြုခဲ့ပြီး ပရော်ဖက်ရှင်နယ်လိဂ်မှာ စတင်အသုံးပြုခဲ့တာကတော့ ဩစတြေးလျရဲ့ A-League ဖြစ်ပါတယ်။ ၂၀၁၇ ဧပြီလတုန်းက ကစားခဲ့တဲ့ မဲလ်ဘုန်းနဲ့ အဒယ်လိုင်ဒီတို့ရဲ့ပွဲကနေ စတင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီပွဲမှာ VAR စနစ်ကို ထိထိရောက်ရောက် အသုံးချခဲ့ရတာမျိုးတော့ မရှိပါဘူး။ VAR စနစ်နဲ့ ဆုံးဖြတ်ပေးခဲ့ရတဲ့ ပထမဆုံး ပရော်ဖက်ရှင်လိဂ်ပွဲကတော့ ဝယ်လင်တန်ဖီးနစ်နဲ့ ဆစ်ဒနီတို့ရဲ့ပွဲဖြစ်ပြီး အငြင်းပွားနေတဲ့ ပင်နယ်တီဧရိယာအတွင်း လက်ထိမှုကို VAR စနစ်နဲ့ဆုံးဖြတ်ကာ ဆစ်ဒနီအသင်းကို ပင်နယ်တီကန်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ မေဂျာလိဂ်ကတော့ ၂၀၁၇ ဘောလုံးရာသီမှာ VAR စနစ်ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အဲဒီနောက် ၂၀၁၇ ကွန်ဖက်ဒရေးရှင်းပြိုင်ပွဲမှာလည်း အသုံးပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာတော့ စပိန်လာလီဂါနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကလွဲရင် ဥရောပထိပ်တန်းလိဂ် တော်တော်များများက VAR စနစ်ကို အသုံးပြုလာခဲ့ကြပြီး လာလီဂါကတော့ လာမယ့်ရာသီမှာ အသုံးပြုမယ်လို့ ကြေညာထားပါတယ်။ အင်္ဂလန်ကတော့ ပရီးမီးယားလိဂ်မှာ အသုံးမပြုသေးပေမယ့် အက်ဖ်အေဖလားနဲ့ လိဂ်ဖလားပွဲစဉ်တွေမှာ စမ်းသပ်အသုံးပြုခဲ့တာတွေ့ရပြီး ၂၀၁၇ ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း VAR ပါဝင်ခဲ့တဲ့အတွက် ဒီစနစ်ဟာ လာမယ့်ရာသီမှာ တစ်ကမ္ဘာလုံးနီးပါး ပျံ့နှံ့တော့မယ့်သဘောပါပဲ။ ဒါကြောင့်လည်း အီတလီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ဘောလုံးလေ့ကျင့်ရေးကျောင်းဖြစ်တဲ့ ကိုဗာစီယာနိုမှာ ကမ္ဘာ့ပထမဆုံး VAR လေ့ကျင့်ရေးစင်တာ ဖွင့်လှစ်ခဲ့တာပါ။ မတ်လမှာတော့ နိုင်ငံတကာဘောလုံး အဖွဲ့ချုပ်များ ဘုတ်အဖွဲ့က VAR ကို The Laws of the Game မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ ဒါပေမဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကတော့ လာမယ့်ရာသီအထိ VAR စနစ်ကို အသုံးပြုဖွယ် မရှိသေးပါဘူး။

VAR နှင့်ထူးခြားသည့်စည်းမျဉ်းများ

VAR နဲ့ပတ်သက်ရင် လူသိနည်းတဲ့ စည်းမျဉ်းတွေအကြောင်းကိုလည်း ချန်လှပ်ထားဖို့ မဖြစ်နိုင်ပါဘူး။ ကမ္ဘာ့ဖလားလိုပြိုင်ပွဲမှာ အသုံးပြုတော့မှာဖြစ်လို့လည်း ဖီဖာက စည်းမျဉ်းအသစ်တွေကို ထပ်မံရေးဆွဲလိုက်တာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက CSKA မော်စကိုအသင်းရဲ့ အိမ်ကွင်းမှာ စမ်းသပ်မှုအောင်မြင်ခဲ့ပြီးနောက် VAR ဆုံးဖြတ်ချက်နဲ့ရရှိတဲ့ သွင်းဂိုးအတွက် အောင်ပွဲခံတဲ့အခါ သတ်မှတ်ပေးထားတဲ့ Celebration zone မှာသာ အောင်ပွဲခံရမယ်လို့ စည်းမျဉ်းသတ်မှတ်လိုက်တာဖြစ်ပြီး အောင်ပွဲခံရာမှာလည်း စက္ကန့် ၃၀ သာ အချိန်ပေးထားပါတယ်။ စက္ကန့် ၃၀ ကျော်သွားရင် အဝါကတ်ပြသခံရမှာဖြစ်သလို Celebration zone ပြင်ပထွက် အောင်ပွဲခံတဲ့ ကစားသမားတိုင်းကိုလည်း အဝါကတ်ပြမှာ ဖြစ်ပါတယ်။ 
Celebration zone ဆိုတာကတော့ ကွင်းဘေးက နည်းပြတွေရဲ့ နည်းစနစ်ဧရိယာလို ပုံစံဖြစ်ပြီး ကစားသမား ၁၁ ဦးစလုံး ဝင်ဆံ့ပါတယ်။ သေချာတာကတော့ ဒီစည်းမျဉ်းသုံးပြီဆိုရင် Celebration zone နေရာအတွက် ကြော်ငြာခတွေကို ဖီဖာက ရရှိမှာဖြစ်ပါတယ်။ တစ်ဆက်တည်းဆိုသလိုပဲ ဒီစည်းမျဉ်း ထွက်ပေါ်လာပြီးနောက်မှာ လောင်းကစားဒိုင်တွေက ဂိုးသွင်းပြီး Celebration zone အတွင်း ပထမဆုံး အောင်ပွဲခံမယ့်ကစားသမားကို ကြေးဖွင့်လှစ်ခဲ့ရာမှာ ပရိသတ်တစ်ဦးက ၂၅၀ - ၁ ဖွင့်လှစ်ထားတဲ့ မက်ဆီဆိုပြီး ပေါင် ၁၀၀ လောင်းခဲ့တယ်လို့လည်း သိရပါတယ်။ နောက်ထပ်စည်းမျဉ်းတစ်ခုကတော့ နောက်ကြောင်းပြန် အရေးယူနိုင်တဲ့ စည်းမျဉ်းဖြစ်ပါတယ်။ အရင်စည်းမျဉ်းတုန်းက ရုန့်ရင်းဆန်ခတ် ဖြစ်ပွားမှုတွေမှာ ကွင်းလယ်ဒိုင်အနေနဲ့ ပွဲခဏရပ်၊ အဲဒီကိစ္စကိုကိုင်တွယ် ဖြေရှင်းပြီးတဲ့နောက် ပွဲပြန်ကစားပြီဆိုတာနဲ့ အဲဒီကိစ္စကို ပြန်လည်ကိုင်တွယ်ဖြေရှင်းလို့ မရတော့ပါဘူး။ ဒါပေမဲ့ အခုစည်းမျဉ်းမှာတော့ ရုန့်ရင်း ဆန်ခတ်ဖြစ်ပွားမှုအတွက် အပြစ်ရှိတဲ့ကစားသမားကို အဲဒီအချိန်မှာ ပြစ်ဒဏ်မပေးမိခဲ့ဘူးဆိုရင်တောင်မှ ကွင်းလယ်ဒိုင်အနေနဲ့ အဲဒီပွဲမပြီးခင်အထိ ပြစ်ဒဏ်ချမှတ်ပိုင်ခွင့်ရှိပါတယ်။ 

VAR နှင့်အငြင်းဖွယ်ရာဖြစ်ရပ်များ

လက်ရှိအချိန်မှာ VAR ကို တစ်ကမ္ဘာလုံးနီးပါး အသုံးပြုနေပြီဆိုပေမယ့် ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆီဖီရင်ကတော့ ကမ္ဘာ့ဖလားမှာ VAR ကြောင့် အငြင်းပွားဖွယ်တွေဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ဆိုထားပါတယ်။ VAR ကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသုံးပြုဖို့ဆိုရင် စမ်းသပ်မှုတွေလုပ်ဖို့ လိုအပ်နေဆဲဖြစ်ကြောင်းလည်း ဆီဖီရင်က ထုတ်ဖော်ပြောဆိုထားပါ တယ်။ တကယ်တမ်းမှာလည်း VAR ဟာ တွင်တွင်ကျယ်ကျယ် သုံးကြပေမယ့် အငြင်းပွားဖွယ်ပြဿနာတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက ပေါ်တူဂီ ပရီမီယာလီဂါပွဲစဉ်ဖြစ်တဲ့ ဘိုအာဗစ္စတာနဲ့ အေဗက်စ်တို့ရဲ့ ပွဲစဉ်မှာ အေဗက်စ်ရဲ့ဂိုးတစ်ဂိုးဟာ လူကျွံဖြစ်နေလို့ VAR ပြန်ကြည့်တဲ့အခါ VAR မှာ ဘာမှမမြင်ရခဲ့ပါဘူး။ အကြောင်းအရင်း ရှာကြည့်တော့ ပရိသတ်တစ်ဦး ဝှေ့ယမ်းနေတဲ့ အသင်းအလံတစ်ခုက VAR ကင်မရာကို ကွယ်မိထားတာကြောင့်ဖြစ်နေပြီး နောက်တော့ အခြားအထောက်အထားမရှိတဲ့အဆုံးမှာ ကွင်းလယ်ဒိုင်က လူကျွံဘောကို ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ရပါတယ်။ ဩစတြေးလျရဲ့ 2018 A-League Grand Final မှာဆိုရင်လည်း မဲလ်ဘုန်းရဲ့အနိုင်ဂိုးဟာ လူကျွံဘောဖြစ်နေလို့ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ဖို့လုပ်တဲ့အခါ စက်ရဲ့စနစ် ချွတ်ယွင်းမှုကြောင့် ပြန်ကြည့်မရခဲ့ပါဘူး။ ဒါကြောင့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ရပြီး ပွဲရလဒ်က ၁-ဝ နဲ့ မဲလ်ဘုန်းဗိုလ်စွဲသွားခဲ့လို့ ပြိုင်ဘက် နယူးကာဆယ်ဂျက်အသင်း နစ်နာခဲ့ရပါတယ်။ ဒီလို အမှားတွေရှိခဲ့ဖူးတဲ့ VAR အတွက် ကမ္ဘာ့ဖလားမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကလည်း အများကြီးရှိပါသေးတယ်။ ကမ္ဘာ့ဖလားမှာ ကိုင်တွယ်မယ့်ဒိုင်အများစု VAR အတွေ့အကြုံနည်းပါးတာက အဓိကပြဿနာဖြစ်ပြီး VAR ရဲ့လုပ်ငန်းစဉ်တွေ၊ စည်းမျဉ်းတွေအကြောင်း အသေးစိတ်ကို ပရိသတ်တိုင်း၊ ကစားသမားတိုင်း၊ နည်းပြတိုင်း မသိနိုင်တာတွေဟာလည်း စိန်ခေါ်မှုတွေ ဖြစ်နိုင်ပါတယ်။

၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အင်္ဂလန်ကွင်းလယ်လူ လမ်းပတ်ရဲ့ဂိုးစည်းကျော်လျက်နဲ့ ဂိုးအဖြစ် သတ်မှတ်မခံရတာဟာ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပြီး အဲဒီဖြစ်ရပ်နောက်ပိုင်းမှာတော့ ဖီဖာဥက္ကဋ္ဌ ဘလတ္တာက ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂိုးလိုင်းနည်းပညာ သုံးမယ်လို့ကြေညာခဲ့ပါတယ်။ လက်ရှိဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာလည်း ၂၀၁၆ မတ်လမှာ ဖီဖာဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရပြီးနောက် တစ်ပတ်အကြာမှာပဲ ၂၀၁၈ ကမ္ဘာ့ဖလားမှာ VAR သုံးမယ်လို့ ကြေညာခဲ့တာပါ။ အင်ဖန်တီနိုဟာ ဘလတ္တာရဲ့ခြေရာကိုနင်းပြီး ဘလတ္တာလိုမျိုး ကမ္ဘာ့ဖလားမှာ နည်းပညာအသစ်တစ်ခု တင်သွင်းဖို့ကြိုးစားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မတူတာကတော့ ဘလတ္တာတုန်းက ဂိုးလိုင်းနည်းပညာကို ၂၀၀၇ မှာကတည်းက စမ်းသပ်ပြီး ၂၀၁၄ ကျမှ စတင်အသုံးပြုခဲ့တာဖြစ်ပြီး ၇ နှစ် အချိန်ယူပြင်ဆင်ခဲ့ပါတယ်။ အင်ဖန်တီနိုကတော့ ၂ နှစ်အတွင်းမှာပဲ VAR ကို ကမ္ဘာ့ဖလားဆီ တင်သွင်းလာခဲ့တာဖြစ်လို့ ဒါဟာ သူ့အတွက် အလောင်းအစားတစ်ခုဖြစ်နေမှာ သေချာပါတယ်။

ရဲဇော်သွေး



  • VIA