News

POST TYPE

VIDEO

ဦးပိန်တံတားပေါ်သို့ ရေကျော်၊ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်
01-Aug-2016

အမရပူရမြို့နယ် တောင်သမန်အင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားကို ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းကစလို့ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပါတယ်။ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် တံတားအောက်ခြေ ကြမ်းပြင်ကို ရေထိနေပြီး အနိမ့်ပိုင်း နေရာတွေမှာတော့ ရေကျော်စ ပြုနေပြီ ဖြစ်ပါတယ်။ 

တောင်သမန်အင်း ကန်ပတ်လမ်းမှာလည်း ရေကျော်နေပြီဖြစ်လို့ ကန်ပတ်လမ်းကိုလည်း ပိတ်ထားရပါတယ်။ လက်ရှိမှာတော့ တံတားပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူထားပြီးတော့ တံတားပေါ် တက်ရောက်ခြင်း မပြုအောင် တားမြစ်နေကြပါတယ်။ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေဟာ ငှက်လှေတွေနဲ့ လှည့်လည်ကြပြီး တံတားအလယ်ကနေ ဖြတ်တက်ကြတာမျိုး ရှိပါတယ်။ 

ဦးပိန်တံတားဟာ ၂၀၀၄ ခုနှစ်တုန်းကလည်း အခုလိုမျိုး ရေကြီးမှု ကြုံတွေ့ခဲ့ရပြီး တံတားပေါ်မှာ ပေါင်လယ်လောက်ထိ ရေရောက်ခဲ့တယ်လို့ ဒေသခံ ငှက်သမားတွေက ပြောပါတယ်။ 

အခုလည်း ရေထပ်တက်မယ့် အလားအလာတွေ ရှိနေပြီး ၂၀၀၄ ခုနှစ်တုန်းက ပုံစံမျိုး ဖြစ်ပေါ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နံ့သာရေတံခါးမှ ယနေ့ (ဩဂုတ် ၁ ရက်) နံနက် ၁၀ နာရီခန့်က ရေစလွှတ်လိုက်သဖြင့် တံခွန်တိုင် နံ့သာရပ်ကွက်အတွင်း နေထိုင်သူများကို ဘေးလွတ်ရာသို့ အမြန်ရွှေ့ပြောင်းခိုင်းလျက် ရှိကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။ 

လက်ရှိတွင် ရပ်ကွက်အတွင်း ရေအမြင့်ပေက နှစ်ပေခွဲခန့်မှ သုံးပေခန့်အထိရှိပြီး ထပ်မံ၍ ငါးပေခန့်အထိ မြင့်တက်နိုင်ကြောင်း အဆိုပါ ရပ်ကွက်အတွင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ စုံစမ်းသိရှိရသည်။

ရုပ်သံရိုက်ကူး - မြတ် (ကလေး)၊ နေလင်း၊ ရဲနွေ