News

POST TYPE

TRAVEL LOG

အင်ဒိုနီးရှားနိုင်ငံသို့ ဘတ်ဂျက်ခရီး
07-Jul-2018



ကျွန်းနိုင်ငံကို လည်ပတ်ဖို့ဆိုတာ ၁၀ ရက်နဲ့ ၁၂ ရက်လောက်အချိန်ရရင် အတော်လေးနှံ့စပ်နိုင်ကောင်းပါတယ်။ အချို့ဆိုရင် တစ်လလောက်ကို ဗီဇာယူပြီး လည်ပတ်နေတာတွေတောင်ရှိကြောင်း သိရတယ်။ နိုင်ငံတကာကလာရောက်တဲ့ ဧည့်သည်အများစုဟာ မြို့တော်ဂျာကာတာကို အရင်ဆုံး လေယာဉ်နဲ့လာပြီးတော့မှ သူတို့သွားချင်တဲ့နေရာတွေကို သွားကြတာများတယ်။ 

အင်ဒိုနီးရှားကို လည်ပတ်ရန် အကောင်းဆုံးအချိန်

အင်ဒိုနီးရှားမှာ ရာသီဥတုက နှစ်မျိုးတည်းပဲရှိတယ်။ ပူအိုက်၊ စွတ်စိုတဲ့ ရာသီနှစ်မျိုးကိုပဲ များသောအားဖြင့် ခံစားရဖို့ များတယ်။ မေလကနေ စက်တင်ဘာလအတွင်းဟာ ခြောက်သွေ့တဲ့လတွေဖြစ်လို့ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်တွေလို့ ဆိုပါတယ်။ ဒီလတွေမှာ ဘာလီကျွန်းဘက်ကို အလည်အပတ်သွားသူတွေ အရမ်းများတယ်။

အင်ဒိုနီးရှားမှာ အောက်တိုဘာလကနေ ဧပြီလအတွင်းကို မိုးရွာတတ်တယ်။ အခြားဒေသတွေနဲ့မတူ မိုးရွာချိန် အပြောင်းအလဲရှိတာကို သတိပြုသင့်တယ်။ ဒီလိုရာသီတွေမှာပဲ ရေငုပ်ကြည့်ဖို့ အကောင်းဆုံးလို့ ဆိုနိုင်တယ်။ မိုးတွင်းဆိုပေမယ့်လည်း မိုးကရွာရင် ချက်ချင်းရွာ၊ တိတ်ရင်ချက်ချင်းတိတ်ပြီး နေထွက်လာတတ်တာကြောင့် ရာသီဥတုက ပူအိုက်စွတ်ဆိုပြီး အနောက်တိုင်းသားတွေ အလွန်ကြိုက်တဲ့ရာသီဖြစ်နေတယ်။

အင်ဒိုနီးရှားကို လာမယ်ဆိုရင်

နိုင်ငံပေါင်း ၁၆၉ နိုင်ငံက နိုင်ငံသားတွေအတွက် ရက်ပေါင်း ၃၀ ကို ဗီဇာမဲ့အဖြစ် သတ်မှတ်ထားတယ်။ ပတ်စ်ပို့ကို အနည်းဆုံး ၆ လ သက်တမ်းရှိပြီး စာမျက်နှာတစ်မျက်နှာလောက် အနည်းဆုံး လွတ်နေရမယ်။ ဗီဇာမဲ့ဆိုလို့ ဆက်ပြီးတော့ ရက်တိုးတွေ ဘာတွေ မရဘူး။ ရက် ၃၀ ပြည့်တာနဲ့ ပြန်ထွက်သွားပေးရတယ်။ တစ်လကျော်ပြီးနေချင်ရင်တော့ Visa-free ထက် Visa-on-arrival နဲ့လာတာ ပိုကောင်းတယ်လို့ဆိုပါတယ်။ ရက် ၃၀ ထက်ပိုနေချင်ရင် ၃၅ ဒေါ်လာတော့ ဆောင်ရမယ်။ နောက်ထပ် ရက် ၃၀ ထပ်ရမယ်။ ခရီး သွားကိုယ်စားလှယ်တွေနဲ့ ကိုယ်တိုင်လူဝင်မှုကြီးကြပ်ရေးမှာ လုပ်ရင်ရတယ်။ သိပ်ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ 

ဘယ်လိုလည်ကြမလဲ

အင်ဒိုနီးရှားနိုင်ငံဟာ ကျွန်းပေါင်း ၁၇၀၀၀ လောက်ဝန်းရံထားပြီး အကျယ်က ကီလိုမီတာ ပတ်လည် နှစ်သန်းလောက်ကျယ်ပါတယ်။ ဒါကြောင့် ကျောပိုး အိတ်တစ်လုံးနဲ့ ခြေကျင်လျှောက်ဖို့ဆိုတာတော့ သိပ်မဖြစ်နိုင်ပါဘူး။ ဘယ်လောက်နှံ့အောင်လည်မယ်ဆိုတာ ဘယ်လောက်ရက်ရသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဘယ်ကိုလည်ချင်တာလဲဆိုတာ သေသေချာချာ ဆုံးဖြတ်ချက်ချလာဖို့ အရေးကြီးတယ်။ 

ဂျာဗားနဲ့ ဆူမတြားကျွန်းတွေကို လည်ပတ်မယ်ဆိုရင်တော့ ရထားကိုရွေးချယ်တာ အကောင်းဆုံးဖြစ်မယ်။ ဂျာဗားကိုဖြတ်သွားတဲ့ ရထားခရီးစဉ်ကလည်း ရှုခင်းတွေအရမ်းလှတယ်။ ကျွန်းတွေကို လှည့်ပတ်ကြည့်ချင်ရင်တော့ ကူးတို့လှေတွေရှိတယ်။ ဘာလီနဲ့ လုမ်ဘော့ ကျွန်းကြားက ဂီလီကျွန်းကို ၂ နာရီခရီး စပိဘုတ်နဲ့ ခရီးစဉ်ရှိတယ်။ ဒေသအတွင်း ပုံမှန်ထွက်ပေးတဲ့ ကူးတို့ သင်္ဘောကတော့ ၄ နာရီခရီးဖြစ်ပြီးတော့ လေယာဉ်နဲ့ဆိုရင် မိနစ် ၃၀ ပဲ စီးရတယ်။ 

ကျွန်းတိုင်းလိုလိုမှာ ဘတ်စ်ကားတွေ ပြေးဆွဲပေးတာရှိတယ်။ ဘာလီကျွန်းမှာ အစိုးရက စီစဉ်ပေးထားတဲ့ ဘတ်စ်ကားတွေနဲ့ပဲ လည်ပတ်သင့်တယ်။ ကူရာကူရာ ဘတ်စ်ကားတွေက နာမည်ကြီးမြို့တွေကို ပြေးဆွဲပေးနေတယ်။ တက္ကစီငှားစီးတာထက် ဘတ်စ်ကားနဲ့ လျှောက်သွားရတာက စရိတ်လည်းသက်သာ ပိုပြီးတော့ ပျော်စရာလည်းကောင်းတယ်။ အင်ဒိုနီးရှားမြို့တိုင်းမှာ အန်ကော့လို့ခေါ်တဲ့ မီနီဗန်ကားလေးတွေနဲ့ ခရီးသည် စုပေါင်းပို့ဆောင်တဲ့ကားတွေ၊ အိုဂျက်လို့ခေါ်တဲ့ ဆိုင်ကယ်တက္ကစီတွေနဲ့ စီဒိုမိုလို့ခေါ်တဲ့ မြင်းလှည်းတွေကို နေရာအနှံ့တွေ့နိုင်တယ်။ စက်ဘီးတွေငှားပြီးတော့ စီးသွားနိုင်တဲ့ ခရီးတွေလည်းရှိတယ်။

ကျောပိုးအိတ်ခရီးသည်

ကျောပိုးအိတ်လေးလွယ်ပြီးတော့ တစ်ကိုယ်တော် ခရီးသွားတွေကို နေရာအနှံ့တွေ့နိုင်တယ်။ ဘတ်ဂျက်ချွေတာပြီး ဆိုင်ကယ်စီး၊ ဘတ်စ်ကားစီး၊ ရထားစီးသွားနေတဲ့သူတွေပါ။ ကျွန်းတွေများလွန်းလို့ ကျွန်းအနှံ့ လျှောက်ကြည့်ချင်သူတွေအတွက်တော့ ကားကို ကြုံသလိုလိုက်စီးပြီးတော့ ဒေသဖယ်ရီတွေနဲ့ လျှောက်ကြည့်တဲ့ခရီးကပဲ ပျော်စရာလည်းကောင်း အတွေ့အကြုံလည်း စုံနိုင်ပါတယ်။ 

ကျွန်းတွေပေါ်ကို ပတ်ကြည့်ချင်ရင်တော့ ဆိုင်ကယ်အငှားဌာနလေးတွေရှိတယ်။ ဘာလီကျွန်းမှာ ဆိုင်ကယ် တစ်ရက်ငှားစီးမှ ၅ ဒေါ်လာလောက်ပဲ ပေးရတယ်။ ဓာတ်ဆီကလည်း တိုင်ကီအပြည့် တစ်ခါဖြည့်မှ တစ်ဒေါ်လာလောက်ပဲကျတယ်။ 

တည်းခိုဖို့စရိတ်ချွေတာချင်ရင်တော့ တည်းခိုခန်းလေးတွေမှာ တစ်ညတည်းမှ ၁၀ ဒေါ်လာ ၁၅ ဒေါ်လာ လောက်ပဲပေးရတယ်။ ခရီးသွားအများဆုံး နေရာတိုင်းလိုလိုမှာ တည်းခိုခန်းငှားစားတာတွေ ရှိတယ်။ ခုတင် သေးသေးလေးတွေပေမယ့် တစ်ညအိပ်ဖို့တော့ ကောင်းကောင်းအဆင်ပြေတယ်။ 

အစားအသောက် ချွေတာချင်ရင်လည်း ဒေသစာဖြစ်တဲ့ ဝါရမ်လို့ခေါ်တဲ့ အစားအစာတွေက မဆိုးပါဘူး။ လမ်းဘေးတွေမှာလည်း စားသောက်ဆိုင်လေးတွေ နေရာအနှံ့ရှိပါတယ်။ ဘာလီကျွန်းက ဆာနာမြို့ မှာ ညဈေးဆိုင်တန်းတွေကနေ ၅ ဒေါ်လာလောက် အောက်လောက်ဆိုရင် ဗိုက်အဝစားနိုင်တဲ့နေရာတွေ အများကြီးပဲ။ 

မွတ်ဆလင်အများစုနေထိုင်တဲ့ နေရာတွေဖြစ်တာကြောင့် အရက်တော့ သိပ်မပေါဘူး။ အရက်သောက်ရင်လည်း အခွန်က မတရားပေးရလို့ ဈေးကြီးတယ်။ ကော့တေးလို တစ်ဖန်ခွက်၊ ဝိုင်တစ်ဖန်ခွက်လောက် ဆိုရင် ၁၀ ဒေါ်လာလောက်ပေးရတယ်။ ဒေသထွက် ဘင်တန်ဘီယာကတော့ တစ်ပုလင်း နှစ်ဒေါ်လာကနေ သုံးဒေါ်လာလောက်ရှိတယ်။

ကျွန်းတစ်ကျွန်း နှစ်ကျွန်းလောက်ပဲ လှည့်လည်ချင်တယ်ဆိုရင်တော့ ဆိုင်ကယ်ငှားပြီးလှည့်လည်တာ အကောင်းဆုံးပဲ။ တည်းရင် တည်းခိုခန်း၊ စားရင် လမ်းဘေးလောက်ဆိုရင် ဘတ်ဂျက်ခရီးစဉ်ဖြစ်ပြီး အဆင်ပြေစွာ လှည့်လည်နိုင်ပါတယ်။ အင်ဒိုနီးရှားမှာ ကျောပိုး အိတ်ခရီးသည် တစ်ဦးအတွက် တစ်ရက်လည်ပတ်ခ၊ စားသောက်နေထိုင်ခတွေဟာ ၂၅ ဒေါ်လာကနေ ၃၀ အတွင်းလောက်ပဲရှိတယ်။ 

အင်ဒိုငွေကြေး

အင်ဒိုနီးရှားနိုင်ငံမှာ တရားဝင်သုံးစွဲနေတာက ရူပီယာလို့ခေါ်တယ်။ ၂၀၁၈ ခုနှစ်ငွေလဲနှုန်းအရ အမေရိကန်တစ်ဒေါ်လာကို ၁၃,၃၀၀ ရူပီယာနဲ့ ညီမျှတယ်လို့ဆိုပါတယ်။ ငွေကြေးအတက်အကျအရ ၁၃,၃၀၀ နဲ့ ၁၄,၀၀၀ ကြားမှာပဲရှိတယ်။ အင်ဒိုနီးရှားမှာသုံးတဲ့ အကြီးဆုံးငွေကြေးက ၁၀၀,၀၀၀ တန်ဖြစ်ပါတယ်။ ရူပီယာ တစ်သိန်းက ၇ ဒေါ်လာလောက်နဲ့ ညီမျှပါတယ်။ 

ATM စက်တွေကို အင်ဒိုနီးရှားနိုင်ငံမှာ နေရာအနှံ့တွေ့နိုင်တယ်။ အထူးသဖြင့် ဘာလီကျွန်းမှာ ပိုများတယ်။ ငွေလဲလှယ်တဲ့ဆိုင်လေးတွေလည်း နေရာအနှံ့တွေ့နိုင်တယ်။ လမ်းတွေမှာ ငွေလဲပေးမယ်ဆိုတဲ့သူတွေလည်း အများကြီးတွေ့နိုင်တယ်။ သိပ်မယုံပါနဲ့။ တရားဝင်ဖွင့်ထားတဲ့နေရာတွေမှာ လဲပါ။ ငွေလဲပြီးရင်လည်း သေသေချာချာ စစ်ဆေးယူဖို့ မမေ့ပါနဲ့။

ATM စက်တွေက ငွေထုတ်မယ်ဆိုရင်လည်း ဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့စက်တွေကို စုံစမ်းပြီးတော့ ထုတ်သင့်တယ်။ လမ်းဘေးဆိုင်လေးတွေက ATM စက်တွေဆိုရင် ပြဿနာလေးတွေ ရှိနိုင်တယ်။ ဒေသအနှံ့ ခရီးလှည့်မယ်ဆိုရင်တော့ မြို့ကြီးတွေမှာ ငွေလဲသွားပြီး ရူပီယာတွေ ဆောင်သွားနိုင်ရင် ပိုကောင်းပါတယ်။ ငွေတွေကိုတော့ ခါးပတ်လိုပတ်ပြီး ကိုယ်နဲ့မကွာအောင်ထားနိုင်ရင် အကောင်းဆုံးပဲ။

ကျောပိုးအိတ်သမား ခရီးသွားများကို သတိပေးချင်တာကတော့ -

ဘတ်ဂျက်ချွေတာပြီး သွားတဲ့ခရီးဖြစ်လို့ ရွက်ထည်တဲလေးတွေ၊ ကြိုးပုခက်လိုဟာတွေ ငှားစားတာတွေလည်း ကမ်းခြေတွေမှာ ရှိတယ်။ အိပ်ဖို့လောက်ပဲဆိုရင်တော့ တဲလေးတွေမှာ ဖြစ်သလိုတည်းခိုနေကြတာတွေလည်း ရှိတယ်။ ပုခက်နဲ့အိပ်သူတွေတောင်ရှိတယ်။

စားရင်လည်း ဒေသစားလောက်ပဲစားရင် သက်သာတယ်။ နာဆီကမ်ပါဆိုတဲ့ ဒေသစာက အသား သို့မဟုတ် ပင်လယ်စာ၊ အရွက်၊ ဆန်ထမင်းတွေပါတယ်။ တစ်ပွဲမှ ၂ ဒေါ်လာ ၃ ဒေါ်လာလောက်ပဲကျတယ်။ တစ်ပွဲလောက်ဆို ဝတယ်။ 

ဘယ်သွားသွား မေးပါများခရီးရောက်၊ သွားပါများခရီးပေါက်၊ ချွေတာလေ ကြာကြာနေနိုင်လေဆိုတာတော့ မမေ့နဲ့ပေါ့။

မိုးစက်

(Ref: Travel Guide Indonesia)