News

POST TYPE

TRAVEL LOG

ဟနွိုင်းကို ရောက်လျှင် လည်ပတ်စေချင်
30-Jun-2018



ဟနွိုင်းမြို့ဟာ အစားအသောက်၊ လေ့လာစရာ၊ ယဉ်ကျေးမှုအစုံကို ညဥ့်နက်သည့်တိုင်အောင် လေ့လာမကုန်နိုင်တဲ့ နေရာတစ်နေရာပါ။ ဗီယက်နမ်ဟနွိုင်းကိုရောက်ခဲ့ရင် လုပ်စရာလည်စရာတွေ အများကြီး ရှိနေပါတယ်။

ဟနွိုင်းက ရပ်ကွက်ဟောင်းနေရာဟာ ရှုပ်ထွေးနေပြီးတော့ လည်ပတ်စရာမကုန်နိုင်လောက်အောင်ပဲ။ လမ်းတွေက ယာဉ်တွေနဲ့ရှုပ်ထွေးနေပြီးတော့ ခွေးတွေ၊ ကစားနေတဲ့ကလေးတွေ လမ်းပေါ်မှာပြည့်နေလိမ့်မယ်။ မော်တော်ဆိုင်ကယ်စီးသူတွေကလည်း လမ်းဖြတ်ကူးရင် အန္တရာယ်များလောက်အောင် မောင်းနေကြလိမ့်မယ်။ ကျောပိုးအိတ်တွေနဲ့ လျှောက်သွားနေသူတွေနဲ့ ဆိုင်ပေါင်းစုံကိုလည်း ဟနွိုင်းရပ်ကွက်ဟောင်းမှာ တွေ့နိုင်ပါတယ်။ 

လမ်းဘေးမှာ ဆိုင်လေးတွေ အများကြီးရှိတယ်။ ဘီယာထိုင်သောက်လို့ရတယ်။ တစ်ပုလင်းမှ ဒေါင် ၅၀၀၀ (ဆင့် ၂၀) လောက်ပဲပေးရတယ်။ ဈေးပေါတယ်။ Beer Hoi ကို ဈေးပေါပေါသောက်နိုင်တယ်။ အကောင်းကြီးမဟုတ်ပေမယ့် လမ်းဘေးထိုင်ပြီး ဘီယာမြည်းရင်းက ဗီယက်နမ်ဘဝကို လေ့လာတာ စဖို့ကောင်းပါတယ်။



ကန်ဘေးမှာ လမ်းလျှောက်ချင်ရင် Hoàn Kiém ရေကန်က နာမည်ကြီးတယ်။ ဟနွိုင်းရဲ့ သမိုင်းဝင်မြို့လယ်မှာ ရှိတယ်။ မြို့ပေါ်ကလူတွေ အများဆုံးလာပြီး အပန်းဖြေစုဝေးလေ့ရှိတယ်။ Hoàn Kiém ကန်မှာ ရှေးက ဘုရင်က လှေစီးနေတုန်း ရွှေလိပ်တစ်ကောင်ပေါ်လာပြီး သူ့မှော်ဓားကို ပြန်ပေးဖို့တောင်းဖူးတယ်လို့ ဆိုတယ်။ Hoàn Kiém ဆိုတာကလည်း ဓားပြန်ပေးရတဲ့ကန်လို့ အဓိပ္ပာယ်ရှိကြောင်း သိရတယ်။ ခုတော့ ကန်ထဲကို လှေမစီးနိုင်ပါဘူး။ ကန်ပတ်လည် လမ်းလျှောက်ပြီး အပန်းဖြေနိုင်တယ်။ ကန်ပတ်လျှောက်ရင်း ဗီယက်နမ်ကလေးတွေ အင်္ဂလိပ်တွေဆိုရင် လိုက်စကားပြောကြတယ်။ စိုးရိမ်စရာမလိုဘူး။ သူတို့ နိုင်ငံခြားသားတွေဆီက သင်ယူနေကြတာပါ။



ဟနွိုင်းရောက်တုန်း သွားလည်ပတ်ကြည့်သင့်တာက Hỏa Lò အကျဉ်းထောင်ဖြစ်ပါတယ်။ သမိုင်းကို ပြန်ခံစားနိုင်တဲ့ နေရာတစ်နေရာလည်းဖြစ်တယ်။ ဗီယက်နမ်-အမေရိကန်စစ်ပွဲမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းကို သိရမှာပါ။

အဲဒီအကျဉ်းထောင်ကို ပြင်သစ်တွေ ဆောက်ခဲ့တာ။ ခုတော့ ပြတိုက်လိုလုပ်ထားတယ်။ အဲဒီမှာ ပြောစရာသမိုင်းတွေ အများကြီးရှိနေတယ်။ အဲဒီအကျဉ်းထောင်က အကျဉ်းသား သုံးပုံနှစ်ပုံလောက်ဟာ  Shopping Mall ကြီးတစ်ခုကိုတည်ဆောက်ရင်း အသက်ဆုံးရှုံးခဲ့ကြရတယ်။ ခုတော့ အကျဉ်းထောင်မှာ သမိုင်းဝင်ပြခန်းတွေ သက်သေခံတွေကို ပြသထားတယ်။ ဝင်ခက တစ်ဒေါ်လာပေးရမယ်။ လှည့်ပတ်ကြည့်ရင် ၄၅ မိနစ်ကြာမယ်။ ဟနွိုင်းမြို့ပေါ်ကနေ ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်နိုင်တဲ့နေရာမှာရှိတယ်။



ဘီယာမသောက်ဘဲ ကော်ဖီသောက်ချင်ရင်တော့ နေရာအနှံ့ ကော်ဖီဆိုင်တွေ တွေ့ရလိမ့်မယ်။ ဗီယက်နမ်တွေက ကော်ဖီချစ်သူတွေလို့ဆိုပါတယ်။ လမ်းဘေးဆိုင်တွေမှာ ကော်ဖီထိုင်သောက်ရင်း သူတို့ဘဝ သူတို့ဓလေ့တွေကိုလည်း လေ့လာနိုင်တာပေါ့။ ကော်ဖီဆိုင်တွေက ကန်ပတ်လည်မှာလည်းရှိတယ်။ ကော်ဖီလည်းသောက် ကန်ရဲ့ရှုခင်းအလှကိုကြည့်ချင်ရင်တော့ Café Pho Co မှာ သောက်သင့်တယ်။ ဟနွိုင်းရပ်ကွက်ဟောင်းက အိမ်အမိုးပေါ်မှာ ဖွင့်ထားတဲ့ဆိုင်ပဲ။

ဟနွိုင်းရောက်တုန်း ကြက်ဥကော်ဖီဆိုတာလေးလည်း မြည်းကြည့်ခဲ့စေချင်တယ်။ အရမ်းအရသာရှိတယ်လို့ ဆိုတယ်။ ဒိန်ချဉ်ကော်ဖီ၊ အုန်းသီးကော်ဖီတွေလည်း ရတယ်။ အုန်းသီးကော်ဖီကို ရေခဲမုန့်နဲ့လည်း ရောထားတာလည်း ရှိတယ်။ စွဲလောက်တဲ့ အရသာပဲ။

ဟနွိုင်းမှာ “အနောက်ကန်” ဆိုတဲ့နေရာလည်း ရှိသေးတယ်။ မြို့ဟောင်းက ရေကန်နေရာပါ။ Hõ Tây လို့ခေါ်ပြီး မြို့ရဲ့ မြောက်ဘက်မှာရှိတယ်။ ဟိုချီမင်းဂူ ဗိမာန်ကနေ ၁၀ မိနစ်လောက်လျှောက်ရင် ရောက်တယ်။ အဲဒီဝန်းကျင်မှာ လမ်းဘေးစားသောက်ဆိုင်တွေပေါတယ်။ ကော်ဖီ၊ အစားအစာတွေကို ဈေးသက် သက်သာသာနဲ့ စားနိုင်တယ်။



ဟနွိုင်းရောက်ရင် ဟိုချီမင်း ဂူဗိမာန်ကိုလည်း သွားလည်သင့်တယ်။ ဝင်ကြေးမပေးရဘူး။ ဗီယက်နမ်နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်ပြီး အလေးအမြတ်ပြုခြင်းခံရသူလည်းဖြစ်တယ်။ ဖွင့်ချိန်ကတော့ ကြာသပတေးနေ့ မနက် ၇ နာရီခွဲကနေ ၁၀ နာရီခွဲအထိ၊ စနေ၊ တနင်္ဂနွေဆိုရင် မနက် ၇ နာရီခွဲကနေ ၁၁ နာရီ အထိပဲ ဖွင့်တယ်။

ဂူဗိမာန်ထဲဝင်လိုက်ရင် စစ်သား ၈ ယောက် စောင့်ကြည့်နေတာ ခံရမယ်။ ကင်မရာတွေ မယူရဘူး။ အပြင်မှာ ထားခဲ့ရတယ်။



သမိုင်းလေ့လာချင်သူတွေအတွက် ဗီယက်နမ်စစ်သမိုင်းပြတိုက်ကလည်း လေ့လာသင့်တဲ့ နေရာတစ်နေရာပေါ့။ ပြခန်းအခင်းအကျင်းပေါင်း နှစ်သိန်းကျော်ရှိတယ်။ သမိုင်းမတိုင်မီခေတ်ကနေ တော်လှန်ရေးကာလ ၁၉၄၇ ကနေ ဒီမိုကရက်တစ်ပြည်သူ့သမ္မတ ဗီယက်နမ်နိုင်ငံထူထောင်တဲ့ ကာလတွေအထိ ပြသထားတယ်။ ခမ်းနားလှတဲ့ အင်ဒိုချိုင်းနားခေတ်လက်ရာ အဆောက်အအုံကြီးရဲ့အတွင်းမှာ စစ်သမိုင်းပြတိုက်ကို လေ့လာနိုင်မှာဖြစ်ပါတယ်။ 

စစ်သမိုင်းပြတိုက်ကြီးအတွင်းမှာ ရုရှားနိုင်ငံက ခေါင်းဆောင်ကြီးလီနင်ရဲ့ ကြီးမားတဲ့ရုပ်တုကြီးကိုလည်း တွေ့ရလိမ့်မယ်။ ကမ္ဘာပေါ်မှာ တစ်ခုတည်းရပ်တည်နိုင်ခဲ့တဲ့ ရုပ်တုကြီးပဲ။ ရုရှားမှာတောင် ဒီလိုကြီးမားတဲ့ ရုပ်တုအနေနဲ့ ရပ်တည်နိုင်တာ မရှိတော့ဘူး။

မိုးစက်

(Ref : Visit Hanoi, Travel Tips)