News

POST TYPE

TRAVEL LOG

၂၀၁၈ ခုနှစ်အတွက် အလည်ပတ်သင့်ဆုံး နိုင်ငံများ
16-Jun-2018 tagged as



Cape Verde Islands (Africa)

ဗာ့ဒ်အငူဆိုတဲ့ ကျွန်းလေးဟာ အာဖရိကတိုက် အနောက်ဘက်ကမ်းရိုးတန်းမှာ ရှိပါတယ်။ မိုင် ၃၅၀ ပတ်လည်လောက်ကျယ်ဝန်းတဲ့ ကျွန်းစုပေါင်း ၁၀ ခု လောက်ဝန်းရံထားတဲ့ လှပသောဒေသတစ်ခု ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေအလှနဲ့ သဘာဝစွန့်စားခန်း ခရီးတွေကို ကြိုက်တဲ့သူတွေအတွက် သွားသင့်တဲ့နေရာပေါ့။ ဒေသခံတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့တွေ၊ ၁၅ ရာစုလောက်ကတည်းက စိုးမိုးခဲ့တဲ့ ပေါ်တူဂီတို့ရဲ့ လက်ရာတွေကို လေ့လာဖို့ အကောင်းဆုံးနေရာတွေလို့ ဆိုရမယ်။

ကျွန်းစုတွေမှာ နာမည်ကြီးတာက ရိုးရာဂီတတွေပဲ။ ခေတ်ပေါ်နဲ့ ရိုးရာတေးဂီတတွေကို ပေါင်းစပ်ထားတဲ့ ထူးဆန်းတဲ့ဂီတမှာ စီးမျောနိုင်တယ်။ ဗာ့ဒ် အငူမှာ နာမည်ကြီး တေးဂီတအမျိုးအစားပေါင်း ၅ မျိုး လောက်ရှိတယ်။ မော်နာဆိုတဲ့ဂီတကိုတော့ အမျိုးသား ရိုးရာဂီတနဲ့ အကတွေအဖြစ် သတ်မှတ်ထားကြတယ်။ 

ကျွန်းစုတွေရဲ့နောက်ခံအဖြစ် မီးတောင်တွေနဲ့ ကမ်းခြေအလှတွေကို ခံစားနိုင်တဲ့အပြင် တောတောင် ခရီးတွေကိုလည်း ရွှံ့ချော်တွေကိုဖြတ်ပြီး လေ့လာရေးခရီးသွားနိုင်အောင် စီစဉ်ပေးထားတဲ့ ခရီးတွေရှိတယ်။ နက်ရှိုင်းတဲ့လျှိုမြောင် ချောက်တွေကို ဖြတ်ကျော်သွားတဲ့ ခရီးလမ်းတွေမှာလည်း ထူးဆန်းတဲ့ နဂါးသစ်ပင်တွေကို မြင်ကြရလိမ့်မယ်။ 

Cidade Velha ဆိုတဲ့နေရာကတော့ ခရစ္စတိုဖာကိုဘံဘတ်စ်နဲ့ ဗက်စကိုဒဂါးမားတို့ စခန်းချခဲ့ဖူးတဲ့ ၁၅ ရာစုခေတ်က ခံတပ်ဟောင်းမြို့တစ်ခု ဖြစ်ပါတယ်။ အဲဒီနေရာကို UNESCO ကနေ ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ထားတယ်။ ဒေသထွက် Grogue လို့ခေါ်တဲ့ ရမ်အရက်ကိုသောက်ရင်း မော်နာဂီတကို နားထောင်၊ အကတွေကို ရှုစားခဲ့နိုင်တယ်။



Botum Sakor National Park (Cambodia)

ကမ္ဘောဒီးယားနိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာရှိတဲ့ ဘိုတွန် ဆေခါ အမျိုးသားဥယျာဉ်ဟာ နိုင်ငံရဲ့ အကြီးဆုံးဥယျာဉ်ကြီးတစ်ခုဖြစ်ပါတယ်။ အမြဲစိမ်းသစ်တောနဲ့ မြက်ခင်းပြင်ကြီးတွေအပြင် ပင်လယ်နဲ့လည်း ထိစပ်နေတဲ့နေရာတွေရှိတာကြောင့် လေ့လာဖို့ အကောင်းဆုံးနေရာအဖြစ် ကမ္ဘာလှည့်ခရီးသည်တွေ သွားလေ့ရှိကြတယ်။ 

အနောက်တောင်ဘက်မှာရှိတဲ့ ဆင်စခန်း Southwest Elephant Corridor ဟာဆိုရင် မိုင် ၇၀၀ ပတ်လည်ကျယ်ဝန်းပြီးတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အာရှဆင်စခန်းတွေထဲမှာဆိုရင် အကြီးဆုံးလို့ဆိုရမယ်။ အဲဒီဆင်စခန်းမှာပဲ ရွာတွေ၊ ရေတံခွန်တွေ၊ ရှားပါးငှက်တွေနှင့် ရေငန်ပိုင်း မိကျောင်းတွေကို လေ့လာနိုင်တယ်။ 

စခန်းထဲမှာ တည်းခိုဖို့ တဲစခန်းတွေကိုလည်း ဆောက်ထားတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမယ့် အဆောင်လေးတွေမှာ တည်းခိုနိုင်အောင် စီစဉ်ပေးထားတယ်။ ၂၀၁၈ ခုနှစ်ထဲမှာပဲ ဧက ၈၆၀ လောက်ရှိတဲ့ တောင်ပိုင်း Cardamom အမျိုးသားဥယျာဉ်ထဲမှာ တိရစ္ဆာန်ဥယျာဉ်တစ်ခုကို ထပ်ဖွင့်ဖို့ စီစဉ်နေတယ်။ ဘိုတွန်ဆေခါရဲ့ အရှေ့တောင်ဘက်မှာရှိတယ်။ 

Shinta Mani Wild စခန်းဟာ မိုးသစ်တောထဲမှာရှိပြီးတော့ ဆာဖရီစတိုင်တည်ဆောက်ထားတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ ခြေတံရှည် တဲ ၁၅ လုံး လောက် ဆောက်ပေးထားပြီးတော့ စားသောက်ဆိုင်၊ ဘားဆိုင်နဲ့ အပန်းဖြေရေပူစမ်းတွေ ထားပေးထားတယ်။

တောထဲတောင်ထဲခရီးကို စိတ်ဝင်စားသူတွေအတွက် လမုပင်တွေကြားမှာ လှည့်လည်သွားလာရုံမက အပျော်စီး  ကယပ်လှေတွေပါ စီးနိုင်တဲ့ ခရီးစဉ်တွေရှိတယ်။ ဒေသခံ တံငါရွာတွေကိုလည်း သွားလေ့လာနိုင်အောင် စီစဉ်ပေးထားတယ်။



Banff (Canada)

ကနေဒါနိုင်ငံ ဘန့်ဖ်ကိုတော့ တစ်နှစ်ပတ်လုံး လာသင့်တဲ့နေရာလို့ ဆိုထားတယ်။ ကနေဒါနိုင်ငံရဲ့ တောင်ထူထပ်တဲ့ Alberta ဒေသမှာ ရှိပြီးတော့ ခုဆိုရင် နှစ် ၁၅၀ ပြည့်ပွဲတွေ ကျင်းပဖို့ စီစဉ်နေကြတယ်။ အဲဒီပွဲနဲ့ အချိန်ကိုက် ကနေဒါနိုင်ငံရဲ့ ရှေးအကျဆုံး အမျိုးသားဥယျာဉ်ကြီးရဲ့ သဘာဝအလှတွေကို ခံစားနိုင်ဖို့ပါ ဖိတ်ခေါ်နေတာ တွေ့ရတယ်။

ကနေဒါနိုင်ငံမှာ နှင်းလျှောစီးချင်သူတွေ၊ ကယပ်လှေစီးချင်သူတွေ၊ တောင်တက်ချင်သူတွေအတွက် ဘန့်ဖ်ဟာ အကောင်းဆုံးဒေသလို့ ဆိုချင်ပါတယ်။ ဘန့်ဖ်အမျိုးသားဥယျာဉ်ကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်တွေ သန်းချီရောက်လာကြပါတယ်။ ဇူလိုင်လနဲ့ ဩဂုတ်လတွေဟာ အဲဒီအမျိုးသား ဥယျာဉ်အတွင်းမှာ လည်ပတ်ဖို့ အကောင်းဆုံးအချိန်လို့ ဆိုပါတယ်။ 

Fairmont Banff Springs ဆိုတဲ့ စခန်းဟာ သမိုင်းဝင်စခန်းနေရာဖြစ်တယ်။ ဒစ္စနေးလ်ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ အလယ်ခေတ်က ရဲတိုက်ကြီးတစ်တိုက်ကိုလည်း ထူးဆန်းစွာ တွေ့ရလိမ့်မယ်။ ဘန့်ဖ်ဒေသရဲ့ အကောင်းဆုံး လည်ပတ်နိုင်ပြီး ဇိမ်ခံဖို့ အကောင်းဆုံးနေရာလို့လည်း ပြောကြတယ်။ 

ဘန့်ဖ်ဒေသမှာ ထူးခြားတာက တစ်နှစ်ပတ်လုံး မြင်ရမယ့် ကောင်းကင်ပေါ်က Northern Light လို့ခေါ်တဲ့ ထူးခြားတဲ့ ရောင်စဉ်တန်းတွေပဲ။ ဖေဖော်ဝါရီနဲ့ ဧပြီလတွေမှာဆိုရင် ကောင်းကင်မှာ ထွက်ပေါ်နေတဲ့ ရောင်စဉ်တန်းတွေဟာ ပိုပြီးတော့ ထူးဆန်းအံ့ဩဖွယ်ကောင်းတယ်။ ဒီနှစ်လာလည်မယ့်သူတွေအတွက် စောင့်ကြိုနေတာကတော့ Banff Mountain Film လို့ခေါ်တဲ့ ရုပ်ရှင်ပွဲတော်နဲ့ စာအုပ်ပွဲတော်ပဲ။



Nagano (Japan)

ဂျပန်နိုင်ငံ နာဂါနိုအရပ်ဟာ ဆိုဘာခေါက်ဆွဲကြောင့် နာမည်ကျော်တဲ့ဒေသပါ။ ရေပူစမ်းတွေအပြင် နှင်းတွေကြားထဲမှာ အကောင်းဆုံးအပန်းဖြေနိုင်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်က ဆောင်းရာသီ အိုလံပစ်ပွဲကျင်းပခဲ့တယ်။ ခုဆိုရင် နာဂိုနာကို နိုင်ငံတကာ အပန်းဖြေခရီးဒေသတစ်ခုဖြစ်လာအောင် ကြံဆောင်နေတာလည်း တွေ့ရတယ်။ 

လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ တိုကျိုနွေရာသီ အိုလံပစ်ပွဲကို ကျင်းပပါလိမ့်မယ်။ တိုကျိုမြို့တစ်ဝိုက်မှာလည်း ဟိုတယ်ကြီးတွေကို ခုကတည်းက တည်ဆောက်နေပါပြီ။  Risonare Yatsugatake ကို အတိတ်က ဝိုင်ထုတ်လုပ်ခဲ့တဲ့အထိမ်းအမှတ်အဖြစ် ပြန်လည်ပြီးတော့ အသက်သွင်းနေတယ်။ အဲဒီမြို့လေးဟာ တစ်ချိန်က အီတလီတောင်ပေါ်ရွာလေးလို ဖြစ်ခဲ့တဲ့နေရာပဲ။

နာဂါနိုအရပ်ကိုရောက်ရင် တည်းခိုဖို့တွက် နာမည်ကျော်ဟိုတယ်တွေကတော့ ဟာကူဘာတောင်တန်းတွေအနီးမှာရှိတဲ့ House of Finn Juhl ဟိုတယ်မှာ တောင်ပေါ်နှင်းလျှောစီးနိုင်သလို၊ နာဂါနိုမြောက်ပိုင်းမှာရှိတဲ့ Omachi Hot Springs အနီးဆောက်ထားတဲ့ KAI Alps တည်းခိုခန်း၊ Karuizawa Marriott Hotel မှာဆိုရင် အင်္ဂလိပ်စကားပြောတဲ့ ဂျပန်တွေရဲ့ဝန်ဆောင်မှုတွေကို သန့်ရှင်းအေးဆေးစွာနဲ့ ခံစားနိုင်မှာဖြစ်ပါတယ်။ 

Hakuba Valley ဒေသမှာ စကိတ်စီးတဲ့စခန်း တွေရှိပါတယ်။ နာဂါနိုဒေသတစ်ခုလုံးမှာ ရေပူစမ်းတွေလည်း ရှိပါတယ်။ ရှေးရိုးဓလေ့ပုံစံတွေနဲ့ ဝန်ဆောင်မှုပေးတာတွေ တွေ့ရလိမ့်မယ်။ ၁၇ ရာစုက တည်ဆောက်ခဲ့တဲ့ Matsumoto ရဲတိုက်ကိုလည်း နာဂါနိုမှာ လေ့လာနိုင်ပါတယ်။ 

တောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝကို လေ့လာလိုသူတွေအတွက် Jigokudani Wild Monkey Park ဆိုတာ ရှိပါတယ်။ အဲဒီဥယျာဉ်နဲ့ ကပ်လျက်မှာ Yudanaka Shibu Onsen လို့ခေါ်တဲ့ ရွာရှိတယ်။ မျောက်ရွာထဲမှာတော့ မျက်နှာနီတွေနဲ့ မျောက်တွေကို နှင်းတောထဲမှာ၊ ရေပူစမ်းတွေထဲမှာ တွေ့နိုင်ပါတယ်။

E-01 (Ref : CNN)

  • TAGS