News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ဆယ်တန်းမေးခွန်းပုံစံသင်တန်းများနှင့် ပြင်ဆင်မှု)
16-Aug-2018
ယခုနှစ်တွင် စတင်ဖြေဆိုရမည့် တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းပုံစံသစ်နှင့်ပတ်သက်၍ အခြေခံပညာအထက်တန်းသင် ဆရာ၊ ဆရာမများ၏ မေးခွန်းပုံစံသစ်အပေါ် နားလည်မှုနှင့် ကြိုတင်ပြင်ဆင်မှုလုပ်ရာတွင် ကြုံရသော အခက်အခဲများကို ဆရာ၊ ဆရာမများ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ခုက သိပ်ပြီးသဘောမပေါက်သေးတဲ့သူ ရှိတယ်။ ပြောင်းလဲမှုကို လက်မခံသေးတဲ့သူရှိတယ်”
ဦးမျိုးသူ (အထက်တန်းပြ၊ အင်္ဂလိပ်စာဘာသာရပ်၊ အထက (၁)၊ ကျိုက်လတ်)

ကျွန်တော့်အနေနဲ့ မေးခွန်းပုံစံပြောင်းလဲတာကို ကြိုဆိုပါတယ်။ အရင်က ဖတ်မှတ်စွမ်းရည်ကို စစ်ဆေးတဲ့ပုံစံဖြစ်တယ်။ ပုံနှိပ်ထဲကဟာပဲ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကလေးက အမှတ်ကောင်းကောင်းရတယ်။ အခု ပြောင်းတဲ့မေးခွန်းပုံစံမှာက ကလေးတွေက ဖတ်မှတ် စွမ်းရည်ရှိရုံနဲ့မရတော့ဘဲ အင်္ဂလိပ်စာကို ဘယ်လောက်ထိ အခြေခံကျကျ နားလည်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ထွက်လာတဲ့ဂုဏ်ထူးတွေကလည်း ပိုပြီးကိုးစားနိုင်တဲ့ဂုဏ်ထူးတွေ ဖြစ်လာမယ်လို့ မြင်ပါတယ်။ မေးခွန်းက ခက်မယ်ဆိုရင်တော့ အောင်ချက် နည်းနည်းကျမယ်ပေါ့။ မေးခွန်းက သာမန်ဆိုရင် အောင်ချက်ကို ကြီးကြီးမားမား ထိခိုက်မယ်လို့မထင် ပါဘူး။ ဂုဏ်ထူးအရေအတွက်မှာတော့ လျော့သွားနိုင်တယ်။ အောင်မှတ်ကတော့ ပေးထားမှာပဲ။ ထွက်လာတဲ့ ဂုဏ်ထူးရှင်တွေကလည်း တကယ်တော်ပြီး တကယ်တတ်တဲ့သူတွေပဲ ရလိမ့်မယ်ထင်တယ်။ မေးခွန်းပြောင်းတဲ့အပေါ်မှာ အနည်းနဲအများ စိုးရိမ်စိတ်တော့ ရှိပါတယ်။ ခု ဆယ်တန်းကိုရောက်နေတဲ့ကလေးတွေက ငယ်တုန်းက စာတွေကို မေ့မေ့ထားခဲ့ကြတာ။ ၈ တန်းရော၊ ၉ တန်းရော မအောင်မရှိဖြစ်တဲ့အတွက် ဒီနှစ် ရုတ်တရက် မေးခွန်း ပြောင်းတဲ့အပေါ်မှာ နည်းနည်းစိုးရိမ်စိတ်ရှိပါတယ်။ တွေးခေါ်စဉ်းစားမှုအပိုင်းဆိုတာလည်း ပြဋ္ဌာန်းစာအုပ်နဲ့ဆက်စပ်မှုရှိတော့ သိပ်ပြီး အခက်အခဲ မရှိလောက်ဘူးလို့ထင်ပါတယ်။ ဒါကလည်း တစ်ကျောင်းတည်း ကွက်ပြောင်းတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတူတူ ပြောင်းလဲတာဖြစ်တဲ့အတွက် သိပ်ပြီးတော့ စိုးရိမ်စရာ မရှိပါဘူး။ အောင်ချက်နည်းရင် တစ်နိုင်ငံလုံးနည်းမှာပဲ။

အဲဒီကျရင် တက္ကသိုလ်ဝင်ခွင့်ကလည်း တစ်မျိုးဖြစ်သွားမှာ။ အစောကြီးကတည်းက စာသင်တဲ့အခါမှာ စကားလုံးတွေကို အဓိကသင်တာမဟုတ်ဘဲ သူ့ရဲ့အကြောင်းအရာကို သေချာသင်ထားတဲ့အတွက် ဘယ်လိုပဲလာလာ ဖြေနိုင်မယ်လို့တော့ မြင်ပါတယ်။ မေးခွန်းပုံစံသစ်နဲ့ပတ်သက်ပြီး ဇွန်၊ ဇူလိုင်ထဲမှာ ဆွေးနွေးပွဲလုပ်ပေးပါတယ်။ အဲတုန်းကတော့ ပြောင်းလဲမယ့် မေးခွန်းပုံစံကို သတင်းစာထဲမှာ ပါတဲ့အတိုင်း ချပြလိုက်တာ။ နေ့တစ်ဝက်ပဲ နမူနာချပြလိုက်တာပဲရှိတယ်။ နောက်ထပ် သင်တန်းပေးဦးမယ်လို့တော့ ပြောတယ်။ ပြောင်းလဲမှုကလည်း ခေတ်စနစ်ရဲ့လိုအပ်ချက်အရ ပြောင်းလဲလာတာလို့ယူဆပါတယ်။ အဓိကသတိထားရမှာက ဒီစနစ်ကို အကောင်အထည်ဖော်တဲ့ ဆရာ၊ ဆရာမတွေတိုင်းက အပင်ပန်းခံပြီး ဖြစ်မြောက်အောင် အကောင်အထည် ဖော်ဖို့လိုပါတယ်။

နောက်ဒီစနစ်ကိုလည်း တစ်နိုင်ငံလုံးက ဆရာ၊ ဆရာမတွေအားလုံးက သဘောပေါက်လက်ခံဖို့လိုတယ်။ လက်ခံရင်တော့ ဒီစနစ်အောင်မြင်မှာပါ။ ခုက သိပ်ပြီးသဘောမပေါက်သေးတဲ့သူရှိတယ်။ ပြောင်းလဲမှုကို လက်မခံသေးတဲ့သူရှိတယ်။ ခုပြောင်းလဲတဲ့ပုံစံအရ ဆရာ၊ ဆရာမတွေက ပိုပြီးပင်ပန်းမယ်။ အရင်ကတော့ ကလေးတွေကို စာပေးမယ်။ ကျက်ခိုင်းမယ်။ စာမေးမယ်။ စာမရတဲ့ကလေး ကျမယ်။ စာရတဲ့ကလေး တတ်သွားမယ်။ ဆရာ၊ ဆရာမတွေ သက်သာတာပေါ့။ အခုကကျ ကလေးကို မရရအောင် သင်ပေးရမယ့် အပိုင်းဖြစ်လာတယ်။ အဲဒီတော့ ပိုပြီးပင်ပန်းတယ်။ အဲဒီတော့ တချို့က လက်မခံဘူး။ အဲဒီတော့ ဒီပြောင်းလဲမှုကို သေချာလက်ခံဖို့လိုတယ်။ ဒီပြောင်းလဲတဲ့စနစ်ကို သဘောပေါက်အောင် ပညာရေးတက္ကသိုလ်၊ ပညာရေး ကောလိပ်တွေက ဆရာ၊ ဆရာမတွေကလည်း သင်တန်းတွေ ဘာတွေ ပေးဖို့လိုမယ်လို့ထင်တယ်။

“သူတို့လိုချင်တာက ဘယ်လိုပါလို့ ပြောထားတဲ့အတွက် ဦးတည်ချက်ပေါက်မြောက်အောင် ပံ့ပိုးလိုက်ဖို့ပဲ ကျွန်မတို့ရှိတာပါ”
ဒေါ်သီတာစိုး (အထက်တန်းပြ၊ ရူပဗေဒဘာသာရပ်၊ အထက (၁)၊ မြောက်ဒဂုံမြို့)

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်အတွက် အဆင့်မြင့်ကနေ ဆရာ၊ ဆရာမတွေခေါ်ပြီး ဘာသာရပ်စွမ်းရည်မြင့် အလုပ်ရုံဆွေးနွေးပွဲလုပ်ပေးပါတယ်။ တစ်ဘာသာကို တစ်ရက်နှုန်းနဲ့ ဆယ်တန်းသင်တဲ့ဆရာတွေခေါ်ပြီး လုပ်တာပါ။ ကျွန်မတို့ကတော့ ရူပဗေဒဘာသာရပ်ဆိုတော့ ဒီဘာသာရပ်အကြောင်းပဲ သိတာပေါ့။ သင်တန်းသွားတက်တယ်။ ကျောင်းသားတွေကို ပြန်ပြောပြတယ်။ ကလေးတွေကို စာသင်ရင်းနဲ့ မေးခွန်း ဘယ်လိုပြောင်းတယ်။ ဘယ်စာတွေကို ဘယ်လိုထည့်ဖြေရမယ်ဆိုတာ ပြောပါတယ်။ အမှတ်ပေးစည်းမျဉ်းက ဘယ်လိုပါမှ အမှတ်ရမယ်။ အရင်လို ဒါမေးဒါဖြေ မဟုတ်တော့ဘူး။ တွေးတာတွေပါမယ်ဆိုတာ ပြန်ပြောပြတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲက တော်တော်လေး အဆင်ပြေပါတယ်။ သေချာဆွေးနွေးပေးတဲ့အတွက် အရင့် အရင်က ဆွေးနွေးပွဲတွေထက်လည်း ထိရောက်ပါတယ်။

အရင်မေးခွန်းပုံစံမှာက True ၊ False ပါတော့ ကလေးတွေက ရမ်းသမ်းဖြေလို့ရတာပေါ့။ ကျွန်မတို့ ရူပဗေဒအနေနဲ့က မေးခွန်းပုံစံပြောင်းတာ ပိုလွယ်သွားတယ်။ ဘယ်လိုလဲဆိုတော့ အရင်က True ၊ False မှာဆိုရင် ရတဲ့ကလေးက ရပေမယ့် မရတဲ့ကလေးက ရမ်းဖြည့်လိုက်တာ။ ခုပုံစံက ရွေးဖြေရတဲ့ဟာပါတော့ စာကျက်ထားတဲ့ကလေးက မေ့နေပေမယ့် သုံးခုထဲက တစ်ခုရွေးလိုက်ရင် အဆင်ပြေပြီ။ ပါမောက္ခတွေကိုယ်တိုင်က ကျွန်မတို့ကို ကိုယ်တိုင်တွေ့ပြီး ဘယ်လို အဖြေမျိုးကို လိုချင်တယ်လို့ ချပြောထားတဲ့အတွက်ကြောင့် ကျွန်မတို့က ပါအောင်သင်ပေးထားမှာပဲ။ လိုက်လုပ်တဲ့ကလေးအတွက် ပြဿနာ လုံးဝမရှိဘူး။ သူတို့လိုချင်တဲ့အဖြေကို မပြောခဲ့ဘူးဆိုရင်တော့ ကျွန်မတို့က စမ်းတဝါးဝါးသင်၊ စာမေးပွဲကျမှ ဒိုင်းခနဲဖြေလိုက်ရရင်တော့ ကလေးတွေအတွက် စိုးရိမ်စရာရှိတယ်။ ခုကျတော့ စာမေးပွဲနဲ့ တအားဝေးတဲ့အချိန်မှာ ခေါ်ပြောလိုက်တဲ့အတွက် အဆင်ပြေပါတယ်။ စာမလုပ်တဲ့သူကတော့ မရဘူးပေါ့။ ဒါပေမဲ့ ကျွန်မတို့ဘာသာရပ်အနေနဲ့က သိပ်ပြီးစိုးရိမ်စရာမရှိဘူး။ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ဖြေကြည့်လိုက်မှသိမှာ။ ကြိုပြီးတော့ စိုးရိမ်စရာသိပ်မရှိဘူး။

အဆင့်မြင့်က ပါမောက္ခတွေမှာတဲ့အတိုင်း ကျွန်မတို့က ထောင့်စုံသင်ပေးထားတယ်။ ခုက အချိန်လည်းရတယ်။ ကြိုတင်ပြင်ဆင်ချိန်တွေ များများရှိပါတယ်။ သင်တဲ့သင်ကြားရေးကို ဘယ်လိုဖြေရမယ်။ ဘယ်လိုပါမယ်ဆိုတာ ပြောထားတဲ့အတွက် စာလုပ်ရင် ပြဿနာသိပ်မရှိဘူး။ ဆရာ၊ ဆရာမတွေအတွက်လည်း အခက်အခဲမရှိပါဘူး။ အထက်ကပြောင်းနေပြီး အောက်ကမသိရင်တာ ခက်တာပါ။ အခုက အထက်က ပြောင်းတယ်။ သူတို့လိုချင်တာက ဘယ်လိုပါလို့ ပြောထားတဲ့အတွက် ဦးတည်ချက်ပေါက်မြောက်အောင် ပံ့ပိုးလိုက်ဖို့ပဲ ကျွန်မတို့ရှိတာပါ။ အပေါ်နဲ့ အောက် အရမ်းကွာဟနေရင်တော့ ပြောစရာရှိတာပေါ့။ ခုကတော့ ပြောစရာများများစားစား မရှိပါဘူး။ သူတို့လည်း နွေရာသီကတည်းက ကျောင်းအုပ်ကြီးတွေကို အစည်းအဝေးခေါ်ပြီး မေးခွန်းပုံစံပြောင်းမယ့် အစီအစဉ်ကို ချပြပါတယ်။ ကျောင်းအုပ်ကြီးတွေကလည်း သူတို့သိပြီဆိုတာနဲ့ မေးခွန်းပုံစံပြောင်းတယ်ဆိုတာ ပြန်ပြောပြတယ်။ ဒါကြောင့် အခက်အခဲမရှိပါဘူး။

“အခုက ခါတိုင်းလို အောင်မှတ်ရဖို့မလွယ်တော့ဘူး။ ကလေးတွေကို ဖိအားပေးရတယ်”
ဒေါ်စန္ဒာအေး (အထက်တန်းပြ၊ ဘောဂဗေဒဘာသာရပ်၊ အထက(ခွဲ)၊ ဦးတိုစာဖြူစု၊ မင်းလှမြို့နယ်)

မေးခွန်းပုံစံပြောင်းတာနဲ့ပတ်သက်ပြီး အခက်အခဲကတော့ ကလေးတွေက အခန်းတွေပိုကျက်ရတဲ့အတွက် သူတို့ကတော့ နည်းနည်းအခက်အခဲ ရှိသွားတယ်။ ခါတိုင်းလို မလွယ်တော့ဘူး။ အောင်ဖို့ ပိုကြိုးစားရတယ်။ ဆရာ၊ ဆရာမတွေကတော့ ခါတိုင်းလည်း အခန်းကုန်သင်တယ်။ ဒါပေမဲ့ သူတို့ကြိုက်တဲ့အခန်းကိုရွေးပြီး ထပ်ခါတလဲလဲ သင်ပေးရတယ်။ ဂုဏ်ထူးလိုချင်တဲ့သူအတွက် သူတို့နှစ်သက်ရာ တစ်ခန်းလောက်ကို ပိုကျက်ခိုင်းရတယ်။ အခုကျတော့ မရတော့ဘူး။ သူတို့အတွက် ဖိဖိစီးစီး ပိုလုပ်ပေးရတယ်။ ကျွန်မတို့အတွက်လည်း တက္ကသိုလ်က ဆရာ၊ ဆရာမတွေက ဆွေးနွေးပွဲ လာလုပ်ပေးတယ်။ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးကြတာဖြစ်တဲ့အတွက် အကျိုးရှိပါတယ်။ ဆရာမတွေက ပုံမှန်သင်တာကနေ ပိုပြီးဂရုစိုက်ရတာပေါ့။ ပိုပြီးကျက်ဖို့ တွန်းအားပေးရတယ်။ ခါတိုင်းလည်း အခန်းစုံသင်ပေမယ့် သူတို့ကြိုက်တာ ရွေးကျက်လို့ရတာ။ ပုံမှန်သင်နေပြီး ခါတိုင်းထက် ကလေးတွေကို ပိုလေ့လာဖို့ တိုက်တွန်းရတယ်။ အခုက ခါတိုင်းလို အောင်မှတ်ရဖို့ မလွယ်တော့ဘူး။ ကလေးတွေကို ဖိအားပေးရတယ်။ ကျောင်းသားတွေအနေနဲ့ တစ်ခါမှလည်း ဒီမေးခွန်းပုံစံသစ်ကို ဖြေမကြည့်ရသေးဘူးဆိုတော့ ခန့်မှန်းရခက်တယ်။ ကျွန်မတို့ကတော့ ဒီပြောင်းလဲတဲ့ပုံစံကို လက်ခံပါတယ်။ သဘောလည်းကျတယ်။

မြဇာခြည်သင်း