News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ရာထူး တိုး၊ ပြောင်း မူဝါဒ)
21-Jun-2018

အခြေခံပညာဦးစီးဌာနအနေနှင့် သင်ကြားရေး ဆရာ၊ ဆရာမများ၏ ရာထူးတိုးပြောင်း၊ ရွှေ့များ ဆောင်ရွက်ရာတွင် မူဝါဒကို ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် မြို့နယ်အချို့၌ အဂတိလိုက်စားမှုများ ဖြစ်ပေါ်နေသော သတင်းများကြောင့် ရာထူးတိုး၊ ပြောင်းရွှေ့ လျှောက်ထားကြသော ဆရာ၊ ဆရာမများ၏ ခံစားချက်များကို ယခုတစ်ပတ်ဆရာ၊ ဆရာမများ ရင်ဖွင့်သံကဏ္ဍအဖြစ် ဖော်ပြလိုက်ပါသည်။

“မြို့နယ်ပညာရေးမှူးနဲ့ တော်တော်လေး အချေအတင် စကားပြောရတဲ့ အခြေအနေ ဖြစ်သွားတယ်”
ဦးမြတ်သီဟထွန်း (မူလတန်းပြ၊ ရွာသစ်စု (လေးအိမ်စု)၊ မအူပင်မြို့နယ်)

ရာထူးတိုးပြောင်းရွှေ့အတွက် မသမာမှုတွေကို အထောက်အထားရဖို့က တော်တော်လေး ခဲယဉ်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ တစ်ဆင့်စကားနဲ့ ပြန်သိရတာရှိတယ်။ အဲဒါက ရာထူးတိုးပြောင်းရွှေ့မူဝါဒနဲ့ မကိုက်ညီတဲ့ နေရာတော်တော်များများက ငွေကြေးအဂတိနဲ့ သက်ဆိုင်နေတယ်လို့ ယူဆရတယ်။ ဘယ်သူ ဘယ်လောက်ပေးရတယ်။ ဘယ်လိုလုပ်သွားတယ် ဆိုတာတော့ ကျွန်တော်တို့မှာ ပြစရာမရှိဘူး။ ရာထူးတိုးပြောင်းရွှေ့နဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနမှာ မူဝါဒရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက အကြမ်းဖျင်း သိထားတယ်။ မူဝါဒကို ကျွန်တော်တို့ ဆရာ၊ ဆရာမတွေအနေနဲ့က တိတိကျကျ သိရှိခြင်းမရှိဘူး။ ဌာနကလည်း ဒီမူဝါဒကို တရားဝင်စာထွက်ပြီး အသိပေးတာမျိုး တော်တော် အားနည်းတယ်။ နောက်ပြီး အဲလိုမျိုး အသိပေးတယ်ဆိုရင်လည်း အောက်ခြေက ဆရာ၊ ဆရာမတွေ မသိရဘူး။ မြို့နယ်ပညာရေးမှူး ရုံးလောက်မှာတင်ပဲ ပျောက်သွားပြီး လျှို့ဝှက်ချက်ပုံစံ မျိုး ဖြစ်သွားတယ်ဗျ။ မူဝါဒမှာ လုပ်သက်တန်းစီဇယား နဲ့ သွားတယ်။ နောက်တစ်ခုက ရာထူး။ ဆရာလစ်လပ် ကျောင်းစာရင်းတွေကို ဖော်ပြရမယ်။ ကျောင်းတစ်ကျောင်းမှာ ကျွန်တော့်ရာထူးနဲ့ကိုက်ညီတဲ့ လစ်လပ်နေရာရှိတယ်။ အပြောင်းလျှောက်ထားသူတွေမှာလည်း ကျွန်တော်က လုပ်သက် အများဆုံးဖြစ်မယ်ဆိုရင် အဲဒီနေရာကို ကျွန်တော်ရမယ်။ ဒီလိုမဟုတ်ဘဲ ကျွန်တော်တို့ထက် လုပ်သက်နည်းတဲ့သူက ဒီနေရာကိုရမယ်ဆိုရင် အဲဒါမသမာမှုပဲ။ နောက်တစ်ချက်က မူဝါဒက အမျိုးမျိုးဖြစ်နေတယ်။ ပြည်နယ်တစ်ခု တိုင်းတစ်ခုမှာကိုပဲ မူဝါက မြို့နယ်ပညာရေးမှူးနဲ့ တာဝန်ရှိသူတွေရဲ့ ပါးစပ်ထဲမှာပဲ ရှိနေတယ်။ မူဝါဒအတိအကျက ဘာဆိုတာကို ကျွန်တော်တို့ဆရာ၊ ဆရာမတွေအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ သိရှိခြင်းလည်းမရှိဘူး။ ဌာနက ချပြခြင်းလည်း မရှိဘူး။ မူဝါဒဆိုတာ အပေါ်ပိုင်းက တာဝန်ရှိသူတွေကတော့ အတိအကျ သိပါလိမ့်မယ်။ ကျွန်တော်တို့က ရာထူးတိုးမှာ တစ်ခုခု မှားယွင်းနေလို့ပြန်ပြီး ကွန်ပလိန်းတက်တဲ့အခါကျရင်လည်း ဟိုညွှန်ကြားချက်ကြောင့် ဒီညွှန်ကြားချက်ကြောင့်ဆိုတာမျိုးနဲ့ ရေရာတဲ့ အကြောင်းပြချက်တွေနဲ့ ထိုးသိပ်ခံလိုက်ရတဲ့ အခြေအနေတွေ အများကြီးရှိတယ်။ ကျွန်တော်လည်း ပညာရေး လောကထဲ နေနေတာဆိုတော့ ကြားနေရတယ်။ အဲဒါတွေရဲ့ အဓိက အကြောင်းအရင်းက မူဝါဒအတိုင်း မလုပ်တဲ့ ပြဿနာကြောင့်ပေါ့။ အဂတိ လိုက်စားဖို့အတွက် မူဝါဒအတိုင်း မလုပ်တာပေါ့။ ဥပမာ- မူအရဆိုရင် ကျွန်တော်တို့ မအူပင်မြို့နယ်ရဲ့ ရာထူးတိုး ပြောင်းရွှေ့စခေါ်မယ်ဆိုရင် ဒီမြို့နယ်ထဲမှာ ရှိတဲ့ လုပ်သက် တန်းစီဇယားကို မြို့နယ်ပညာရေးမှူးရုံးမှာ ကြေညာပေးရမယ်။ လူဦးရေများလို့ စာရွက်နဲ့ ကပ်မထားနိုင်ဘူးဆိုရင်တောင် စာအုပ်နဲ့စားပွဲပေါ်မှာ အလွယ်တကူကြည့်နိုင်အောင်ထားပေးရမယ်။ နောက် ဆရာလစ်လပ်ကျောင်းစာရင်းပေါ့။ ဘယ်ကျောင်းမှာ ဘာရာထူးတွေလစ်လပ်နေပါတယ်ဆိုတာ ရာထူးတိုး၊ ပြောင်းလျှောက်တဲ့ဆရာ၊ ဆရာမတွေသိအောင် ပညာရေးမှူးရုံးမှာ ကြေညာပေးရမယ်။ ဒါပေမဲ့ မြန်မာတစ်ပြည်လုံးက ပညာရေးမှူးရုံးတွေမှာ ကြေညာတာ မတွေ့ရဘူး။ သိချင်လို့ သွားမေးရင်တောင် ပြခွင့်မရှိဘူး။ သိလို့မရဘူးဆိုတာမျိုး တုံ့ပြန်ခံရတယ်။ ကျွန်တော်တို့မြို့မှာတော့ ပညာရေးမှူးရုံးက တရားဝင် ကြေညာတာ မရှိပေမယ့် ကျွန်တော် PDF ဖိုင်နဲ့ သွားတောင်းလိုက်တယ်။ အဲဒါကို အွန်လိုင်းမှာ ဖြန့်ပေးလိုက်တယ်။ လစ်လပ်ကျောင်းစာရင်းက Screen Short လိုင်းပေါ်မှာ တင်လိုက်တဲ့အတွက် မြို့နယ် ပညာရေးမှူးနဲ့ တော်တော်လေး အချေအတင် စကားပြောရတဲ့ အခြေအနေဖြစ်သွားတယ်။ အဲဒါကိုမကြေညာဘဲ မြုပ်ကွက်လုပ်ထားမှ အဂတိ လိုက်စားမှုတွေ လုပ်လို့ရတာပေါ့။ ဒါကို ကြေညာပေးရမယ့်တာဝန်က မြို့နယ် ပညာရေးမှူးတိုင်းမှာရှိတယ်။ ဆရာ၊ ဆရာမတွေကို အဲဒီတန်းစီဇယားတွေ လစ်လပ်နေရာတွေကိုမသိဘဲ ရမ်းသမ်းပြီး ဖြည့်နေရတယ်။ ပညာရေးမှူးတွေနဲ့ ရင်းနှီးတဲ့သူတွေလောက်ပဲ သိခွင့်ရတာမျိုး။ ကျွန်တော်တို့အနေနဲ့ ပြောချင်တာက မူနဲ့မကိုက်ညီတဲ့ ရာထူးတိုးပြောင်းတွေ ထွက်ပေးနေတာဟာ မသမာမှုလို့ ပြောချင်တယ်။ ကျွန်တော်တို့အနေနဲ့က ဒါတွေကို မကျေနပ်ရင် ပြောရမယ်။ ပိုက်ဆံယူတယ်ဆိုတဲ့ အထောက်အထား မပြနိုင်ရင်တောင် ဒီလိုမူနဲ့မကိုက်ညီရင် လုပ်သက်နည်းသူကို ကျော်ခွပေးရင် တိုင်လို့ရပါတယ်။ ဖြစ်နေတာက အခြေခံဆရာ၊ ဆရာမတွေက အကြောက်တရားပေါ့။ မတိုင်ရဲကြဘူး။ ကျွန်တော့်လိုဆိုရင် ပြောမှာ။ ကျွန်တော်က ဒီနှစ်မှ ရာထူးတိုး၊ ပြောင်းရွှေ့ တင်ထားတာဖြစ်တဲ့အတွက် ကျွန်တော့်ထက် လုပ်သက်နည်းတဲ့သူတွေက ရသွားပြီး ကျွန်တော်မရရင် ပြောမှာ။ ကျန်တဲ့ဆရာ၊ ဆရာမတွေ အနေနဲ့လည်း အခွင့်အရေး ချိုးဖောက်ခံရရင် မတရားဘူးထင်ရင် တိုင်ကြပါ။ အားပေးပါတယ်။ တိုင်လို့မရဘူးဆိုတာ မရှိဘူး။ နောက်ဌာနကို ပြောချင်တာက ရာထူးတိုး၊ ပြောင်းလျှောက်လွှာခေါ်မယ်ဆိုရင် မြန်မာတစ်ပြည်လုံးက မြို့နယ်တိုင်းမှာ လုပ်သက်တန်းစီ ဇယားနဲ့ ရာထူး လစ်လပ်ကျောင်းစာရင်းကို ဖော်ပြပေးကြပါ။ နောက် မူနဲ့မကိုက်ညီလို့ ဖြစ်လာတဲ့ မသမာမှုကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်။ ကျွန်တော်တို့ဘက်က တိုင်လိုက်တဲ့အခါ အထက်လူကြီးတွေအနေနဲ့ အရေးယူတာ အရမ်း အားနည်းတယ်။ သူတို့ဘာသာ ပြေရာပြေကြောင်းပြောပြီး ကျေအေးလိုက်ကြတာ များတယ်။ အဲဒီခါ မသမာမှု လုပ်တဲ့သူတွေက တစ်နှစ်နဲ့တစ်နှစ် ပိုပိုများလာတယ်။ မူဝါဒအတိုင်း တိတိကျကျ မဆောင်ရွက်သူတွေကို ဌာနလုပ်ထုံးလုပ်နည်းအရ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ တောင်းဆိုချင်ပါတယ်။

“အလျဉ်းသင့်သလို ခန့်နေတဲ့ပုံစံဖြစ်နေတယ်”
ဦးကျော်စိုးလှိုင် (မူလတန်းပြ၊ အလက၊ လဟာရက်၊ သန်လျင်မြို့ )

ကျွန်တော်က ဒီနှစ်မူလတန်းကနေပြီး မူလတန်း ကျောင်းအုပ်ရာထူးတိုး လျှောက်ထားပါတယ်။ အဲဒါတွေက ခုထက်ထိ ကျောင်းအဆင့်တိုးကျောင်းတွေကြောင့် ခေတ္တ ဆိုင်းငံ့ထားတယ်လို့ ကြားပါတယ်။ကျွန်တော်တို့ဘက်မှာတော့ ရာထူးတိုးပြောင်းရွှေ့တွေနဲ့ပတ်သက်ပြီး အဂတိ လိုက်စားတာမျိုးကတော့ ဆရာ၊ ဆရာမတွေကြား တိုင်ကြားတာမျိုးတော့ မတွေ့သေးပါဘူး။ ကျွန်တော်တို့ တောင်ပိုင်းခရိုင်၊ သန်လျင်မှာ ဖြစ်နေတာက ရာထူးတိုး၊ ပြောင်းမူဝါဒ မခိုင်တာတွေ ဖြစ်နေပါတယ်။ မူဝါဒက လုပ်သက်တန်းစီ ရမှတ်ရှိတယ်။ နောက်တစ်ခုက ပညာအရည်အချင်းပေါ့။ ပညာရေး ဘွဲ့တွေ၊ ဘာဘွဲ့၊ ညာဘွဲ့ပေါ့။ အဲဒါမျိုး သတ်မှတ်ထားတာရှိတယ်။ နောက် လူလွတ်နဲ့ အိမ်ထောင်သည်ပေါ့။ အိမ်ထောင်သည်ချင်း ယှဉ်ရင်တောင် ကလေးဦးရေ ကြည့်တာ။ နောက် ဝေးတာ၊ နီးတာမျိုး သတ်မှတ်ထားတယ်။ အဲဒါတွေက ကြည့်တယ်လို့ ပြောပါတယ်။ အဓိက ပြောချင်တာက မူဝါဒပေါ့ တစ်မြို့နယ်နဲ့တစ်မြို့နယ် တူညီမှုမရှိဘူး။ ကျွန်တော်တို့မြို့နယ်မှာဆိုရင် မူအုပ်ကနေ လယ်အုပ်ကို ရာထူးပြောင်းတာကို လျှောက်တာ အတူတူချင်း သူကမရဘဲ သူ့ထက်လုပ်သက်နည်းတဲ့သူက ရသွားတယ်။ အဲလို ပြဿနာ တက်နေတယ်လို့ ကြားသိရပါတယ်။ ဒီပြဿနာက တန်းစီဇယားဆွဲရာမှာ အဓိက လုပ်သက်ကြည့်ပါတယ်။ ဒါပေမဲ့ အခုက လုပ်သက်ထက် မဟာဘွဲ့ရတဲ့သူတွေကို ဦးစားပေးနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပညာအရည်အချင်းက အဓိကလားဆိုပြီး သွားမေးပြန်တော့လည်း တချို့နေရာကျ မဟာဘွဲ့က နောက်ပြန်ရောက်နေတာ တွေ့ရပါတယ်။ အဓိက မူဝါဒမတည်ငြိမ်တဲ့ ပြဿနာပါ။ ကျွန်တော်တို့ ပြဿနာတစ်ခုဖြစ်တိုင်း တာဝန်ရှိသူတွေက အလျဉ်းသင့်သလို ဖြေရှင်းတာမျိုးတော့ ရှိပါတယ်။ ကျွန်တော်တို့က လုပ်သက်တစ်နှစ်ကို ဘယ်နှမှတ်ဆိုပြီး သတ်မှတ်တာမျိုး ဖြစ်သင့်တယ်။ ခုက အလျဉ်းသင့်သလို ခန့်နေတဲ့ပုံစံ ဖြစ်နေတယ်။ ကျွန်တော်တို့ ခုဖြစ်နေတာက ဖောင်ရောက်လာရင် သွားလျှောက်လိုက်ရတယ်။ ဘယ်လိုမူဝါဒရှိတယ်ဆိုတာ တိတိကျကျမသိရဘဲ လျှောက်နေရတယ်။ ဘယ်ကျောင်းမှာ ဘယ်ရာထူးတွေ လစ်လပ်တယ်ဆိုတာလည်း မသိရဘူး။ မှန်းပြီး လျှောက်ရသလို ဖြစ်နေတယ်။ ကျောင်းတွေမှာ ဆရာ လစ်လပ်စာရင်းကပ်တာကို တစ်ခါတစ်ရံ တွေ့ရပေမယ့် တန်းစီဇယားကပ်တာကို တရားဝင် ကပ်တာမျိုး မတွေ့ရဘူး။ ကျွန်တော်တို့ဆရာ၊ ဆရာမတွေအနေနဲ့ကလည်း ဒီတန်းစီဇယားကို မေးရကောင်းမှန်း မသိကြတာများတယ်။ တော်တော်များများကတော့ ဒီတန်းစီ ဇယားကို မသိကြဘဲ လျှောက်လိုက်ကြတာများတယ်။ ကျွန်တော်တို့အခြေခံမှာ ဒီတန်းစီဇယားတွေ၊ ရာထူး လစ်လပ်စာရင်းတွေ ဘယ်လို အသိပေးရမယ်ဆိုတာ ရှိပြီးသားပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီမူဝါဒတွေကို တိတိကျကျ ချမှတ်သင့်ပြီလို့ထင်ပါတယ်။ မူဝါဒက ရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မမြင်ရတော့ မရှိဘူးလို့ထင်နေတာပေါ့။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီမူဝါဒ ပွင့်ပွင့်လင်းလင်း ချပြပေးစေချင်ပါတယ်။

“ဆရာ၊ ဆရာမတွေက ရုံးနဲ့ပတ်သက်လာရင် ခုချိန်ထိ အကြောက်တရားတွေ ရှိနေတယ်”
ဦးညီညီနောင် (အလယ်တန်းပြ၊ အလက(ခွဲ) ရှင်မိန်၊ ညောင်ဦးမြို့နယ်)

ကျွန်တော်တို့ အလယ်တန်းပြတွေအနေနဲ့က ရာထူးတိုး၊ ပြောင်းတွေ ထွက်ပြီးပါပြီ။ ကျွန်တော်တို့ အလယ်တန်းပြတွေအနေနဲ့က လယ်ပြ (၁)၊ လယ်ပြ (၂)၊ လယ်ပြ (၃) ဆိုပြီး ရှိပါတယ်။ အဲဒီဟာက ကျွန်တော့်အမြင်ပြောရရင် လယ်ပြ (၃) ကိုပဲ နည်းနည်းပြောစရာ ရှိပါတယ်။ ကျွန်တော်တို့ သက်ဆိုင်ရာဌာနက ပြောတာကတော့ လယ်ပြ (၃) ဆိုတာ ရာထူးမတိုးဘူး။ လစာပဲ တိုးတယ်လို့ ပြောပါတယ်။ အဲဒီတော့ မူလတန်းပြကနေ လယ်ပြ (၃) ပညာရှင့်အဆင့် (၂) အဖြစ် ရာထူးတိုးပေးထားတယ်။ ဒီလယ်ပြ (၃) က အလယ်တန်းပြရာထူးတွေ လုပ်တဲ့အတိုင်း အလုပ် အကုန်လုပ်ရတယ်။ ဒါပေမဲ့ သူ့မှာ B.Ed (ပညာရေးဘွဲ့) လျှောက်ခွင့်မရှိဘူး။ အထက်တန်းပြရာထူးတိုးဖို့ပေါ့။ အဲဒါကို ဖြေဆိုခွင့် မရဘူး။ နောက် မူလတန်းကျောင်းအုပ် လျှောက်ခွင့်မရဘူး။ အဲဒီလိုတွေ လယ်ပြ (၁) (၂) (၃) ခွဲတဲ့ ညွှန်ကြားစာက ဘယ်ချိန်က ထုတ်ခဲ့တာလည်း ဆိုတာလည်း မသိရဘူး။ ခုချိန်ထိလည်း စုံစမ်းနေတာ။ မရခဲ့ဘူး။ အကြမ်းဖျင်းအနေနဲ့ ၁၉၉၉ ခုနှစ်လောက်က ထွက်တယ်လို့တော့ သိရတယ်။ ဒါပေမဲ့ အဲဒီအမိန့်စာက အခြေခံပညာကဏ္ဍမှာ ခုချိန်ထိ အသက်ဝင်နေတယ်။ သူတို့က အလုပ်ကျတော့ ပုံမှန် အလယ်တန်းပြတွေအတိုင်းပဲ လုပ်ရတယ်။ အခွင့်အရေးကျမှ ပိတ်ပင်ထားတယ်။ အခြေခံပညာ ဦးစီးဌာနအနေနဲ့ ဒီညွှန်ကြားချက်တွေကို ပယ်ဖျက်ပေးသင့်တယ်။ ကျွန်တော်တို့ မြို့နယ် ပညာရေးမှူးမှာဆိုရင် စာရေးက ဆယ်တန်း (ခ) နဲ့ အောင်ထားပေမယ့် စာရေး (၃) ရာထူးကို ရထားတယ်။ ဒါက အရပ်ခေါ်ဆိုရင် ဒုဦးစီးမှူး၊ လက်ထောက် ပညာရေးမှူးလစာနဲ့ အတူတူပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဆိုရင် အဲဒီလက်ထောက် ပညာရေးမှူး ရာထူးနေရာရဖို့ B.Ed စာမေးပွဲဖြေရတယ်။ ဒါပေမဲ့ စာရေး (၃) မှာကျတော့ ဆယ်တန်းမအောင်ဘဲ အဲဒီရာထူးပေးထားတယ်။ ဒါကြောင့် ဒီဘက်ခေတ်နဲ့ မကိုက်ညီတဲ့ ညွှန်ကြားချက်တွေကို ပယ်ဖျက်သင့်တယ်။ နောက်ပြီး ပညာရေးဝန်ကြီးပြောသွားတာရှိပါတယ်။ DTED တွေကို ဘွဲ့မရသေးလို့ အလယ်တန်းပြရာထူး တိုးပေးလို့မရဘူးဆိုပြီး ပြောခဲ့တယ်။ DTED ဆိုတာက ဆယ်တန်းမှတ်နဲ့ ပညာရေး ကောလိပ်တွေမှာ ၂ နှစ်တက်ခဲ့တဲ့သူတွေဖြစ်တယ်။ သူတို့တွေက ပညာရေးကို စိတ်ဝင်စားလို့ တက်ခဲ့ကြတယ်။ ပထမတစ်နှစ်ပြီးရင် မူလတန်းပြဆရာဖြစ် လက်မှတ်ရတယ်။ ဒုတိယတစ်နှစ်ပြီးရင် အလယ်တန်းပြ ဆရာဖြစ်လက်မှတ်ရတယ်။ အဲဒါကို ဘွဲ့မရလို့ အလယ်တန်းပြ မခန့်ဘူးဆိုတာက အဝေးသင်ဘွဲ့က ပညာရေးဌာနက တကယ်ပဲ အသုံးဝင်သလား။ အဝေးသင်ဘွဲ့ရဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ကျလို့ပဲဖြစ်ဖြစ် အဝေးသင် ဆက်မတက်နိုင်တဲ့သူတွေအတွက် ဘယ်လိုထောက်ပံ့မှုမျိုးပေးမလဲ။ ကျွန်တော်တို့ အမြင်အရတော့ ဒီဘက်ခေတ်မှာလည်း အဂတိလိုက်စားမှုက ကင်းစင်မယ်လို့ မထင်ဘူး။ ကျွန်တော်တို့ဆီမှာ M.Sc ဆင်းတွေရှိတယ်။ အဲဒါတွေကို ရာထူးတိုးပေးတာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ ညောင်ဦးမှာတော့ ရာထူးတိုးပေးတာ မရှိသေးပေမယ့် တခြားမြို့နယ်၊ တိုင်းတွေမှာ တိုးပေးနေတာ ရှိတယ်။ အဲဒါက အခြေခံပညာကဏ္ဍမှာ တိကျတဲ့မူဝါဒ မရှိလို့ဖြစ်တယ်။ ဒါကြောင့် အဂတိလိုက်စားမှုက နေရာတိုင်းမှာရှိမယ်လို့ ထင်တယ်။ မနှစ်က တန်းစီဇယား မမျှတမှုကြောင့် ကျွန်တော်ကူညီပြီး တိုင်ကြားခဲ့တာရှိတာမျိုး ရှိခဲ့တယ်။ ကျွန်တော်တို့နယ်မှာ ဆရာ၊ ဆရာမတွေက ရုံးနဲ့ပတ်သက်လာရင် ခုချိန်ထိ အကြောက်တရားတွေ ရှိနေတယ်။ အဓိကတော့ တန်းစီဇယားတွေကို ရာထူး၊ တိုးပြောင်းလျှောက်မယ့် ဆရာတွေအတွက် ချပြသင့်တယ်လို့ ထင်ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်။ ကျောင်းတွေမှာ ဘယ်ကျောင်းက နေရာလပ်ရှိတယ်ဆိုတာမျိုးလည်း တရားဝင် ထုတ်ပြသင့်တယ်။

မြဇာခြည်သင်း