News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ ( ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် )
22-Mar-2018
ကိုယ်ပိုင်ကျောင်းဆရာဖြစ်လက်မှတ် လျှောက်ထားရာတွင် တက္ကသိုလ်တက်စဉ်က ဘွဲ့ယူခဲ့သည့် ဘာသာရပ်နှင့် သင်ကြားမည့်ဘာသာရပ် ကိုက်ညီရမည်ဆိုသောကြောင့် ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် လျှောက်ထားသူများ အခက်အခဲ ရှိနေကြသည်။ ယင်းအခြေအနေများအပေါ် ကိုယ်ပိုင်ကျောင်းဆရာ လက်မှတ်လျှောက်ထားသူများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ဘာသာရပ်မကိုက်ညီလို့ သင်ကြားရေးဆရာဖြစ် လိုင်စင်လျှောက်တာ ငြင်းခံရတဲ့သူတွေ အများကြီးရှိတယ်”
ဦးကျော်မင်းခန့် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်) 

ခုအခြေအနေကတော့ ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်အသစ် လျှောက်တာတွေ လက်ခံနေတယ်။ အဟောင်းတွေတော့ ချမပေးသေးဘူး။ နောက်တစ်ခုက LLB (ဥပဒေပညာဘွဲ့)တို့၊ Psychology (စိတ်ပညာဘွဲ့)၊ ရှေးဟောင်းသုတေသနပညာတို့လို တက္ကသိုလ်ကျမှ သင်ရတဲ့ဘာသာရပ်တွေနဲ့ ဘွဲ့ရထားတဲ့ဆရာ၊ ဆရာမတွေက ကိုယ်ပိုင်ကျောင်းဆရာ လိုင်စင်လျှောက်ဖို့ကို ငြင်းပယ်ခြင်း ခံနေရတယ်။ အဲဒါလေးတွေကိုလည်း အစိုးရအနေ နဲ့ ပြန်ပြီးသုံးသပ်သင့်တယ်။ တကယ်လို့ သူတို့တက် ချင်တယ်ဆိုရင် သူတို့သင်တဲ့ ဘာသာရပ်နဲ့ပတ်သက် ပြီး ဒီပလိုမာ သို့မဟုတ် အစိုးရအသိအမှတ်ပြုထားတဲ့ သင်တန်းတစ်ခုခု ပြီးထားသင့်တယ်။ တချို့ကျလည်း LLB နဲ့ကျောင်းပြီးတယ်။ အင်္ဂလိပ်စာ ဘာသာရပ်မှာ ကျွမ်းကျင်တယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ဒီပလိုမာတွေလည်း ယူထားတယ်။ သို့ပေမယ့် ရထားတဲ့ဘွဲ့က တက္ကသိုလ်ကျမှ သင်လို့ရတဲ့ ဘာသာရပ်ဖြစ်နေတဲ့အတွက် ၉ တန်း၊ ၁၀ တန်း အခြေခံပညာအတန်းတွေမှာ သင်ဖို့အတွက် အခက်အခဲကြီးတွေ ဖြစ်နေကြတယ်။ အဲဒီအခက်အခဲတွေ ဆရာ၊ ဆရာမတွေအဖြစ်နဲ့ ဝင်ဖို့ အဟန့်အတားကြီးတွေ ဖြစ်နေတယ်။ ဒါကို ပညာရေး ဝန်ကြီးကလည်း သူ့ရဲ့ Policy(မူဝါဒ)ပဲဆိုပြီး ချမှတ်ထားတယ်။ ကိုယ်ပြီးတဲ့ဘာသာနဲ့ ကိုယ်သင်ရမယ်ဆိုတဲ့ သဘောပေါ့။ အဲဒါမျိုးချမှတ်ထားတဲ့အခါ မူဝါဒနဲ့ ဒီဘက်က မြေပြင်မှာဖြစ်နေတဲ့ကြားထဲမှာ ကွာဟမှုတွေ ဖြစ်နေတယ်။ ဒါကိုပြန်သုံးသပ်သင့်တယ်လို့ ထင်တယ်။ ဘယ်လိုမျိုး ဖြစ်စေချင်လဲဆိုရင် သူတို့ပြီးတဲ့ ဘာသာရပ်က ဥပဒေဘွဲ့ ဖြစ်နေသော်လည်းပဲ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ဒီပလိုမာလည်းရှိပြီးသား သင်ကြားမှု အတွေ့အကြုံကလည်း ငါးနှစ်လောက်ရှိမယ်ဆိုရင် အဲဒီဘာသာရပ်ကို လျှောက်ခွင့်ပြုသင့်တယ်လို့ သုံးသပ်တယ်။

ခုလောလောဆယ် ဘာသာရပ်မကိုက်ညီလို့ သင်ကြားရေးဆရာအဖြစ် လိုင်စင်လျှောက်တာ ငြင်းခံရတဲ့သူတွေ အများကြီးရှိတယ်။ ခန့်မှန်းခြေအရဆိုရင် ထောင်ကျော်လောက်ရှိတယ်။ နောက်ပြီး သင်တဲ့ဘာသာနဲ့လည်းကိုက်တယ်။ ဘွဲ့လည်းရပြီး သက်တမ်း ငါးနှစ်မပြည့်လို့ ငြင်းခံရတဲ့သူတွေလည်း ရှိတယ်။ အဲဒါကိုလည်း အစိုးရအနေနဲ့ ပြန်သုံးသပ်ဖို့ တိုက်တွန်းချင်တယ်။ အဲဒီလူအုပ်စုက အများဆုံး ဖြစ်နေတယ်။ အဲဒီလို သက်တမ်းမပြည့်သူတွေကို သင်တန်းပေးပြီး လိုင်စင်ထုတ်ပေးဖို့သင့်တယ်။ သင်တန်းပေးဖို့ အချိန်လည်းတန်နေပြီ။ လုပ်သက်ငါးနှစ်ရှိရင်လည်း ပေးလိုက်။ မရှိဘူးဆိုလည်း သင်တန်းပေးလိုက် အဲလိုမျိုးပါ။ နောက်တစ်ချက်က သက်ဆိုင်တဲ့ဘာသာမှာ ဒီပလိုမာတွေ ရထားပြီး သင်တန်းပြီးတယ်ဆိုရင် အဲဒါကိုလည်း ပေးသင့်တယ်။ ဘွဲ့က ဥပဒေဘွဲ့ရတယ်။ ဒါပေမဲ့ ပညာရေး တက္ကသိုလ်တစ်ခုခုမှာ သင်တန်းပြီးထားရင် လုပ်သက် ငါးနှစ်မတွက်ဘဲ လိုင်စင်ပေးသင့်တယ်။ အဲဒါလည်း အနည်းဆုံး ၃ နှစ်လောက်ပဲဖြစ်သင့်တယ်လို့ထင်တယ်။ ခုက အပြင်မှာ စာသင်နှစ် ဘယ်လောက်ပဲကြာကြာ ထည့်မတွက်ဘဲ မြို့နယ်ပညာရေးမှူးရုံးက ထုတ်ပေးတဲ့သင်ကြားခွင့်လိုင်စင် ငါးစောင်ပြည့်မှ ကိုယ်ပိုင်ကျောင်း ဆရာဖြစ်လိုင်စင် လျှောက်ထားခွင့်ရှိတယ်။ ဒီလိုင်စင်ကတော့ ဆရာတိုင်းမှာ ရှိသင့်တယ်လို့ သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ထားသလိုပဲ ကျူရှင်ဆရာတွေမှာလည်း အရင်တုန်းက ကိုယ့်ကိုယ်ပဲ ဆရာလို့ပြောထားတာ။ ခုက နိုင်ငံတော်က ဆရာအဖြစ် သတ်မှတ်တဲ့ကတ်တွေ ချပေးတာဖြစ်တဲ့အတွက်ကြောင့် ဆရာအရည်ချင်းတွေ ပြည့်စုံလို့ ဆရာအဖြစ် သတ်မှတ်လိုက်ပြီဆိုပြီး ကတ် ထုတ်ပေးတာ။ ဒါကြောင့် ဒီကတ်က သင်ကြားရေး ဆရာတိုင်းအတွက်လိုအပ်တယ်လို့ သုံးသပ်ပါတယ်။

“ကိုယ်ပိုင်ကျောင်းဆရာဖြစ် လက်မှတ်မရလို့ စာသင်ခွင့်မရှိဘူး ဆိုတာကတော့ ပညာရေးဝန်ကြီးဌာန အနေနဲ့ စဉ်းစားပေးစေချင်တယ်”
ဦးဟန်ထူးမင်း (အထက်တန်းအဆင့် အင်္ဂလိပ်စာ ဘာသာရပ်သင်ဆရာ)

ကျွန်တော် အခက်အခဲ ဘာတွေလဲဆိုရင် ပထမအချက်က ကျွန်တော်ဆိုရင် အင်္ဂလိပ်စာနဲ့ ဘွဲ့ရတာမဟုတ်ဘူး။ ဥပဒေနဲ့ဘွဲ့ရတယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ ဒီပလိုမာ ရထားတယ်။ ပြီးတဲ့အခါမှာ လုံလောက်တဲ့ စာသင်နှစ်တွေလည်း ရှိထားတယ်။ ဒါပေမဲ့ လျှောက်ရတာ အခက်အခဲရှိတယ်။ ကျွန်တော်က လက်ရှိကိုယ်ပိုင်ကျောင်း သုံးကျောင်း၊ လေးကျောင်းလောက်ကိုလိုက်ပြီး သင်ကြားပေးနေတယ်။ ကိုယ်ပိုင်ကျောင်းဆရာဖြစ် လက်မှတ်လျှောက်ထားတဲ့အခါမှာ ကသ (ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်း မှတ်ပုံတင်လက်မှတ်) ငါးရွက်ပြည့်မှ လျှောက်ထားလို့ရတယ်။ ကျွန်တော့်မှာက ကသ တစ်ရွက် နှစ်ရွက်ပဲရှိတော့ လျှောက်လို့မရဘူး။ ဒီကသလည်း နှစ်တိုင်းချ မပေးဘူး။ ကျူရှင်တစ်ခုမှာ ဘာသာရပ်သုံးခု လျှောက်လို့ရတယ်။ ၆ ဘာသာအပြည့် သင်လို့မရဘူး။ ၃ ဘာသာပဲ သင်လို့ရတယ်။ မြို့နယ် ပညာရေးမှူးရုံးတွေမှာ လျှောက်ရတယ်။ တစ်နှစ်ကို တစ်စောင်လျှောက်ခွင့်ရှိတယ်။ အဲဒီ ငါးစောင်ပြည့်မှ ကိုယ်ပိုင်ကျောင်းဆရာလျှောက်ရတယ်။

နောက်ပြီး ဒီကိုယ်ပိုင်ကျောင်းဆရာလက်မှတ်က လျှောက်လွှာထဲမှာ Institute အသက်မွေးဝမ်း ကျောင်းပညာတွေဖြစ်တဲ့ အင်ဂျင်နီယာတို့ ဥပဒေပိုင်းတို့ကျ သက်မွေးပညာဖြစ်ပေမယ့် တကယ်တမ်းကျ လျှောက်လို့မရဘူး။ အဲဒါတွေ အခက်အခဲရှိတယ်။ ကျူရှင်တွေမှာ များသောအားဖြင့် သင်နေတာ Green Card မရှိပေမယ့် ကျောင်းသားလက်ခံနိုင်မှုရှိရင် သင်လို့ရတယ်။ အဓိကက ကိုယ်ပိုင်ကျောင်းတွေမှာ ဝင်လို့ရှိရင် ဒီကတ်လိုတာပေါ့။ များသောအားဖြင့် ကိုယ်ပိုင်ကျူရှင်တွေက အခက်အခဲမရှိဘူး။ ကိုယ်ပိုင်ကျောင်းတွေမှာ ဆရာတွေအတွက် ဝင်ဖို့ အခက်အခဲရှိတယ်။ အဓိကက ဘာသာရပ်နဲ့ ဆက်စပ်တဲ့ တခြားသော ဒီပလိုမာတို့ လက်မှတ်တို့ရှိရင် လျှောက်ထားခွင့်ပြုရင် အဆင်ပြေမယ်။ နောက်ပြီး ဒီဘာသာရပ်မှာ တတ်ကျွမ်းမှု ဘယ်လောက်ရှိလဲဆိုတာ စာမေးပွဲစစ်ဆေးပြီး လျှောက်ထားခွင့်ပြုမယ်ဆိုရင် အဆင်ပြေမယ်လို့ထင်တယ်။ ကျောင်းတွေပြီးထား၊ လက်မှတ်တွေ ရထားပေမယ့် ကိုယ်ပိုင်ကျောင်းဆရာဖြစ်လက်မှတ် (Green Card) မရလို့ စာသင်ခွင့်မရှိဘူးဆိုတာ ပညာရေးဝန်ကြီးဌာနအနေနဲ့ စဉ်းစားပေးစေချင်တယ်။ ဝန်ကြီးဌာနအနေနဲ့ ဒီအပေါ်မှာ ရက်တိုသင်တန်းတွေ ပေးမလား၊ စာမေးပွဲ ဖြေခိုင်းမလားပေါ့။ ကျွန်တော့်ပတ်ဝန်းကျင်မှာလည်း လုပ်သက်တွေ များနေပေမယ့် ကတ်မရှိလို့ သင်ကြားခွင့်မရတဲ့ အခက်အခဲတွေရှိတယ်။ ကျွန်တော်ဆိုရင် အင်္ဂလိပ်စာဘွဲ့ မရထားပေမယ့် ဥပဒေမှာဆိုရင် နောက်ဆုံးနှစ်ထိ အင်္ဂလိပ်လိုသင်ရတယ်။ နောက်ကိုယ့်ဘာသာ လေ့လာတယ်။ သူနဲ့ဆက်စပ်တဲ့ ဒီပလိုမာရထားတော့ သင်ကြားရေးမှာ ဘာမှအခက်အခဲမရှိဘူး။ အဆင်ပြေတယ်။

“ဆရာ သုံးပုံတစ်ပုံလောက်က ဘွဲ့ နဲ့မကိုက်ညီဘဲ ကိုယ်နှစ်သက်တဲ့ဘာသာရပ်ကို သင်ကြားနေတာရှိတယ်”
ဦးအောင်စိုးမိုး (ပညာမြေ၊ အင်္ဂလိပ်စာ ဘာသာရပ်သင်တန်းကျောင်း တည်ထောင်သူ)

ကျွန်တော်က ကိုယ်ပိုင်သင်တန်း၊ ကိုယ်ပိုင်ကျောင်းဆရာပါ။ ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် ရထားပြီးပါပြီ။ ကိုယ်ပိုင်သင်တန်း ဆရာတွေကမှတစ်ဆင့် ကိုယ်ပိုင်ကျောင်းဆရာဖြစ်တာပေါ့။ ကိုယ်ပိုင် သင်တန်းဆရာလုပ်သက် ကသ ငါးစောင်ရှိမှ ကိုယ်ပိုင်ကျောင်းဆရာ လျှောက်ထားနိုင်တာပေါ့။ အရင်တုန်းကတော့ B.Ed တို့ရပြီးရင် ကိုယ်ပိုင်ကျောင်းဆရာ လျှောက်ထားနိုင်တယ်။ ခုကတော့ M.A၊ M.Sc၊ B.E၊ B.Com အဲဒါတွေလည်း လျှောက်ထားလို့ရတယ်။ ဒါပေမဲ့ B.A၊ B.Sc ဆရာ၊ ဆရာမတွေက လုပ်သက် အနှစ် ၂၀၊ ၁၅ နှစ်ရှိပေမယ့်လည်း ကသ (ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်း မှတ်ပုံတင်လက်မှတ်) ၅ စောင်မရှိတဲ့အတွက် ကိုယ်ပိုင်ကျောင်းဆရာ လျှောက်ထားလို့မရတဲ့ ပြဿနာတွေ အများကြီး ကြုံနေရတယ်။ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ဆရာတွေကျ မြို့နယ်ပညာရေးမှူးက ထုတ်ပေးတယ်။ ကိုယ်ပိုင်သင်တန်းအတွက်ဆိုရင် ကသ ၁ တင်ရတယ်။ ကိုယ်ပိုင် သင်တန်းဆရာအတွက်ဆိုရင် ကသ ၂ တင်ရတယ်။ အဲဒီကျရင် ကသ ၁၊ ကသ ၅ ပြန်ချပေးတယ်။ အဲဒီက ကသ-၅ ငါးစောင်ပြည့်မှ ကိုယ်ပိုင်ကျောင်းဆရာ လျှောက်ခွင့်ရှိတယ်။ ဒါကြောင့် ဆရာတွေအတွက် အများကြီး အခက်အခဲရှိတယ်။ တချို့ဆိုရင် ကိုယ်ပိုင်သင်တန်းတွေမှာ လိုက်သင်တယ်။ သင်တဲ့အခါမှာ သင်တန်းတွေကလည်း ဘာသာရပ်ဆရာ ၃ ဦးပဲ သင်ခွင့် ရှိတယ်။

ဒါကြောင့် ဒီကသက ကိုယ်ပိုင်သင်တန်း တည်ထောင်သူက တွဲခေါ်မှာ လျှောက်ခွင့်ရှိတယ်။ အဲဒီလိုတင်မရတော့ လုပ်သက် ၁၅ နှစ်ရှိလည်း ကသ-၅ ၅ စောင် မပြည့်ဘူး။ အဲဒါမျိုးတွေ ရှိတယ်။ ၂၀၁၁ ခုနှစ် ကိုယ်ပိုင်ကျောင်းဥပဒေအရဆိုရင် ကသ-၅ စောင် မရှိတဲ့ ဆရာ၊ ဆရာမတွေ လုပ်သက်မပြည့်တဲ့ဆရာ၊ ဆရာမတွေကို ကိုယ်ပိုင်ကျောင်းဆရာ လျှောက်ထားမယ်ဆိုရင် သင်တန်းပေးရမယ်ဆိုတဲ့ ဥပဒေပါတယ်။ အဲဒါကိုလည်း ၂၀၁၂ ခုနှစ်မှာ အထက (၂) စမ်းချောင်းမှာ တစ်ကြိမ်ပဲ လုပ်သွားတယ်။ ဆက်ပြီး လုပ်မပေးဘူး။ အဲဒါကိုဆက်ပြီး အကောင်အထည်ဖော်မယ် သင်တန်းပေးမယ်ဆိုရင် အဆင်ပြေမယ်လို့ထင်ပါတယ်။ နောက်ပြီး တချို့ကျလည်း ဘွဲ့ရတဲ့ဘာသာရပ်မဟုတ်ဘဲ စာသင်တယ်။ နောက် သင်ရင်းနဲ့ ကျောင်းသားက လက်ခံလာတယ်။ သူကလည်း တခြားဘာသာရပ်ကို ပိုပြီးနှစ်သက်တယ်။ အဲလိုပဲ ဘွဲ့ရမထားတဲ့ တခြားဘာသာရပ်ကိုသင်တယ်။ နောက်လိုင်စင်လျှောက်ထားတဲ့အခါ ဘွဲ့ရတဲ့ ဘာသာရပ်ပဲ ခွင့်ပြုမယ်ဆိုတော့ အဲဒါလည်း အခက်အခဲရှိတယ်။ အင်္ဂလိပ်စာ၊ မြန်မာစာလိုမျိုးဆိုရင် ဘာသာစကားဖြစ်တယ်။ ဒီဘာသာတွေက ဘွဲ့ရတာ၊ မရတာနဲ့ မဆိုင်ဘူး။ ကျွမ်းကျင်မှုနဲ့ဆိုင်တယ်။ အဲဒါမျိုးတွေကို ခွင့်ပြုပေးဖို့ လိုအပ်တယ်။ များသောအားဖြင့် ဆရာ သုံးပုံတစ်ပုံလောက်က ဘွဲ့နဲ့မကိုက်ညီဘဲ ကိုယ်နှစ်သက်တဲ့ဘာသာရပ်ကို သင်ကြားနေတာရှိတယ်။

မြဇာခြည်သင်း