News

အနိမ့်ဆုံးလုပ်ခရရန် တိုင်ကြားသည့် YRTA ဝန်ထမ်းများကို ငါးရက်ကြာသည့်အထိ ခေါ်ယူညှိနှိုင်းခြင်း မရှိ
ရန်ကုန်၊ ဇွန် ၎

YRTA ရုံးနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ ပြောင်းလဲသတ်မှတ်လိုက်သည့် အနိမ့်ဆုံးလုပ်ခလစာ ရရှိရေးနှင့်ပတ်သက်၍ YRTA ဝန်ထမ်း ၁၀၉ ဦးက တိုင်ကြားစာတင်ပြထားသော်လည်း ငါးရက်မြောက်သည်အထိ ခေါ်ယူညှိနှိုင်းဆွေးနွေးခြင်းမရှိကြောင်း အဆိုပါဝန်ထမ်းများထံမှ သိရသည်။

“မေလ ၃၁ ရက်ကတည်းက YRTA ရုံးချုပ်နဲ့ အလုပ်သမားဌာနကို တိုင်ကြားစာပို့ဖြစ်ခဲ့ပါတယ်။ စာကို လက်ခံထားပေးမယ့် ဒီနေ့အချိန်ထိ ဝန်ထမ်းတွေကို တွေ့ဆုံတာ၊ ခေါ်ယူညှိနှိုင်းတာ မလုပ်သေးပါဘူး”ဟု အခြေခံလုပ်ခလစာ မရရှိသည့် YRTA ဝန်ထမ်းဦးမောင်ဇော်က ဆိုသည်။

နိုင်ငံတော်အစိုးရက အခြေခံလုပ်ခလစာ ကျပ် ၄၈၀၀ ကို အလုပ်သမားများ ခံစားခွင့်အဖြစ် တရားဝင်အတည်ပြု သတ်မှတ်ခဲ့သော်လည်း YRTA ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၁၀၉ ဦးမှာ လက်ရှိအချိန်ထိ အဆိုပါ ခံစားခွင့်ကို ရရှိခြင်းမရှိသေးခြင်းကြောင့် ယခုကဲ့သို့ တိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်။

YRTA ဝန်ထမ်း ၁၀၀ ကျော် တိုင်ကြားစာနှင့်ပတ်သက်၍ ဥပဒေဘောင်အတွင်း ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါဝန်ထမ်းများကို အစိုးရဝန်ထမ်းလား၊ ပုဂ္ဂလိကဝန်ထမ်း လား လေ့လာစိစစ်နေကြောင်း တာမွေအလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက ပြောကြားသည်။

“ဒီကိစ္စကို သေချာစစ်ဆေးပြီး ညှိနှိုင်းဖြေရှင်းပေးမှာပါ။ နိုင်ငံဝန်ထမ်းဆိုရင် နိုင်ငံဝန်ထမ်းဥပဒေနဲ့ ဆောင်ရွက်ပေးမယ်။ ပုဂ္ဂလိကဆိုရင် အလုပ်သမားစစ်ဆေးရေး ဥပဒေနဲ့စစ်ဆေးပေးမယ်။ ဥပဒေနဲ့ အကျုံးဝင်တယ်ဆိုရင် ဆောင်ရွက်ပေးမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါဝန်ထမ်းများမှာ ယခင် မ.ထ.သ အုပ်ချုပ်မှုမှ YRTA အဖြစ် ပြောင်းလဲပြီး တစ်နှစ်ခွဲနီးပါးကာလအတွင်း ယခင်ပမာဏလစာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး YRTA လက်အောက်ရှိ ဂိတ်မှူးရာထူးမှာ ကျပ်တစ်သိန်းခွဲခန့် ရရှိကာ အဆိုပါရာထူးအောက်ပိုင်းရှိ ရာထူးအဆင့်ဆင့်မှာ ကျပ်ခုနစ်သောင်းကျော်မှ ကျပ်ကိုးသောင်းခုနစ်ထောင်အထိသာ ရရှိကြကြောင်း အဆိုပါ ဝန်ထမ်းများထံမှ သိရသည်။

လက်ရှိလစာနှုန်းထားမှာ မိသားစု၏ စားဝတ်နေရေးကို လုံလောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိခြင်းကြောင့် အခက်အခဲများရှိပြီး အများနှင့်တန်းတူ လုပ်ခလစာရရှိရန် လိုအပ်ကြောင်း YRTA ၌ ဂိတ်မှူး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယခုတိုင်ကြားစာနှင့် ပတ်သက်၍ YRTA ရုံးကို တရားဝင်တင်ပြစာ ရောက်ရှိလာခြင်း မရှိသေးကြောင်း၊ အလုပ်သမား ညွှန်ကြားမှုဌာနကလည်း ညှိနှိုင်းဖြေရှင်းပေးရန် အကြောင်းကြားခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဝန်ထမ်းတွေ တိုင်စာဆိုတာ ရောက်လာတာ မရှိသေးပါဘူး။ အလုပ်သမား ညွှန်ကြားမှုဌာနကဖြစ်ဖြစ် ညှိနှိုင်းစာ ရောက်လာပြီဆိုရင် ဝန်ထမ်းတွေနဲ့ ဆွေးနွေးဆောင်ရွက်မှုတွေ လုပ်မှာပါ။အခုနေတော့ ဘာမှမပြောနိုင်သေးဘူး”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း၏ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော မော်တော်ယာဉ်လိုင်းများကို နှစ်ပေါင်း ၂၀ ကျော် ထိန်းသိမ်းကြပ်မတ်ခဲ့သည့် မ.ထ.သ အဖွဲ့ကို ယခုအစိုးရသစ်လက်ထက် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက YRTA အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

J-06




FOLLOW US